bap-logo
Urban Life

ကုန်စိမ်း

pfrQ5Es6pGaWKMigBzIA2-image

လွန်ခဲ့သော ၈ နာရီ က

BAP၊ အောက်တိုဘာ ၁၇။

 

ကိုယ်ပိုင်စိုက်ခင်းတခုရှိရန် မလွယ်ကူသည့် မြို့ပြလူထု၏ နိစ္စဓူဝ အစားအသောက်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနေသည့် ဟင်းသီးဟင်းရွက် ဈေးသည်များနှင့် ဈေးများသည် ပြုပြင်ရန် လိုအပ်ချက်များစွာ ကြားတွင် အဆင်ပြေသလိုရှင်သန်နေကြသည်။

 

ရန်ကုန်မြို့ရှိ ဈေးများတွင် ဟင်းသီးဟင်းရွက်လက်လီရောင်းသည့် ဈေးသည်အများစုမှာ အမျိုးသမီး များဖြစ်သည်။ ထိုအမျိုးသမီးများသည် ၎င်းတို့အင်အားနှင့်မမျှတသည့် ဟင်းသီးဟင်းရွက် အထုပ်ကြီး အထုပ်ငယ်များကို ကိုယ်တိုင်သယ်ယူ စီမံကြပြီး အားနွဲ့သောအမျိုးသမီးဟူသည့် ခေါင်းစီးကို ဆန့်ကျင်ရုန်းကန်ကြသည်။

 

ထိုသို့ရုန်းကန်ကြသူများမှာ အသက်အရွယ်မျိုးစုံပါဝင်ကြသည်။

 

ဈေးသည် - တစ်

 

တနှစ်ခွဲအရွယ်သားငယ်ကို ချီပိုးထားသည့် ဒေါ်မာလာ စပယ်ယာပါသည့် ဘက်စ်ကားတစ်စီးစီး လာရန်စောင့်နေသည်။ ညနေ ၃ နာရီ ခွဲခါနီးဖြစ်ပြီး ဈေးထွက်ရန်လည်းရှိသေးသဖြင့် ခေါင်း တမျှော်မျှော်ဖြစ်နေသည်။

 

ထောက်ကြန့် သီရိရတနာဈေးမှ ပုလဲမြို့နယ်သို့ ဒေါ်မာလာ သွားရမည်။ ထိုဈေးရှေ့ရှိ ကားမှတ်တိုင်တွင် ရပ်သည့်ကားများအားလုံးနီးပါး ပုလဲမြို့နယ်မှ ပုလဲမှတ်တိုင်သို့ ရောက်ကြ သော်လည်း ဒေါ်မာလာ မစီးနိုင်၊ စပယ်ယာပါသည့် ပဲခူးကားကိုသာ မျှော်ရသည်။

 

ပြန်ရောင်းချရန် ၎င်းဝယ်လာသည့် ဟင်းသီးဟင်းရွက်ထုပ်ကို ကားပေါ်သို့ အတင်အချ ပြုလုပ်ပေးနိုင်ရန် စပယ်ယာ၏ အကူအညီလိုသောကြောင့်ပင်။

 

ပုလဲမှတ်တိုင်သို့ရောက်ပါက ဘေးတွဲကယ်ရီငှားလျှင် ဘေးတွဲသမားက ကူညီတင်ချပေးနိုင်သဖြင့် မှတ်တိုင်မှ အိမ်သို့အပိုင်းကို စိတ်ပူရန်မရှိပေ။ ကလေးတဖက်နှင့်မို့ ၎င်းက ထိုအထုပ်များကို အတင်အချမလုပ်နိုင်၊ အကူအဖော်လည်းမပါ။

 

ဒေါ်မာလာသည် အသက် ၈ နှစ်နှင့် ၁ နှစ်ခွဲ အရွယ် သားနှစ်ဦး၏ မိခင်ဖြစ်သည်။

 

၈ နှစ်အရွယ် မူလတန်းကျောင်းသားကလေးအတွက် ကျောင်းစရိတ်လိုအပ်ပြီး တနှစ်ခွဲအရွယ် ကလေး ကိုလည်း အချိန်ပြည့်ထိန်းကျောင်းရသည်။ အမျိုးသားဖြစ်သူက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်သဖြင့် မနက်အစောတွင် ထွက်သွားရပြီး ညမိုးချုပ်မှ ပြန်ရောက်သည်။

