Opinion
ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၈၂)
လွန်ခဲ့သော ၂ နှစ် က
ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ
ဒီရက်ပိုင်းမှာတော့ ကျနော် မောင်စက တစ်ယောက် ခရီးဝေးသွားဖို့မဆိုထားနဲ့ အိမ်ထဲက အိမ်ပြင်ကို မထွက်ရဲပါဘူး။
ဗိုလ်ချုပ်မှူးကြီးဥက္ကဌတို့ စောဘွဲ့ရူးတစ်သိုက်လာပေးတဲ့ ဘွဲ့တွေကို လာပေးနိုး လာပေးနိုးနဲ့ အိမ်မှာပဲ ထိုင်စောင့်နေ မိပါတယ်။
ဘေးအိမ်တွေကိုလည်း ‘လည်ပင်းမှာ ဆွဲပြားတွေနဲ့လူတွေ လမ်းထဲဝင်လာတာတွေ့မိသေးလား’ မကြာခဏ မေးနေရသလို ရပ်ကွက်ထဲ ရွက်တောင်ခေါင်းပေါင်း နို့ဆီခွက်လည်ပင်းဆွဲပြီး လျှောက်သွားနေတဲ့ အောင်ကျော်သိန်းလို လူတွေတွေ့ရင်တောင် မောင်စကဆီရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌရဲ့ သံတမန်ကြီးလား ထင်မှတ်လို့ တံခါးဖွင့်ဖွင့်နေမိပါတယ်။
တော်နေကြာ ဆုလာပေးတဲ့အချိန် အိမ်မှာမရှိလို့ နိုင်ငံတော်ပုန်ကန်မှုဖြစ်သွားပြီး နိုင်ငံတော်က ပေးတဲ့ ဆုမရဘဲ နိုင်ငံတော်က ကျွေးတဲ့ ဆန်ကြမ်းနဲ့ ပဲဟင်းအရည်ကြဲတွေ စားနေရပါဦးမှာလည်း စိုးရိမ်မိပါရဲ့။ ဒါ့အပြင် ဆုလာမယူရင် အိမ်ကို လေယာဉ်နဲ့လည်း ဗုံးကြဲခံရနိုင်တယ် မဟုတ်လား ခင်ဗျာ။
အကယ်၍ မောင်စက အိမ်နောက်ဖေးဘာညာရောက်နေခဲ့ရင်လည်း အဲဒီဆုတော်လာဘ်တော်ကြီးကို ခြံစည်းရိုးမှာ ချိတ်မထားခဲ့ပါနဲ့ခင်ဗျာ။ ပြောင်လက်လက် ဆွဲကြိုးကြီးကို ကျီးကန်းဖြစ်ဖြစ် ခွေးဖြစ်ဖြစ်ချီသွားမှ ဝဏ္ဏကျော်ထင် ကျီးကန်းကြီး၊ သီရိပျံချီ ဂုတ်ကျားကြီးဆိုပြီးဖြစ်ကုန်ရင် ခက်ရချည်ရဲ့။ ဗိုလ်ချုပ်မှူးကြီးဥက္ကဌလက်ထက် ပတ်စပို့ လုပ်ရတာထက် ပေါပေါများများရနေတဲ့ ဘွဲ့တွေကြောင့် တိရစ္ဆာန်တွေပါ သိက္ခာကျကုန်မှာ စိုးမိလို့ပါ။
သွားလေသူ ခေါင်းဆောင်ကြီးကတော့ “စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး” လို့ ဆိုထားပြီး တိတ်တိတ်လေး ကြွသွားလေရဲ့။ ဘွဲ့များပိုင်ရှင် ဗိုလ်ချုပ်မှူးကြီးဥက္ကဌကတော့ “စစ်တပ်ဆိုတာ ဒီနိုင်ငံမှာတင် ပိုင်ဆိုင်မှုတွေရှိ တာမဟုတ်ဘူး” လို့ ထပ်မံကြွေးကြော်ရင်း ထင်ပေါ်သွားလိုက်တာ မိုးပေါ်ထောင်မပစ်ခဲ့တဲ့ ခေါင်းဆောင်ကြီး တောင် သေရာက ထကြည့်လောက်ပါရဲ့။
ယပလက်ဘက်မှာ ဘွားကြူမသိအောင် ခိုးဝယ်ထားတဲ့ ပိုင်ဆိုင်မှုတွေ မိကုန်တာက မြန်မာပြည်မှာ ဘူဒိုဇာနဲ့ အထိုးခံရတဲ့ အိမ်တွေအတွက် အစားပြန်ပေးဖို့များ ဝယ်ထားလေသလားခင်ဗျာ။
ဘာပဲဖြစ်ဖြစ် ခိုးရာပါ ပစ္စည်းတွေကြောင့် တကမ္ဘာလုံးက အော့ကြောလန်ကြီးကတစ်ဖန် ကမ္ဘာ့သတင်းတွေ ထက်မှာ ပြူးတူးပြဲတဲနဲ့ ပြန်ပါလာတာက အမြတ်ပေါ့ခင်ဗျာ။ ရေဘူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌမဟုတ်ပါလား။ ဘယ်နည်းနည်းပါပါ ကမ္ဘာ့သတင်းမျက်နှာဖုံးမှာ ပါဖို့က လွယ်တာမှ မဟုတ်ပေပဲလေ။
မိုင်နိမ်းအစ် စီနီယာဂျန်နရယ် မင်းအောင်လှိုင်ပေါ့။
ဟောင်းအာယူ အိုင်ဟုပ်ယူအာ ဝဲလ် လို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက
Burma Associated Press
Top News
လွန်ခဲ့သော ၁၉ ရက် က
လွန်ခဲ့သော ၂၃ ရက် က
လွန်ခဲ့သော ၂၃ ရက် က