International
ဩစတြေးလျတွင် အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ ဆိုရှယ်မီဒီယာ အသုံးပြုခွင့် တားမြစ်သည့် ဥပဒေ အဆိုပြု
လွန်ခဲ့သော ၈ နာရီ က
ဩစတြေးလျအစိုးရက အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ လူမှုမီဒီယာ အသုံးပြုခြင်းမှ တားမြစ်ရန် ရည်ရွယ်ပြီး ချိုးဖောက်မှုများ ကျူးလွန်သည့် လူမှုမီဒီယာများကို ဩစတြေးလျဒေါ်လာ ၄၉.၅ သန်း (ဒေါ်လာ ၃၂ သန်း) ဒဏ်ရိုက်ရန် အဆိုပြုသည့် ဥပဒေတစ်ရပ်ကို လွှတ်တော်၌ ကြာသပတေးနေ့တွင် တင်သွင်းခဲ့သည်။
ဩစတြေးလျ၏ အသက် စစ်ဆေးအတည်ပြုမှု စနစ်တစ်ခုကို စမ်းသပ်သွားမည်ဖြစ်ပြီး ၎င်းစနစ်တွင် ဇီဝတိုင်းတာစစ်ဆေးမှုများ၊ အစိုးရ၏ စိစစ်ရေးစနစ်များ ပါဝင်နိုင်သည်။ ၎င်းစနစ်က လူမှုမီဒီယာအသုံးပြုမှုတွင် အသက်ကန့်သတ်ရေး တင်းကျပ်သတ်မှတ်ရန် ဖြစ်ပြီး ယနေ့အချိန်ထိ အခြားနိုင်ငံအားလုံး၏ ထိန်းချုပ်မှုထက် အတင်းကျပ်ဆုံး ထိန်းချုပ်မှု တစ်ခုဖြစ်သည်။
၎င်းအဆိုပြုမှုမှာ အခြားနိုင်ငံများအားလုံးထက် အသက်ကန့်သတ်မှု အမြင့်ဆုံးဖြစ်ကာ မိဘသဘောတူခွင့်ပြုချက်ဖြင့်ဖြစ်စေ၊ ယခင်ကတည်းက အသုံးပြုခဲ့သည့် အကောင့်များဖြစ်စေ ကင်းလွတ်ခွင့် ရမည်မဟုတ်ပေ။
“ဒါက ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု တစ်ခု ဖြစ်ုပါတယ်။ အချို့ကလေးတွေက နည်းလမ်းရှာဖွေ ကျော်လွှားကြမှာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ဒါဟာ လူမှုမီဒီယာကုမ္ပဏီတွေကို သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ရှင်းလင်းကောင်းမွန်စေဖို့ ကျွန်တော်တို့က အချက်ပေးသတင်းစကား ပေးပို့လိုက်တာ ဖြစ်ပါတယ်။” ဟု ဝန်ကြီးချုပ် Anthony Albanese က ထုတ်ပြန်ချက်တွင် ပြောသည်။
အတိုက်အခံ လစ်ဘရယ်ပါတီက ဥပဒေကို ထောက်ခံအားပေးရန် အစီအစဉ်ရှိသော်လည်း တစ်သီးပုဂ္ဂလများနှင့် Green ပါတီက အဆိုပြုဥပဒေနှင့် ပတ်သတ်၍ အသေးစိတ်အချက်အလက်များ တောင်းဆိုထားသည်။ ၎င်းဥပဒေက Meta ကုမ္ပဏီ၏ Instagram၊ Facebook၊ Bytedance ၏ TikTok၊ အီလွန်မက်စ၏ X နှင့် Snapchat တို့အပေးတွင် သက်ရောက်မှုများ ရှိမည်ဖြစ်သည်။
Albanese က ကလေးသူငယ်များအနေဖြင့် မက်ဆေ့ပို့ဆော့ဝဲများ၊ အွန်လိုင်းဂိမ်းများ၊ လူငယ် စိတ်ကျန်းမာရေး ကူညီထောက်ပံ့မှုပလက်ဖောင်း Headspace နှင့် Alphabet ကုမ္ပဏီ၏ Google Classroom နှင့် YouTube ကဲ့သို့သော ကျန်းမာရေး၊ ပညာရေးနှင့် ဆက်နွယ်သည့် ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရမည်ဟု ဆိုသည်။
