bap-logo
International

မလေးရှား ခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့သည့်ဒုံးကျည်ကို ပူတင်ခွင့်ပြုခဲ့ခြင်း ဖြစ်နိုင်ခြေများဟု စုံစမ်းစစ်ဆေးသူများပြော

UnnaB_JfQ6wBu8u10vo-V-image

လွန်ခဲ့သော ၂ နှစ် က

သည်ဟိဂ် - ဖေဖော်ဝါရီ ၉         

 

၂၀၁၄ ခုနှစ်က ရုရှားလိုလားသော ခွဲထွက်ရေးသမားများက မလေးရှားလေကြောင်းခရီးစဉ် MH17ကို ပစ်ချ ရာတွင်အသုံးပြုသည့် ဒုံးကျည်ကို ရုရှားသမ္မတ ပူတင်ခွင့်ပြုခဲ့ကြောင်း ခိုင်မာသည့် လက္ခဏာ တွေ့ရှိထား ကြောင်း နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားလိုက်သည်။

 

သို့သော် နောက်ထပ်သံသယရှိသူများကို တရားစွဲဆိုရန် လုံလောက်သည့်အထောက်အထားမရှိဘဲ ရှစ်နှစ်ခွဲကြာ စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့ခဲ့ရကြောင်း နယ်သာလန်နိုင်ငံရှိ ပူးတွဲစုံစမ်းစစ်ဆေးရေး အဖွဲ့ (JIT) အဖွဲ့ဝင်များက ပြောကြားခဲ့သည်။ တစ်ဖက်တွင် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေဖြင့် သမ္မတပူတင် တွင် လွတ်ငြိမ်းခွင့်ရှိနေသည်။

 

MH17 လေကြောင်းခရီးစဉ် Boeing 777 သည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှ ကွာလာလမ်ပူသို့ အပြန် ၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် ယူကရိန်းအရှေ့ပိုင်းမှပစ်ခတ်လိုက်သည့် ရုရှားဒုံးကျည်ထိမှန်ပြီး လေယာဉ် ပေါ်ရှိ လူ ၂၉၈ ဦးစလုံး သေဆုံးခဲ့သည်။

 

ရုရှားက ၎င်းတို့အနေဖြင့် လေယာဉ်ပစ်ချမှုတွင် ပါဝင်ပတ်သက်မှုမရှိဟု ငြင်းဆိုကာ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးတွင်လည်း ပူးပေါင်းပါဝင်ရန် ငြင်းဆိုခဲ့သည်။

 

" Buk TELAR ဒုံးကျည်စနစ်ကို ရုရှားသမ္မတအဆင့်လောက်ကနေ ဆုံးဖြတ်ပြီး ခွင့်ပြုပေးခဲ့တယ်ဆိုတာ ခိုင်မာတဲ့လက္ခဏာတွေ တွေ့ရတယ်" ဟု ဒတ်ခ်ျအစိုးရရှေ့နေ ဒက်နာဗန်ဘက်ဇလီယာ ( Digna van Boetzelaer က) ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

 

MH17 သည် အမြင့်ပေ ၃၃,၀၀၀ တွင် ပျံသန်းနေခဲ့ပြီး Buk ဒုံးကျည်ဖြင့် ပစ်ချခံခဲ့  ရသည်ဆိုသည့်အချက်ကို စုံစမ်းစစ်ဆေးသူများက အတည်ပြုထားပြီးဖြစ်သည်။

 

အဆိုပါကြေညာချက်သည် ဒတ်ချ်တရားရုံးက လေယာဉ်ပစ်ချမှုနှင့်ပတ်သက်၍ ရုရှားနိုင်ငံသားနှစ်ဦးနှင့် ယူကရိန်းနိုင်ငံသားတစ်ဦးတို့ကို လွန်ခဲ့သည့်သုံးလခန့်က လူသတ်မှုဖြင့် အမိန့်ချမှတ်ပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် အမိန့်ချခံထားရသည့် ရုရှားနိုင်ငံသား အိုင်ဂိုဂါကင် ၊ ဆာဂျီ ဒူဘင်စကီးနှင့် ယူကရိန်း နိုင်ငံသား လီယိုနိုက် ခါချန်းကိုတို့မှာ တရားရုံးသို့လာရောက်ခဲ့ခြင်းမရှိသလို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ကျခံဖွယ်မရှိကြောင်း သိရသည်။

 

လေယာဉ်ပစ်ချခံရမှုအတွင်း သေဆုံးသူများအနက် ၁၉၆ ဦးမှာ နယ်သာလန်နိုင်ငံသားများဖြစ်ပြီး စုံစမ်းစစ်ဆေးမှု ဆိုင်းငံ့သည့် ဆုံးဖြတ်ချက်မှာ အလွန်စိတ်ပျက်ဖွယ်ကောင်းသော်လည်း အဆိုပါဖြစ်ရပ် ဆိုးအတွက် ရုရှား ဖက်ဒရေးရှင်းကို အရေးယူရန် ဆက်လက်တောင်းဆိုသွားမည်ဟု နယ်သာလန် အစိုးရက ပြောဆိုခဲ့သည်။

 

ထို့အပြင် နိုင်ငံသား ၃၈ ဦးအသက်ဆုံးရှုံးခဲ့ရသည့် သြစတြေးလျကလည်း အလားတူ ကတိပြုခဲ့သည်။

 

Source/ပုံ - CNA/Al Jazeera

Burma Associated Press

Russia
Vladimir Putin
malaysia
Netherlands

Share With
bap-logo