 

“သူ့အလုပ်ကရတာက အိမ်ငှားခနဲ့ဘာနဲ့ စားစရိတ်နဲ့တင်ကုန်နေပြီလေ” ဟု ကလေးချီထားသည့် ဒေါ်မာလာက ဆိုသည်။

 

သူ၏ သားကြီးက အစိုးရကျောင်းတွင် တက်သည်၊ ကျောင်းမှ ဟိုကြေးဒီကြေး မကြာခဏ တောင်းသည့်အပြင် ကလေးကိုယ်တိုင်ပင် ထိုကြေးများကို အချိန်မီမပေးပါက ကျောင်းမသွားချင် ကြောင်း ၎င်းက ဆိုသည်။

 

ဒေါ်မာလာက အိမ်အနီးအနီးဝန်းကျင်တွင် စက်ဘီးနှင့်လှည့်လည်ကာ ဟင်းသီးဟင်းရွက်များ ရောင်း သည်။ ချဥ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ပဲပြား စသည်တို့ပါဝင်သည်။ ဈေးရောင်းသည့် စက်ဘီးတွင် ကလေးကိုပါ တင်၍ လှည့်လည်ရောင်းချသည်။

 

ဟင်းသီးဟင်းရွက်များကို ပိုမိုဈေးသက်သာသည့် ထောက်ကြန့်မြို့နယ်ရှိ သီရိရတနာဈေးတွင် ဝယ်ယူ၍ ပဲပြားကဲ့သို့ အထားမခံသည့်အရာများကိုမူ ပုလဲမြို့နှင့်ပိုမိုနီးသည့် သင်္ဃန်းကျွန်းကြီး ဈေးတွင် ဝယ်ယူသည်ဟု သူ၏ အရောင်းဗျူဟာကို ရှင်းပြသည်။

 

“ယောက်ျားက လှည့်ပြီးမရောင်းစေချင်ဘူး” ဟု ဒေါ်မာလာက ဆိုသည်။

 

အိမ်ရှေ့တွင် ရောင်းပါက တနှစ်ခွဲကလေးမှာ လမ်းပေါ်သို့ မကြာခဏ ထွက်ပြေးတတ်သဖြင့် လိုက်ဖမ်းရသည်ဖြစ်သောကြောင့် ဈေးရောင်းရာတွင် အနှောက်အယှက်ဖြစ်ရပြီး မထူးဟု သူက ဆိုသည်။

 

ဈေးသည် - နှစ်

 

ဆံထုံးထုံးပြီး သနပ်ခါး ပါးကွက်ကျားနှင့် လေးဆယ်အရွယ်အမျိုးသမီးတဦးသည် နေ့လယ် အချိန် ချောင်ချိသည့် အဲကွန်းဘက်စ်ကားပေါ်တွင် ရုန်းပတီသီးများကို ငါးခုခန့် တစီးစည်းသည်။ ရုန်းပတီသီး ရာချီခန့်သည် ဘက်စ်ကားပေါ်တွင်ပင် စည်းပြီးဖြစ်သဖြင့် အလုပ်တခုပြီးသည်။

 

မူလတန်းကျောင်းသားအရွယ် သားသည်မိခင် ဒေါ်မြင့်မှာ  ရန်ကုန်ဘူတာကြီးတွင် နေထိုင်သည်။

 

ထိုအနီး ဆိပ်ကမ်းသာလမ်းအပေါ်ရှိ ဈေးတွင် ညနေပိုင်း၌ ဟင်းသီးဟင်းရွက် ရောင်းသည်။ သူ နေထိုင်သည့် ပန်းဆိုးတန်းသည် ရန်ကုန် မြို့လယ်ခေါင်ဖြစ်ပြီး မြို့စွန်နားရှိ ဒညင်းကုန်း ဟင်းသီး ဟင်းရွက် လက်ကားဈေးတွင်ဝယ်ပြီး ပြန်ရောင်းသည်။ ဒေါ်မြင့်သည် မနက်မှ ညအထိ အချိန်ဇယား ပြည့်နေသူတဦးဖြစ်သည်။

