bap-logo
Opinion

ကျောင်းတက်၊ မတက် ဝိရောဓိ

XAiRg-tyHNE1s6RR3bN8a-image

လွန်ခဲ့သော ၃ နှစ် က

အခြေခံပညာကျောင်းများကို ဇွန်လ ရက်တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။ ဤပညာသင်နှစ်သည် စစ်ကောင်စီလက်ထက် ဒုတိယမြောက် ပညာသင်နှစ်လည်းဖြစ်သည်။

 

အာဏာသိမ်းစစ်ကောင်စီလက်အောက်က ယခုပညာသင်နှစ်တွင်လည်း ကျောင်းထားရေး၊ မထားရေး ဝိရောဓိမှာ တကျော့ပြန်ဖြစ်လာသည်။

 

ပြီးခဲ့သည့်နှစ်များကိုပြန်ကြည့်လျှင် ကိုဗစ် ၁၉ ရောဂါကြောင့်ကျောင်းများပိတ်ထားရသည့်အပြင် စစ်တပ်က အာဏာသိမ်းယူလိုက်သဖြင့် ကျောင်းဖွင့်နိုင်ခြင်းမရှိဘဲ ပညာရေးခရီးကား တစ်နှစ်ကျော်ကြာ ရပ်တန့်နေခဲ့သည်။


ထိုသို့နှစ်နှစ်ဆက်တိုက် ကျောင်းမတက်ဘဲရှိနေသည့် ကလေးများနှင့် ကျောင်းတက်မပျက်၊ စာသင်မပျက် ရှိနေသော ကလေးများကြားထဲတွင် ပညာရေးကွာခြားမှုက ကြီးထွားလာနိုင်ပေသည်။

 

ကျောင်းတက်ခိုင်းရမည်လော။ မတက်ခိုင်းရမည်လော။ ကျောင်းသား မိဘများဝေခွဲမရဖြစ်နေသည်။ စဉ်းစားရ ကြပ်နေကြသည်။ ကလေးများပညာရေးမှာ မိဘများရွေးချယ်သည့်အတိုင်း ဖြစ်လာပေမည်။ ထို့ကြောင့် မိဘများက ဆုံးဖြတ်ချက်ချရတော့မည်။

 

မည်သည့်ဆုံးဖြတ်ချက်ကို ချမှတ်သည်ဖြစ်စဉ် အကျိုးအကြောင်းကို အခြေခံ၍ အကောင်းအဆိုးများ ဖြစ်လာပေ မည်။

 

ကျောင်းတက်ရေးစဉ်းစားချက်သည် ကလေးပညာရေးကို အဓိကထားသည့် စဉ်းစားချက်ဖြစ်သည်။ သို့သော် ထိုစိတ်ဆန္ဒချည်းနှင့်တော့ မရပေ။ အဓိကအားဖြင့် ဝင်ငွေနှင့်ဆိုင်သည်။ ဝင်ငွေနှင့်ချိန်၍ အစိုးရ ကျောင်းထား မည် သို့မဟုတ် ပုဂ္ဂလိကကျောင်းထားမည်ဟူ၍ ဖြစ်လာသည်။

 

အစိုးရကျောင်းထားရမလား။ အပြင် ပုဂ္ဂိလကကျောင်းထားရမလား။ စဉ်းစားနေတာ။ အခုရွေးချယ်နေ တုန်းရှိသေးတယ်။ အပြင်ကျောင်းဆိုတာက အင်တာနေရှင်နယ်ကျောင်းမဟုတ်ဘူး။ ကိုယ်ပိုင်ကျောင်း ဖြစ်ဖြစ် ထားမလား။ အစိုးရကျောင်းထားပြီးတော့ အခြားသင်တန်းတွေပဲ တက်ခိုင်းရမလား။ မရွေးရသေးဘူးဟု ကျောင်းသားမိဘ မလဲ့လဲ့က ဆိုသည်။  

 

