bap-logo
International

ရုရှားနှင့် နိုင်ငံရေးယုံကြည်မှု ပိုမိုခိုင်မာလာဟု တရုတ်ပြော

jH7RGOFBq6U5EqqO_FLgb-image

လွန်ခဲ့သော ၂ နှစ် က

ပေကျင်း - ဖေဖော်ဝါရီ ၄

 

တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Ma Zhaoxu သည် ယခုသတင်းပတ်အတွင်း ရုရှားသို့သွားရောက်၍ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့်တွေ့ဆုံပြီးနောက် နှစ်နိုင်ငံကြား နိုင်ငံရေးယုံကြည်မှု ပိုမိုခိုင်မာ လာကြောင်း ပြောကြားလိုက်သည်။

 

တရုတ်အစိုးရသည် ရုရှားနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကိုအကောင်အထည်ဖော်၍ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန်ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 

ပြီးခဲ့သည့်နှစ်ကလည်း တရုတ်သမ္မတ ရှီကျင်းပင်နှင့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့က အမေရိကန်၏ လွှမ်းမိုးမှုကို တန်ပြန်လုပ်ဆောင်ရန်ရည်ရွယ်၍ နှစ်နိုင်ငံကြား အကန့်အသတ်မဲ့ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ဖေဖော်ဝါရီ ၂-၃ ရက်နေ့ ခရီးစဉ်အတွင်း Ma သည် ရုရှားဒုနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဖြစ်သည့် Andrey Rudenko နှင့် Sergey Vershinin တို့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများအပြင် နိုင်ငံတကာနှင့် ဒေသတွင်း ဘုံစိုးရိမ်ဖွယ်ရာကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

တရုတ်၏ကြေညာချက်သည် တရုတ်သူလျှိုမီးပုံးပျံတစ်စင်း အမေရိကန်လေပိုင်နက်ကို ဖြတ်သန်း ပျံသန်းပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်လာပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ မီးပုံးပျံသည် အရပ်ဘက်မိုးလေဝသနှင့် အခြားသောသိပ္ပံသုတေသန ရည်ရွယ်ချက်ဖြင့် လွှတ်တင်ခြင်း ဖြစ်ကြောင်း တရုတ်ကပြောဆိုထားသော်လည်း ဝါရှင်တန်အစိုးရ ထောက်လှမ်းရေး မီးပုံးပျံဟု အခိုင်အမာ ပြောဆိုထားသည်။

 

ထောက်လှမ်းရေးမီးပုံးပျံနှင့်ပတ်သက်၍ ရုတ်ရုတ်သဲသဲဖြစ်လာပြီးနောက် ဝါရှင်တန်ဘက်က သောကြာနေ့တွင် စတင်ရန်စီစဉ်ထားသည့် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၏ တရုတ်နိုင်ငံခရီးစဉ်ကို ရွေ့ဆိုင်းခဲ့သည်။

 

တရုတ်နိုင်ဒုနိုင်ငံခြားရေးဝန်ကြီး မော်စကိုခရီးစဉ်ထုတ်ပြန်ချက်တွင် တစ်နှစ်နီးပြားကြာမြင့်နေပြီ ဖြစ်သည့် ရုရှားကျူးကျော်စစ်ပွဲအကြောင်း ဖော်ပြထားခြင်းမရှိသလို "ကျူးကျော်စစ်" ဟုလည်း ပေကျင်းအစိုးရက လက်ရှိအချိန်ထိ သုံးနှုန်းထားခြင်းမရှိသည်ကို တွေ့ရသည်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီး Minister Lavrov ကမူ တရုတ်နှင့် ရုရှားနှစ်နိုင်ငံကြား တရားဝင်စစ်အရေးအရ မဟာမိတ်ဖွဲ့ထားခြင်းမရှိသည့်တိုင် အကန့်အသတ်မဲ့ဆက်ဆံရေးထားရှိကြောင်း ကြာသပတေးနေ့က ပြောကြား ခဲ့သည်။

 

Source/ဓာတ်ပုံ – Reuters

Burma Associated Press

 

China
Russia
American
Xi Jinping
Vladimir Putin

Share With
bap-logo