 

ရန်ကုန်ဘူတာကြီးမှ ပန်းဆိုးတန်းနားရှိ မူလတန်းကျောင်းထံ သားဖြစ်သူကို ၉ နာရီအမီ ပို့ပေးရသည်။

 

ကျောင်းပို့ပြီးသည်နှင့် ပန်းဆိုးတန်းမှတဆင့် သခင်မြပန်းခြံ၊ ထိုမှတဆင့် နံပါတ် (၄၀) ဘတ်စ်ကား ထပ်စီးကာ ဒညင်းကုန်းဈေးသို့ သွားသည်။ ပန်းဆိုးတန်းမှ ဒညင်းကုန်းဈေးရှေ့သို့ တိုက်ရိုက် ရောက်သည့် ကားမရှိသဖြင့် သခင်မြပန်းခြံ မှတဆင့် စီးရသည်ဟု သူကဆိုသည်။

 

ယင်းသို့ ဘက်စ်ကားနှစ်ဆင့် စီးခြင်းဖြင့် ဈေးရှေ့သို့ တိုက်ရိုက်ရောက်သည်၊ ကယ်ရီစီးရမည့်ငွေကြေး သို့မဟုတ် လမ်းထပ်လျှောက်ရမည့်အင်အားကို ချွေတာရာရောက်သည်။ ဈေးဝယ်ပြီးအပြန်တွင် ဒညင်းကုန်းဈေးရှေ့မှ နံပါတ် (၉၃) ဘက်စ်ကားစီးလျှင် ၎င်းဈေးရောင်းသည့် ဆိပ်ကမ်းသာဈေးရှေ့ရှိ ပန်းဆိုးတန်း မှတ်တိုင်သို့ရောက်သည်။

 

မနက် ၉ နာရီတွင် စထွက်ပြီး ၂ နာရီခွဲ ၃ နာရီ ဝန်းကျင်ခန့်တွင် ပန်းဆိုးတန်း ပြန်ရောက်သည်။

 

ဘက်စ်ကားပေါ်မှဆင်းသည်နှင့်ရောက်သော ဆိပ်ကမ်းသာဈေးတွင် ဟင်းသီးဟင်းရွက်အထုပ်ကို နေရာတွင်ချကာ ကလေးကို ကျောင်းကြိုရသည်၊ ကျောင်းမှပြန်ရောက်သည်နှင့် ဈေးရောင်းရတော့ သည်။ ည ၉ နာရီလောက်မှ အိမ်ပြန်သည်ဟု ၎င်းက ပြောသည်။

 

အိမ်ထောင်မကျမီကတည်းက ထိုဈေးတွင်ဈေးရောင်းလာသည်ဖြစ်ရာ ဆယ်စုနှစ်ဝန်းကျင်ရှိပြီ ဟုဆိုသည်။

 

“ကလေးက ဈေးထဲတင်ကြီးတာ”ဟု ဒေါ်မြင့်က ဆိုသည်။

 

“ဝိုင်းဝန်းပြီး လုပ်ပေးတာ” ဟု ကလေး ကျောင်းစရိတ်နှင့် ပတ်သက်ပြီး သူက ဆက်ပြောသည်။

 

ဒေါ်မြင့်က ဟင်းသီးဟင်းရွက်ထုပ်များကို ကိုယ့်ဘာသာ အတင်အချပြုသည်။ သယ်ယူသည်။ အနီးအနားရှိ လူအချို့က အကူအညီတောင်းစရာမလိုဘဲ ဝင်ရောက်ကူညီ တင်ချပေးလိုက်ကြသည် လည်းရှိသည်။ ဒေါ်မြင့်ကတော့ အကူအညီတောင်းလေ့မရှိဘဲ သူ့ဘာသူလုပ်ကိုင်တတ်သည်၊ ကူညီတင်မပေးလျှင်လည်း မငြင်းပေ။

 

ဈေးသည် - သုံး

 