ကျောင်းမတက်ရသည့် နှစ်နှစ်အတွင်း ကလေးကို အွန်လိုင်းအင်္ဂလိပ်စာသင်တန်းတက်ခိုင်းသည်။ ကျောင်း မတက် ရတာကြာသဖြင့် ကလေးက ကျောင်းမတက်ချင်ကြောင်းပြောနေပြီဟု ၎င်းက ဆိုသည်။


နောက်တစ်မျိုးကမူ မလဲ့လဲ့တို့ကတော့ ပုဂ္ဂလိကကျောင်းမထားနိုင်သည့် ကျောင်းသားမိဘများ ဖြစ်သည်။ ထိုသူတို့ကမူ အစိုးရကျောင်းသည်သာ သူတို့ကလေးများအတွက် အားထားရာဖြစ်လာသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်နေထိုင်သူ မမြင့်မြင့်ခိုင်တွင် ကလေးခုနစ်ယောက်ရှိပြီး ငါးယောက်မှာ ကျောင်းသားများဖြစ်သည်။ သို့သော်လည်း မိဘနှစ်ပါးတွင် အလုပ်အကိုင် အတည်တကျ မရှိပေ။


အကြီးဆုံးသားက Grade 10 တန်းမှစ၍ Grade 8 Grade 6 Grade 4 နှင့် KG တန်းများပါဝင်သည်။

 

ဒီနှစ်တော့ကျောင်းထားရမယ်။ ကိုယ်တွေတောင်ပညာမတတ်တာ ကလေးတွေပညာမတက်ရင် ပိုဆိုးမယ်။ နင်းပြားဖြစ်မယ်။ ကိုယ်တွေက တစ်နေ့လုပ်မှတစ်နေ့စားရတာ အွန်လိုင်းက သင်ပေးဖို့ ဆိုတာလည်း မလုပ်နိုင် ဘူး။ ဖုန်းတောင်ကောင်းကောင်းမရှိဘူး (touch ဖုန်းမရှိ)” ဟု  မမြင့်မြင့်ခိုင်က ဆိုသည်။

 

စစ်ကောင်စီဖွင့်သော အစိုးရကျောင်းတွင်သာ ကျောင်းထားမည်ဖြစ်ပြီး ကျောင်းလခမပေးရသော်လည်း ကျူရှင် လခ၊ စာအုပ်ဖိုးနှင့် အဝတ်အစားဖိုး ကုန်ကျစရိတ်များအတွက် ရှာဖွေရမည်ဖြစ်ကြောင်း မမြင့်မြင့်ခိုင်က ဆိုသည်။ ခေတ်ကျပ်ကြီးထဲက မမြင့်မြင့်ခိုင်၏ အပူမှာလည်း မသေးလှချေ။

 

ငွေကြေးမတတ်နိုင်သည့် မိဘများ၏ သဘောထားနှင့်ပတ်သက်မူ နွေဦးတော်လှန်ကာလ CDM မှာ ပါဝင်သည့် ပညာရေးဝန်ထမ်း ဆရာမတစ်ဦးက ယခုလိုရင်ဖွင့်သည်။

 

ဒီနှစ်တော့ ကျောင်းထားကြမှာပါ။ သာမန်လူတန်းစားက ဒီကျောင်းမှမထားရင် ဘယ်နား သွားထားရမလဲ။ သူများတွေ မထားဘူးဆိုတာ နိုင်ငံခြားကျောင်းကို ချိတ်ဆက်ပြီးတော့တက်တာ။ ဘယ်မှာလဲ ငါတို့လူတန်းစားက ဒီအခြေခံကျောင်းကလွဲပြီးတော့ ဘာများတတ်နိုင်မှာလဲ။ နည်းနည်းလေး ပိုက်ဆံရှိရင် ပုဂ္ဂလိကကျောင်း ထားကြမယ်ဟု CDM ကျောင်းဆရာမ တစ်ဦးကဆိုသည်။

 

အဆိုပါဆရာမသည် အစိုးကျောင်းကို CDM ပြုလုပ်ထားသူဖြစ်ပြီး ကျောင်းမတက်သော ကလေးများကို စာသင်ကြားပေးနေသူလည်း ဖြစ်သည်။