Albanese ဦးဆောင်သည့် အစိုးရက လူမှုမီဒီယာ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကလေးသူငယ်များ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်း ကျန်းမာရေးကို အန္တရာယ်ဖြစ်စေကြောင်း၊ အထူးသဖြင့် မိန်းကလေးငယ်များကို ထိခိုက်စေသည့် ခန္ဓာကိုယ် ဖော်ပြမှုများ၊ ယောင်္ကျားလေးများကို ရည်ရွယ်သည့် အမျိုးသမီး မုန်းတီးစေသည့် အကြောင်းအရာများက အန္တရာယ်ရှိကြောင်း အကြောင်းပြခဲ့သည်။
နိုင်ငံအချို့တွင် ဥပဒေပြဌာန်း၍ ကလေးသူငယ်များ လူမှုမီဒီယာအသုံးပြုမှု ထိန်းချုပ်ရေး လုပ်ဆောင်ရန် ကတိပြုခဲ့ကြပြီးဖြစ်သော်လည်း ဩစတြေးလျ၏ မူဝါဒသည် အတင်းကျပ်ဆုံးဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ပြင်သစ်နိုင်ငံတွင် အသက် ၁၅ နှစ်အောက် ကလေးသူငယ်များ လူမှုမီဒီယာ အသုံးပြုခြင်းမှ တားမြစ်ရန် အဆိုပြုခဲ့သော်လည်း မိဘခွင့်ပြုချက်ရှိလျှင် အသုံးပြုနိုင်သည်။ အမေရိကန်နိုင်ငံတွင် နည်းပညာကုမ္ပဏီများက အသက် ၁၃ နှစ်အောက် ကလေးသူငယ်များ၏ အချက်အလက်များ ရယူရန်အတွက် မိဘခွင့်ပြုချက် ရယူရမည်ဟု ဆယ်စုနှစ်များစွာကပင် သတ်မှတ်ထားသည်။
“ဩစတြေးလျ လူငယ် အများအပြားအတွက် လူမှုမီဒီယာတွေက ထိခိုက်စေနိုင်ပါတယ်။ အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်အကြား ဩစတြေးလျ လူငယ်တွေရဲ့ သုံးပုံနှစ်ပုံနီးပါးဟာ ဆေးဝါး အလွဲသုံးစားပြုတာ၊ အဆုံးစီရင်တာ၊ မိမိကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်တာတွေ အပါအဝင် အလွန်အမင်း ထိခိုက်နစ်နာစေနိုင်တဲ့ အွန်လိုင်း အကြောင်းအရာတွေကို ကြည့်နေကြပါတယ်။” ဟု ဆက်သွယ်ရေးဝန်ကြီး Michelle Rowland က ကြာသပတေးနေ့တွင် လွှတ်တော်၌ ပြောသည်။
၎င်းဥပဒေက မိဘများနှင့် လူငယ်များကို တင်းကျပ်မှုများ မပြုလုပ်ဘဲ လူမှုမီဒီယာ ပလက်ဖောင်းများကိုသာ အသက် စိစစ်အတည်ပြုမှုများ ထည့်သွင်းလုပ်ဆောင်ထားစေရေး တင်းကျပ်မှုများ ပြုလုပ်သွားဖွယ်ရှိသည်။
“လူမှုမီဒီယာမှာ လူမှု တာဝန်ယူမှု ရှိပါတယ်။ ဒါကြောင့် ပလက်ဖောင်းတွေက အသုံးပြုသူ ဘေးကင်းစေရေး တာဝန်ခံမှုရှိဖို့ ကြီးမားတဲ့ အပြောင်းအလဲတွေ ကျွန်မတို့ လုပ်နေတာ ဖြစ်ပါတယ်။” ဟု Rowland က ပြောသည်။
(၁ ဒေါ်လာ = ၁.၅၃၅၆ ဩစတြေးလျ ဒေါ်လာ)
ကိုးကား - Reuters
ပုံစာ - ဇန်နဝါရီလ ၂၅ ရက် ၂၀၂၃ ခုနှစ် ဖန်သား အကွဲအစများအကြားမှ TikTok အမှတ်တံဆိပ် သရုပ်ဖော်ရိုက်ကူးမှု။ REUTERS/Dado Ruvic/Illustration/File Photo