အသက်ခြောက်ဆယ်ကျော်အရွယ် ဒေါ်သီသည် ကန်စွန်းရွက်နှင့် ချဥ်ပေါင်ရွက်အစည်း ဒါဇင် များစွာကို ခေါင်းပေါ်တင်ပြီး ဘက်စ်ကားစောင့်နေသည်။ ဟင်းသီးဟင်းရွက်ထုပ်အောက်ရှိ သူ၏ မျက်နှာတွင် ဆံစဖြူများကျနေပြီး အသက်ရှုသံပြင်းပြင်းကို အတိုင်းသားကြားနေရသည်။

 

အသက်ရှုသံပြင်းပြင်းဖြင့်ပင် ဘေးတွင်ချထားသည့် ဂေါ်ဖီအပါအဝင်အခြား ဟင်းသီးဟင်းရွက် ထုပ်ကို လက်နှင့်မီသည့် နေရာတွင်ချထားသည်။

 

ဘက်စ်ကားလာလျှင်အဆင်သင့်ဖြစ်စေရန် ခေါင်းပေါ်မှအထုပ်ကိုအောက်မချပေ။

 

“အောက်ချရင် ပြန်မမနိုင်တော့ဘူး” ဟု ဆိုသည်။

 

စကားပြောသည့်အခါတွင် သွားကျိုးတို့ကျဲတဲများပေါ်လာသည်။ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ် တံတားအနီးမှ ဟင်းသီးဟင်းရွက်လက်ကားဈေးတွင် တရက်ခြားတခါ ဆိုင်အတွက် ဈေးဝယ်လေ့ ရှိသည်။

 

ဒေါ်သီက သုဝဏ္ဏမြို့နယ်တွင်နေထိုင်ပြီး အိမ်တွင်ပင် ဟင်းသီးဟင်းရွက်များရောင်းသည်။ သို့သော် ရောင်းသမျှသည် စားလောက်ရုံသာဟုဆိုသည်။

 

“ဝါကုန်ရင် ရှုံးတာပဲ၊ ဂေါ်ရခွားသီး၊ ဂေါ်ဖီထုပ်တို့ကတော့ အထားခံတယ်” ဟု ပြောသည်။

 

ခေါင်းပေါ်နှင့်လက်ထဲမှ ဟင်းသီးဟင်းရွက်ထုပ်များကို ၎င်းတဦးထဲ အင်အားဖြင့် သယ်ယူခြင်းပေ။ ဘက်စ်ကားပေါ်မှအိမ်သို့ ဆိုက်ကားတခါစီးရန်လိုသေးသည်။

 

မြို့ပြလူထု၏ နေ့စဥ် စားစရာအာဟာရကိုဖြည့်ပေးနေသည့် ဟင်းသီးဟင်းရွက်ဈေးသည်များတွင် ယင်းသို့ အခက်အခဲမျးကြားရုန်းကန်နေကြရသော်လည်း ၎င်းတို့သက်သာချောင်ချိရေးအတွက် အရေးယူထည့်သွင်းစဥ်းစားမှုများမှာ တိတ်ဆိတ်နေဆဲပင်

 

 

ကုန်စိမ်း

 

ရန်ကုန်တွင် အင်းစိန်မြို့နယ်ရှိ ဒညင်းကုန်းဈေး၊ သီရိမင်္ဂလာဈေး၊ ထောက်ကြန့်မြို့နယ်ရှိ​သီရိရတနာ ဈေး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကားကြီးဂိတ်ဈေး စသည်တို့တွင် ဟင်းသီးဟင်းရွက်များ လက်ကား ဝယ်ယူနိုင်သည်။

 

ဒညင်းကုန်းဈေးသည် အကြီးဆုံးဖြစ်ပြီး ဟင်းသီးဟင်းရွက်ဒိုင်များရှိသည်သာမက အသီးအနှံ၊ ဘုရားပန်းများနှင့် ငါးခြောက်၊ ပုစွန်ခြောက်၊ ပဲအမျိုးမျိုး၊ ကွမ်းနှင့်ဆက်စပ်ပစ္စည်းများစသည့် အခြောက်အခြမ်းကုန်များကိုလည်း လက်ကားဝယ်ယူနိုင်သည်။

 

ဟင်းသီးဟင်းရွက် လက်ကားဆိုင်များတွင် အမျိုးသား ရောင်းချသူ အများအပြားကို တွေ့ရသော် လည်း ဟင်းသီးဟင်းရွက် လက်လီရောင်းချသူအများစုသည် အမျိုးသမီးများဖြစ်သည်။