 

ကျောင်းသားမိဘများက ကလေးငယ်များကျောင်းကိစ္စနှင့်ပတ်သက်ပြီး တိုင်ပင်မှုများရှိကြောင်း၊ မိဘ အများစု စိတ်တွင် ကျောင်းမတက်ဘဲဆန့်ကျင်လိုသော်လည်း ကလေးငယ်များပညာရေးနိမ့်ကျမည်ကို စိုးရိမ်ကြကြောင်း အဆိုပါကျောင်းဆရာမက ပြန်လည်ပြောဆိုခြင်းဖြစ်သည်။

 

လက်လုပ်လက်စားမိသားစုဘဝ။ သူတို့ဘဝကိုတောင် မနည်းရပ်တည်နေရချိန်တွင် သားသမီးများ၏ ပညာရေး အတွက် အစိုးရကျောင်းထားရသည်ကို မည်သို့ရှုမြင်ကြမည်နည်းဆိုသည်မှာ စဉ်းစားဖွယ်ပင် ဖြစ်သည်။ ထိုသူများသည် အခြားနည်းများဖြင့်တော်လှန်ပြီး  ကျောင်းပညာရေးပိုင်းတွင်မူ လက်လျော့ ထားကြသူများပင်။

 

အခြေခံလူတန်းစားများအတွက်မူ ရွေးချယ်စရာကနည်းသည် သို့မဟုတ် ရွေးချယ်စရာကား မရှိပေ။ ဝင်ငွေလည်း ကောင်းသည်။ စာလည်းတတ်ချင်သည်ဆိုလျှင် ပုဂ္ဂလိကကျောင်းများတွင်ထားနိုင်သည်။


ဝင်ငွေကောင်းလျှင် ကျောင်းမတက်ခိုင်းလည်း ပြဿနာမရှိ။ ဤခေတ်တွင် ငွေရှိလျှင် ပညာရေးကို ဝယ်လို့ရသည်။


သင်လို့ရသည်။ ထို့ကြောင့် ငွေလည်းတတ်နိုင်၊ မည်သည့် အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း မထားချင်သူများက သူတို့သားသမီးများကို အိမ်တွင်းကျောင်းပညာသင်ကြားရေးစနစ် (Home Schooling) စနစ်ဖြင့် သင်ကြားကြမည်ဖြစ်သည်။

 

ထိုသို့ စစ်ကောင်စီကျောင်းပညာရေးကိုမယုံကြည်ကြသော တော်လှန်ရေးအားကောင်းသောမိဘများက အိမ်တွင် သင်ကြားရေးစနစ်ကိုဉီးတည်ကြသည်။ ကလေးငယ်များကို မည်သည့်ကျောင်းမှမထားဘဲ ပညာသင်ကြားရေး အဆက်မပြတ်စေရန် ဆရာမခေါ်ကာ စာသင်စေသည်။

 

ကျွန်မ သမီးလေးလည်း နှစ်နှစ်ရှိပြီကျောင်းအောက်တာ။ တကယ်ဆို ဒီနှစ် grade 3 တက်ရမှာ။ ဒါပေမယ့် ကျောင်းမထားသေးဘူး။ အိမ်မှာပဲဆရာနဲ့သင်မယ်။ စစ်ဘေးရှောင်ရင်း မိဘမဲ့နေရတဲ့ ကလေးတွေထက်စာရင် ကျွန်မတို့ဘဝကတော်ပါသေးတယ်ဟု ကျောင်းသားမိဘ မဌေးဌေးက ဆိုသည်။


ကျောင်းတက်ခြင်းသည် အတန်းတက်ရန်မဟုတ်၊ ပညာသင်ရန်သာအဓိကဟူသည့် အချက်ကို ဖမ်းဆုပ်မိသည့် မိဘများလည်းရှိသည်။ တစ်ဖက်တွင်လည်း ငွေကြေးတတ်နိုင်သမျှ အတန်းကျောင်း ပညာရေးကို ပြင်ပ ပညာရေးဖြင့် အံတုနိုင်ကြသူများဟု ဆိုနိုင်သေးသည်။

