Education
မြန်မာ့ပညာရေးစနစ် အကျပ်အတည်းတွင်း ကျရောက်နေဟု ကမ္ဘာ့ဘဏ်ပြော
လွန်ခဲ့သော ၂ နှစ် က
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး အကြမ်းဖက်မှုများဖြစ်ပွားလာသည့်အတွက် ဝေးလံခေါင်ဖျားအရပ်မှ ထန်တလန်မြို့တွင် အထက်တန်းကျောင်းသားအများစုသည် စာပေသင်ကြားမှုကို စွန့်လွှတ်၍ စစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်မည့် အခြေခံလူတန်းစားတို့၏ ပုန်ကန်ခုခံမှုကို ထောက်ပံ့အားပေးရန် လက်နက်ကိုင်ခဲ့ကြသည်ဟု ကျောင်းဆရာ ဆလိုင်းက ပြောကြားသည်။
အရှေ့တောင်အာရှ၏ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတဝှမ်းတွင် အာဏာသိမ်းချိန်မှစ၍ ကျယ်ပြန့် လာသော ထိခိုက်ပျက်စီးမှုများကြောင့် အထက်တန်းအဆင့်တွင် ကျောင်းတက်နိုင်သည့် ကျောင်းသားအရေအတွက် ၂၂ % ခန့်သာ ကျောင်းအပ်ခဲ့ကြသည်ဟု ဂျူလိုင်လ အစီရင်ခံစာတစ်ခုတွင် ကမ္ဘာ့ဘဏ်က ဖော်ပြသည်။
ယေဘုယျအားဖြင့် မြန်မာ့ပညာရေးစနစ်သည် ၂၀၁၇ ခုနှစ်နှိင့် ၂၀၂၃ ခုနှစ်အကြား ကျောင်းအပ်နှံမှုနှုန်း ၁၂ % ကျော် ကျဆင်းသွားခြင်းဖြစ်ပြီး “ပညာရေး လက်လှမ်းမှီမှု အကျပ်အတည်း” ကို ကမ္ဘာ့ဘဏ်က အလေးပေးဖော်ပြခဲ့သည်။
စစ်အာဏာရှင်ပြောရေးဆိုခွင့်ရှိသူကို မှတ်ချက်ပေးရန် ဖုန်းဆက်သွယ်ရာ ဖြေဆိုခဲ့ခြင်းမရှိပါ။
ဒေသတွင်း အခြားနိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ရောဂါဘေးဖြစ်ပွားမှုအပြီး နောက်ပိုင်း ကျောင်းအပ်နှံမှု ပြန်လည် မြင့်တက်လာခဲ့သော်လည်း မြန်မာနိုင်ငံမိ ကလေးငယ်အမြောက်အများမှာမူ ကျောင်းသို့ ပြန်လည် မရောက်ရှိလာခဲ့ကြပါဟု အိမ်ထောင်စု ၈,၅၀၀ ကို ပြုလုပ်ခဲ့သော စစ်တမ်းပေါ်အခြေခံ၍ ကမ္ဘာ့ဘဏ်က ဖော်ပြသည်။
မြန်မာနိုင်ငံမှ ဆရာနှင့် ကျောင်းသားများသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်လှုပ်ရှားမှု၏ တပ်ဦးဖြစ်ခဲ့သည်မှာ ဆယ်စုနှစ် များစွာ ကြာမြင့်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံဒေသအချို့တွင် အချို့ကျောင်းသားများ စာသင်ခန်းတွင်းသို့ ပြန်လာနိုင်ခဲ့သော်လည်း အခက်အခဲများ ကြုံတွေ့ ကြရသကဲ့သို့ အကြမ်းဖက်မှုဖြစ်ပွားရာနေရာများမှ ဆရာနှင့် စေတနာ့ဝန်ထမ်းများမှာလည်း အခြေခံကျောင်းပညာ သင်ကြားရေး ခက်ခဲရုန်းကန်ခဲ့ကြရသည်။
“ကျွန်တော်တို့အတွက် အကြီးမားဆုံး အခက်အခဲက အရည်အသွေးပြည့်မီတဲ့ ဆရာတွေ မလုံလောက်တာပဲ။”ဟု လုံခြုံရေး အရ နာမည်အပြည့်အစုံ အသုံးမပြုရန် တောင်းဆိုသည့် ထန်တလန်မြို့မှ ကျောင်းဆရာဆလိုင်းက ပြောသည်။
ထန်တလန်တွင် ကျောင်းသားပေါင်း ၁၇,၀၀၀ ကို စေတနာ့ဝန်ထမ်းဆရာ ၁,၁၀၀ ခန့်က တပြိုင်နက် အပြိုင် စီမံရသည့် ပညာရေးဖြင့် ကူညီပေးနေကြပြီး ၎င်းတို့အနက် အချို့မှာ သစ်ဘောင်ဖြင့် ဆောက်လုပ်ပြီး ပလတ်စတစ်စများကို အမိုး ပြုလုပ်ကာ ကျောင်းတက်နေကြရသည်ဟု ၎င်းစနစ်ကို စီမံအုပ်ချုပ်နေသည့် ဆလိုင်းက ပြောကြားသည်။
စစ်ကိုင်းတိုင်းမှ ခင်ဦးမြို့၊ ကျေးရွာတစ်ခုတွင်လည်း ယခင်နိုင်ငံတော်မှ ခန့်အပ်ထားသည့် ကျောင်းဆရာများနှင့် စေတနာ့ဝန်ထမ်းများသည် ကလေးသူငယ် ၂၀၀ ခန့်ကို ၎င်းတို့ အခြေချနေထိုင်ကြရာတစ်လျှောက် ဆောက်လုပ်ထားသည့် ယာယီ စာသင်ခန်းများတွင် စာသင်ကြားပေးနေကြသည်။
၎င်းတို့ဒေသတွင် စစ်တပ်ရောက်ရှိနေသည့်အတွက် ၎င်းတို့အတွက် အကြီးမားဆုံးစိုးရိမ်ပူပန်မှုမှာ ကျောင်းသားများ၏ လုံခြုံရေးဖြစ်သည်ဟု အသက် ၄၉ နှစ်အရွယ်ရှိ ကျောင်းပူးတွဲတည်ထောင်သူတစ်ဦးက လုံခြုံရေးအရ အမည်မဖော်ပြဘဲ ပြောဆိုသည်။
“သူတို့(စစ်တပ်)က မကြာခဏ ရွာတွေကို အမြောက်တွေနဲ့ ပစ်တဲ့အတွက် တော်တော် ဒုက္ခရောက်ရ၊ စိုးရိမ်သောက ဖြစ်ရ ပါတယ်။” ဟု ၎င်းကျောင်းဆရာမှ ပြောကြားသည်။ “စစ်တပ် ဝင်လာပြီဆို ဖြစ်နိုင်တဲ့ ပြေးလမ်းကို စဉ်းစားထားရပါတယ်။”
ကိုးကား - Reuters
ပုံစာ - ဖေဖော်ဝါရီလ ၅ ရက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲမှ ရန်ကုန်ပညာရေးတက္ကသိုလ် ဆရာ၊ ဆရာမများ။ (Photo: Ruters/Stringer)
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၇ ရက် က