Opinion
ဇာမဏီတို့၏ သုည ဒသမ တစ် ရာခိုင်နှုန်း
လွန်ခဲ့သော ၂ နှစ် က
လက်ရှိချိန်၏ အခြေအနေကို ကြည့်မည်ဆိုပါက ပြည်သူတို့နှင့် စစ်ကောင်စီတို့၏ အနေအထားမှာ ၅၀-၅၀ မျှခြေ တွင်ရှိနေသည်ဟု သာမန်လူ အများစုမှာ ဆိုကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် စစ်ကောင်စီအနေနှင့် နောက်နှစ် ၈ လပိုင်းတွင် ရွေးကောက်ပွဲ ထွက်ပေါက်ကို ဖန်တီးနိုင်ရေးအတွက် အသည်းအသန်ကြိုးပမ်းလျက်ရှိသလို ပြည်သူတို့ ရွေးချယ်ထားသော NUG အစိုးရ ဖက်မှာလည်း အာဏာသိမ်းပြီး ၂ နှစ် ပြည့်တော့မည့်အချိန်ထိ သေချာတိကျသော မှတ်တိုင်တစ်ခုရယ်လို့ မပိုင်းဖြတ်နိုင်သေးသော အခြေအနေတွင်ပင် ရှိနေသေးသောကြောင့်ပင်ဖြစ်သည်။
သို့သော်လည်း အသေးစိတ်ကြည့်မည်ဆိုပါက ပြည်သူများသည် ၅၀ ဒသမ ၁ ရာခိုင်နှုန်းတွင် ရှိနေပြီး စစ်ကောင် စီ သည် ၄၉ ဒသမ ၉ ရာခိုင်နှုန်း ရှိနေသည်ဟု ဆိုနိုင်ပေသည်။
သုည ဒသမ တစ် ရာခိုင်နှုန်းသည် ကိန်းဂဏန်းအားဖြင့် သေးငယ်လှသောကြောင့် လှောင်ရယ်စရာရယ်ဟု ထင် မြင်နိုင်သည်။ ထို သုည ဒသမ တစ် ရာခိုင်နှုန်းကို သေချာခွဲခြား ကြည့်မည်ဆိုပါက ပြည်သူများ၏ မယိုင်လဲ သောဇွဲများနှင့် စိတ်အားထက်သန်မှုများ ထုံမွှန်းလျက် ရှိသည်ကို တွေ့ရပေလိမ့်မည် ဖြစ်သည်။
ထိုအရာများကို လက်တွေ့ဖြစ်နေသော အချက်သုံးချက်ဖြင့် အကြမ်းဖျဉ်း တွေးကြည့်နိုင်သည်။
ပထမဆုံးအနေနှင့် ဆိုရသော် ထို သုည ဒသမ တစ် ရာခိုင် နှုန်းတွင် စစ်ကောင်စီတို့၏ အကြောက်တရားများ ပါ ဝင်လျက်ရှိသည်။
အမြင်သာဆုံး ဥပမာ ပြရမည်ဆိုပါက တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အား ကောင်းသော နေရာများပင် မဆိုထားနှင့် ရန်ကုန်မြို့ပေါ်ရှိ ရဲစခန်းများ၊ အစိုးရရုံးများရှေ့တွင် ယာဉ်တား တန်းများ၊ သဲအိတ်ဘန်ကာများ ချထားရခြင်းက ယင်းတို့၏ ရှုံးနိမ့်မှုများကို သက်သေခံလျက်ရှိသည်။
ထို့အပြင် လက်ရှိချိန်တွင် တပ်တွင်းနှင့် နေပြည်တော်ရှိ ယင်းတို့စုဝေးရာ အရပ်တွင် နေထိုင်ကြသူများမှအပ ကျန်သူများမှာ တပ်မိသားစုရယ်လို့ မော်ကြွားပြောဆိုရဲသူ အလွန်ပင် နည်းပါးလျက်ရှိသည်။ ထိုအချက်က ယင်းတို့ မသိစိတ်များ၏ သိမ်ငယ်မှုများပင်ဖြစ်သည်။
ဒုတိယအချက်အနေနှင့် ဆိုရသော် ပြည်သူများသည် လက်ရှိတော်လှန်ရေးမှ အဖိုးမဖြတ်နိုင်သော သင်ခန်းစာများ စွာရရှိခဲ့ကြရသည်။