 

ကျွန်မသားလည်း နှစ်ရှိပါပြီ ကျောင်းမထားပါဘူး။ အိမ်မှာပဲ ကိုယ်တိုင်သင်ပေးပါတယ်။ ပညာရေး နောက်မကျစေချင်ရင် ကျောင်းထားမှမဟုတ်ပါဘူး။ စာတတ်အောင်သင်ထားရရင် နောက်မကျဘူးကျောင်းသားမိဘ မဝင်းလဲ့သွယ်က သူ့အမြင်ကို ဖွင့်ဟသည်။

 

နွေဦးတော်လှန်ရေး အရှိန်ရစပြုလာသည်နှင့်အမျှ အမျိုးသားညီညွတ်ရေးအစိုးရ အသိအမှတ်ပြုကျောင်း များလည်း ပေါ်ပေါက်လာသည်။ ထိုကျောင်းများ၏ ပညာသင်ကြားရေးမှာ အွန်လိုင်းအခြေပြု သင်ကြားရေး စနစ်ဖြစ်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရမှ ကြားကာလပညာရေးသင်ကြားရေးအတွက် အခြေခံပညာအဆင့် အတန်းစုံ၊ ဘာသာစုံ၊ သင်ရိုးကုန်သင်ကြားမှု ဗီဒိယိုပေါင်း ၃၃၀၀ ကျော်ကို Myanmar Basic Education Home အွန်လိုင်းစာမျက်နှာမှ တဆင့်ထုတ်ပြန်ထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြားကာလပညာရေးအဖြစ် အွန်လိုင်းသင်ကြားရေးစနစ် အကောင် အထည် ဖော်ထားသည်။ CDM ကျောင်းဆရာများ ဦးစီးဖွင့်လှစ်သောကျောင်းများ၊ Ayeyarwaddy Federal School  အပါအဝင် Free Online Education Institution Myanmar (FOEIM) ကျောင်းများရှိသည်။ FOEIM သည် အွန်လိုင်းနှင့်မြေပြင်သင်ကြားရေးစနစ်များ လုပ်ဆောင်နေသည်။ အခမဲ့သင်ကြားရေးစနစ်ဖြစ်သည်။

 

အဆိုပါကျောင်းတွင် အွန်လိုင်းအခြေပြုသင်ကြားနိုင်ရန် မိဘအကူအညီလိုသည်။ အင်တာနက်လိုသည်။ ဒေတာဖိုးတတ်နိုင်ရန်လိုသည်။ ဒေတာဖိုးမြင့်လာချိန်တွင် ကျောင်းတက်သူက နည်းသွားသည်။

 

အရင်တုန်းက ကျောင်းသား ၁၅ ယောက်ရှိတာ အခု ယောက်ပဲကျန်တော့တယ်။ ဒေတာဖိုး မလိုက်နိုင်တာနဲ့။ သူတို့လုပ်ခိုင်းတဲ့ လေ့ကျင့်ခန်းတွေ software ထဲ website ထဲဝင်ပြီး လုပ်ရတာတွေ ရှိတယ်။ တချို့ မိဘက မလုပ်တတ်ဘူး။ ပေးထားတဲ့လင့်ထဲဝင် ဒေါင်းလုပ်လုပ်ဖို့လည်း မလုပ်တတ် ကြဘူးဟု FOEIM ကျောင်းသား မိဘတစ်ဦးက ဆိုသည်။

 

လက်ရှိ FOEIM တွင် အထက်တန်းကျောင်းသား၊ ကျောင်းသူများကိုလက်ရှိသင်ရိုးညွှန်းတမ်း (National Curriculum )နှင့် GED (အောင်လက်မှတ်) ရရှိရန် နှစ်လမ်းမျိုးဖြင့်သင်ကြားမည်ဖြစ်သည်။ ထိုင်းနှင့် အမေရိကန် နိုင်ငံအခြေပြုပညာရေး အဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး GED အောင်လက်မှတ် ရရန်ကြိုးစားနေကြောင်း  ကျောင်းတာဝန်ရှိသူထံမှသိရသည်။

