bap-logo
Education

သာကေတမြို့နယ်က ကျောင်းအချို့ ကျောင်းသားတွေဆီက ငွေအတင်း အကြပ်တောင်းနေ

ZQx8M3dLQce9MraX8LAZP-image

လွန်ခဲ့သော တစ်နှစ် က

စက်တင်ဘာ ၂။

 

ရန်ကုန်မြို့ သာကေတမြို့နယ်ထဲက ကျောင်းအချို့ ခေါင်းစဥ်အမျိုးမျိုးတပ်ကာ ကျောင်းသားတွေဆီကနေ ငွေကြေး အတင်းအကြပ် တောင်းယူနေတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။

 

"ကန်တော့ပွဲကြေး တောင်းလိုက်၊ အချိန်ပိုကြေးတောင်းလိုက် ဆရာမ ပင်စင်ယူလို့ ဆိုတာတစ်မျိုး၊ အာဟာရ ကျွေးဖို့ပြီး ကောက်တာတစ်မျိုး၊ အမျိုးမျိုးအကြောင်းပြပြီး အလှူငွေတွေကောက်နေတာ" လို့ ကျောင်းသား မိဘတစ်ဦးက လက်ရှိကြုံတွေ့နေရတာကို ပြောပါတယ်။

 

ဆရာကန်တော့ပွဲအတွက်ဆိုပြီး ကျောင်းသားတစ်ယောက်ကို အနည်းဆုံး ၅,၀၀၀ ကျပ် ထည့်ရမယ်ဆိုပြီး တောင်းခံနေသလို အချို့ကျောင်းတွေမှာ တစ်ရက်ကို ၅၀၀ နှုန်းနဲ့ ကောက်ခံတာမျိုးတွေ ရှိနေပြီး မပေးနိုင်တဲ့ ကျောင်းသားတွေကို ဖိနှိပ်မှုတွေပြုလုပ်နေတယ်လို့ မိဘတွေက ဝေဖန်နေကြပါတယ်။

 

စစ်ကောင်စီလက်အောက်ခံကျောင်းတွေကို မတက်ရောက်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထား ပေမယ့် အ​ခြေခံပညာကျောင်းတွေမှာတော့ ကျောင်းတက်နေသူတွေ အရင်နှစ်တွေကထက် များပြားနေပါတယ်။

 

စီးပွားရေးကြပ်တည်းနေတဲ့ ဒီလိုအချိန်မှာ အခြေခံလူတန်းစားမိသားစုဝင်တွေရဲ့ သားသမီးတွေက ကျောင်းမှာ ကောက်တဲ့ ငွေကြေးတွေကို မပေးနိုင်ကြဘူးလို့ ကျောင်းသားမိဘအချို့က ပြောပါတယ်။

 

"ကျမတို့လို လူတန်းစားတွေက ကိုယ်ပိုင်ကျောင်းတွေမှာ မထားနိုင်ဘူး အဲတာကြောင့် ဒီစစ်အစိုးရ ကျောင်းမှာ ထားရတယ်၊ ထမင်းတစ်နပ်စားရဖို့တောင် အနိုင်နိုင် ဖြစ်နေရတဲ့ကြားထဲ ဒီလို ခေါင်းစဥ်အမျိူးမျိူးနဲ့ ကောက် နေတာ မသင့်တော်ပါဘူး ခုက အတင်းကောက်နေတော့တာပဲ" လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

 

ဒီလိုအတင်းအကြပ် ကောက်ခံနေတာကြောင့် ငွေကြေးမပေးနိုင်တဲ့ ကျောင်းသားတွေ ကျောင်းမတက်ချင်တော့တဲ့ အဖြစ်အပျက်မျိုးနဲ့ ကြုံတွေ့နေရတယ်လို့ မိဘတွေဆီက သိရပါတယ်။

 

သာကေတမြို့မှာနေထိုင်တဲ့ ကျောင်းဆရာမတစ်ဦးကတော့ ဆရာကန်တော့ပွဲတို့ ဝါဆိုသင်္ကန်းကပ်တာမျိုးတွေမှာ စေတနာရှိသလောက်သာ ထည့်ဝင်ဖို့ကျောင်းသားတွေကို အသိ​ပေးပြောကြားထားတယ်လို့ ပြောပါတယ်။

 

ဒီလိုငွေကြေးအတင်းကောက်ခံနေကြောင်းကို မိဘအချို့က မြို့နယ်အလိုက် မျှဝေတဲ့ပေ့ချ်တွေမှာ အသိပေးတာ မျိူးတွေ ရှိနေပြီး ဒီလိုကောက်ခံနေတာကို ဟုတ်မှန်တယ်ဆိုပြီး ဘယ်ကျောင်းတွေလဲ ကောက်နေပါတယ် ဆိုပြီး မိဘတွေက မှတ်ချက်ပြုရေးသားနေကြပါတယ်။

 

ပုံစာ- သာကေတမြို့နယ် ရပ်ကွက်တစ်ခုအားတွေ့ရစဉ်

 

Burma Associated Press

ကျောင်းသား
ရန်ကုန်
ဆရာ/ဆရာမ
စာသင်ကျောင်း

Share With
bap-logo