ဒုတိယအချက်အနေနှင့် ဆိုရသော် ပြည်သူများသည် လက်ရှိတော်လှန်ရေးမှ အဖိုးမဖြတ်နိုင်သော သင်ခန်းစာများ စွာရရှိခဲ့ကြရသည်။ ဥပမာဆိုရသော် စစ်တပ်၏ အမှောင်ဖက်အားလုံးကို ပြည်သူတစ်ရပ်လုံးမှ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီဖြစ်သည်။
ဤသို့အမြင်ရရှိရန်သည် စစ်တပ်သာ အာဏာမသိမ်းခဲ့ပါက နောက်အနှစ်တစ်ရာပင် ဖြစ်လာနိုင်လိမ့်မည် မဟုတ်သော ကိစ္စပင်ဖြစ်သည်။ ထို့အပြင် လူထုတစ်ရပ်လုံး၏ နိုင်ငံရေးအမြင်သည်လည်း တစ်ရှိန်ထိုး မြင့်တက်သွားခဲ့ရပြီး အများစုသော ပြည်သူလူထု၏ ဉာဏ်များမှာ အလင်းပွင့်ခဲ့ကြပြီဖြစ်သည်။
နောက်ဆုံးအချက်အနေနှင့်ဆိုရသော် စစ်ကောင်စီသည် လက်ရှိပြဿနာများ၏ လားရာဖြစ်နေခြင်းပင် ဖြစ်၏။ ယနေ့ အချိန်ထိ ယခုကဲ့သို့ အခြေအနေဆိုးများသို့ ရောက်ရှိသွားရန် ကနဦး တွန်းပို့ခဲ့သူမှာ စစ်ကောင်စီသာ ဖြစ်သည်။
စစ်ကောင်စီ၏ အာဏာသိမ်းမှု မရှိခဲ့ပါက ပြည်သူများ၏ ဆန္ဒပြမှုသည် ရှိလာမည်မဟုတ်ပေ။ ထို့အတူပင် စစ်ကောင်စီအနေဖြင့် လက်နက်မဲ့ ဆန္ဒပြပြည်သူများကို မတရားပစ်သတ်ခြင်းမရှိခဲ့ပါက ပြည်သူ့တော်လှန်ရေး ရယ်လို့ ဖြစ်လာနိုင်မည်မဟုတ်ပေ။
ဥပမာ ပြရသော် စစ်ကောင်စီသည် ပင်လယ်ပြင်ရှိ မီးတောင်တစ်ခုဖြစ်နေပြီး ယင်း၏ မဆင်မခြင် လုပ်ရပ်များကြောင့် ဆူနာမီနှင့်တူသော တော်လှန်လှိုင်းလုံးများမှာ အစဉ်အဆက်မပြတ် ရိုက်ခတ်လျက်ရှိနေမည် ဖြစ်သည်။
သို့သော်လည်း စစ်ကောင်စီအနေဖြင့် မိမိကိုယ်တိုင် မီးတောင်ဖြစ်နေသည်ဆိုသော အချက်ကို နားလည် နိုင်ရန်အလွန်ပင် ထုံထိုင်းလျက် သို့မဟုတ် မျက်ကွယ်ပြုလျက်ရှိသည်။ ထို့ကြောင့် တော်လှန်ရေးလှိုင်းလုံးများမှာ ဆက်လက်အားကောင်းရုံမျှ လွဲ၍ ကျန်အချက် မရှိနိုင်တော့ပြီဖြစ်သည်။
အချုပ်ဆိုရသော် သုည ဒသမ တစ် ဆိုသော ရာခိုင်နှုန်းတွင် ပြည်သူတို့၏ စိတ်အားထက်သန်မှု၊ အသိအမြင်ပွင့် လင်းမှု၊ စစ်ကောင်စီတို့၏ အကြောက်တရား၊ သိမ်ငယ်စိတ်၊ ပြဿနာများကို အဆုံးသတ်ရန် နည်းမှန်မရှာဖွေနိုင် ခြင်းတို့ ပေါင်းစပ်လျက်ရှိသည်။
ဤ သုည ဒသမ တစ် ရာခိုင်နှုန်းသည် မှော်ဆန်သောပြယုဂ်တစ်ခု၏ သင်္ကေတ ဖြစ်၏။ ထို့အပြင် မီးတောင် အတွင်း ဆင်းသက်ကာ ပြန်လည်ရှင်သန်လာသော ဇာမဏီတို့၏ စွမ်းအားလည်း ဖြစ်၏။
ဤ သုည ဒသမ တစ် သည်ကား ပြည်သူတို့၏ မူပိုင်ဖြစ်သော ဝှက်ဖဲတစ်ချပ်ဖြစ်သလို စစ်ကောင်စီ အနေဖြင့် မည်သည့်နည်းနှင့်မျှ လုယူနိုင်စွမ်းမရှိသော ရာခိုင်နှုန်းတစ်ခုလည်း ဖြစ်သည်။ တော်လှန်ရေးအောင်နိုင်ခြင်းသည် ထို သုည ဒသမ တစ် ရာခိုင်နှုန်း၏ အင်အားကို ကောင်းစွာ မျှယူအသုံးပြုနိုင်ခြင်းပင် ဖြစ်လိမ့်မည်။