 

FOEIM ကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းကျောင်းသားသစ်များခေါ်ယူ နေပြီဖြစ်သည်။ ဇူလိုင်လကုန်တွင် အထက်တန်ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ် လက်ခံမည် ဖြစ်သည်။


အခမဲ့သင်ပေးတဲ့ကျောင်း FOEIM ရှိပေမယ့် ဒါတောင်မှ data ဈေးတွေ ဈေးပြောင်းလဲလိုက်လို့ ဈေးတမင်မြှင့်လိုက်တော့ အွန်လိုင်းလေ့လာရေးလုပ်မရတော့ဘူး။ အလကားသင်ပေးတဲ့ ကျောင်းရှိတာ တောင် ကလေးတွေလုံးဝလာမတက်နိုင်တော့ဘူး။ OFF line အနေနဲ့ သင်ခန်းစာတွေကို memory sticks နဲ့ပေးဖို့ ကြိုးပမ်းနေတာတွေ့တယ်ဟု မဇင်မာက ဆိုသည်။

 

ထို့အပြင် လွတ်မြောက်နယ်မြေဒေသတစ်ခုတွင် ဒေသခံပြည်သူများ ကိုယ်တိုင်လွတ်လပ်စွာ အုပ်ချုပ်သော FOEIM School အမည်ဖြင့် ကျောင်းဖွင့်ထားပြီး ကျောင်းသားဉီးရေ တစ်ရာကျော်ကို အခမဲ့ ပညာ သင်ကြားပေးနေကြာင်း FOEIM ထံမှသိရသည်။

 

အာဏာသိမ်းစစ်ကောင်စီကို အပြင်းအထန်တိုက်ခိုက်နေသော မြောင်တော်လှန်ရေးနယ်မြေ စစ်ကိုင်း တိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် ပညာရေးကွန်ရက်များဖွဲ့စည်းပြီး စာသင်ကျောင်း ၂၂ ကျောင်း ဖွင့်ထားကာ ကျောင်းသား ၃၅၀၀ ကျော် ပညာသင်ပေးနိုင်ကြောင်းသိရသည်။

 

တော်လှန်ရေးဘက်တော်သားများကို နိုင်သလောက်ဝန်ကို စွမ်းနိုင်သည့်အားဖြင့် အစွမ်းကုန် လုပ်နေသည်ကို အသိအမှတ်ပြုပါသည်။လိုအပ်ချက်များသည်လည်း ရှိနေသေးဆဲဖြစ်သည်။

 

အထူးသဖြင့် NUG အစိုးရလမ်းညွှန်ချက်များအတိုင်း လုပ်ရမည့် သင်ကြားရေးနစ်များကား မလွယ်သေး သလို လူတိုင်းနှင့်လျှင် သင့်လျော်သည့် အစီအစဉ်တော့မဟုတ်သေးချေ။ အင်တာနက်ကောင်းမွန်ပြီး အွန်လိုင်း သင်ကြားရေး နည်းစနစ်များဖြင့် အကျွမ်းဝင်သော၊ ဒေတာဖိုးတတ်နိုင်သော ကျောင်းသားမိဘများသာလျှင် တတ်နိုင်သေးသည့်နည်းများဖြစ်နေသေးသည်။

 

ခြားနားသော ရှုမြင်ချက်များသည်လည်းရှိနေပေသေးသည်။ ရေပေါ်ဆီလူတန်းစားများ၏ အတ္တအရောင်ခြယ် ပြယုဂ်များ တစ်ခုကို မဇင်မာက ယခုလိုရှင်းပြသည်။

 

“TTC တို့၊ ဒဂုံ ကျောင်းမှာ ကားနဲ့ကျောင်းတက်နေတာ ဒါတွေကိုအပြစ်တင်ရမယ်။ ဒီအခြေအနေဆိုတာ ပုဂ္ဂလိကကျောင်းရွေးချယ်ခွင့်ရှိရဲ့သားနဲ့၊ အင်တာနေရှင်နယ်ကျောင်း ထားနိုင်ရဲ့သားနဲ့၊ အင်တာနက်လည်းရ၊ ဖုန်း လက်ပ်တော့လည်း ရှိရဲ့သားနဲ့ အစိုးရကျောင်းတက်ဖို့ ရွေးချယ်ထားတာ အဲဒီလိုလူတွေကို အပြစ်တင်သင့်တယ်”  ဟု ကျောင်းသားမိဘ မဇင်မာက ဆိုသည်။

 

နေတဲ့နေရာကလည်း အင်တာနက်လည်းမရ မိဘတွေလည်းငွေရေးကြေးရေးမတက်နိုင် သို့သော် ပညာရေးကို လည်း မစွှန့်နိုင် စစ်ကောင်စီကျောင်းကလွဲလို့ ရွေးချယ်စရာမရှိဘူးဆိုတဲ့ လူတန်းစားကရှိပြီးသား။ အဲဒီလိုလူတွေ ကျောင်းတက်တဲ့အခါ လက်ညှိုးဝိုင်းထိုးလို့မရဘူးဟု  ၎င်းက ဆက်လက် ပြောကြားသည်။

  
ကလေးများအားလုံး လွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိရမည်ဆိုသည်မှာ လူ့အခွင့်အရေးပင်ဖြစ်သည်။ ကလေးသူငယ်အခွင့်အရေးလည်းဖြစ်ပေသည်။ စစ်ကောင်စီအာဏာသိမ်းသဖြင့် ပြည်သူတွေ ရွေးချယ်ရခက် သည့် အခြေအနေကို ကြုံနေကြရသည်။

 

ကျောင်းသားမိဘအများစုသည် စစ်ကောင်စီဖွင့်လှစ် သောအခြေခံကျောင်းတွင်လည်းမထားချင်၊ အလုပ်အကိုင် ရှားပါးမှု ငွေကြေးကျပ်တည်းများကြောင့် ပုဂ္ဂလိကကျောင်းတွင်လည်း ကျောင်းမထားနိုင်၊ အိမ်တွင်း သင်ကြားရေးအစီအစဉ်တွင်လည်း မပါဝင်နိုင်သူများအတွက် မည်သည့်နည်းလမ်းများ ရှိမည်နည်း။


ရွေးချယ်ရမည့်လမ်းကား ခက်ခဲသည်အမှန်။

 

စဉ်းစားချက်မှာ လူမှုဘဝတွင် ပြစ်တင်ဝေဖန်မှုလည်းကင်း၊ တော်လှန်ရေးကိုလည်း အားမလျော့စေသည့် နည်းဖြစ်သည့်အပြင် ကလေးကိုလည်း ပညာတတ်စေသည့် နည်းလမ်းမျိုးဖြစ်ရပေမည်။ ဤနည်းလမ်းသည် မိဘများလိုချင်နေသည့် နည်းလမ်းလည်းဖြစ်ပေသည်။

 

ထိုနည်းလမ်းကို တွေ့ရှိလျှင်မူ သားရွှေအိုးထမ်းသည့် ကိန်းပင်ဖြစ်သည်။ အထိအခိုက်နည်းနည်း၊ စွန့်စားရမှုနည်းနည်းနှင့် ကလေးများပညာရေးမနှောင့်နှေးလျှင် အားလုံးအတွက်ကောင်းသည့် Win-Win Situation ကိုဖော်ဆောင်နိုင်မည်ဖြစ်တော့သည်။

 

Burma Associated Press

 

အာဏာသိမ်း
ကလေးငယ်များ
စစ်ကောင်စီ
အာဏာဖီဆန်ရေးလှုပ်ရှားမှု
အမျိုးသားညီညွတ်ရေးအစိုးရ
မြန်မာ
ပညာရေး

Share With
bap-logo