 

ထိုဈေးသည်များသည် ယခင်က ရထားစီးကြသော်လည်း အာဏာသိမ်းပြီးနောက် မြို့ပတ်ရထား ခရီးစဥ်များမှာ ယခင်ကဲ့သို့ ခပ်စိပ်စိပ်မရှိတော့သည့်အပြင် ဘက်စ်ကားထက်ပင် ဈေးပိုကြီးလာသဖြင့် လိုင်းကားကိုသာ အားထားမှုပိုများလာသည်။

 

မြို့ပတ်ရထားများအတွက် စီးနင်းခမှာ ကျပ်လေးရာမှ ရှစ်ရာ အထိရှိသည်။

 

ဈေးသည်တို့သည် အများသုံးယာဥ်လိုင်းများကို အသုံးပြုမှုများကြပြီး ဆိုက်ကား၊ ဘေးတွဲ စသည်တို့ဖြင့် အများသုံး ယာ​ဥ်လိုင်းမှတ်တိုင်မှ လိုရာအရပ်သို့ထပ်မံ သွားရသေးသည်။ နေ့စဥ် ရောင်းချရမည့် ဟင်းသီးဟင်းရွက်ထုပ်များဖြင့် ထိုသို့အဆင့်ဆင့် ဖြတ်သန်းကြခြင်းဖြစ်သည်။

 

အချို့ဟင်းရွက်ဈေးသည်များသည် ပဲခူး ဘက်မှ ရန်ကုန်မြို့ ရှိ လူစည်ကားသည့် မြို့နယ် သို့မဟုတ် ဈေးများတွင် လာရောင်းကြသည်။ လက်ကားရောင်းသည့်ဈေးများတွင် လိုက်ထရပ်ကားများ နှင့် ကုန်ကားများကို အသုံးပြုကြသည်လည်းရှိသည်။

 

ရန်ကုန်မြို့တွင် စူပါမားကတ်များ၌ ရပ်ကွက်ဈေးများတွင်ကဲ့သို့ အသားနှင့်ဟင်းသီးဟင်းရွက်တို့ကို ဝယ်ယူရရှိနိုင်လာသည်။ ယခင်က ရပ်ကွက်ဈေးများတွင်သာရနိုင်သည့် အသားနှင့် ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တို့ကို စူပါမားကတ်များတွင် ဝယ်ယူသည့်ဦးရေ များလာသည်။

 

ရန်ကုန်မြို့ရှိ အသက်ခြောက်ဆယ်ကျော်အရွယ် အမျိုးသမီးသည် ရပ်ကွက်ဈေးထက် အိမ်နှင့် ပိုနီး သည့် စူပါမားကတ်တွင် ယခင်ထက် ပိုမိုဈေးဝယ်ဖြစ်လာသည်။ အသားစိမ်းနှင့် ကြက်သွန်နီ/ဖြူ စသည့် အခြောက်အခြမ်း တို့ဝယ်ယူရသည်မှာ ပိုမိုသက်သာသည်ဟု ၎င်းက ဆိုသည်။

 

ဟင်းသီးဟင်းရွက်ကိုမူ ဈေးပိုသက်သာသည့် ရပ်ကွက်ဈေးထဲတွင် ပိုဝယ်ဖြစ်သည်ဟု ဆိုသည်။

 

ရပ်ကွက်ဈေးသည်များသည် ဟင်းသီးဟင်းရွက်များ အေးခဲထားရန် မတတ်နိုင်ကြပေ။ ရပ်ကွက် ဈေးများတွင် အအေးနှင့်အပူချိန်ထိန်းနိုင်သည့် ပစ္စည်းများသုံးရန် လျှပ်စစ်မီးကဲ့သို့စွမ်းအင်ရရှိမှုလည်း အားနည်းကြသည်။

 

ရပ်ကွက်ဈေးသည်များသည် ၎င်းတို့ကုန်များ လတ်ဆတ်နေစေရန် နေ့စဥ်ရက်ဆက် စိုက်ခင်းထဲမှ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်များ ရရှိနိုင်ရန် ပြင်ဆင်ထားခြင်းဖြင့် ဈေးကွက်ယှဥ်ပြိုင် ကြသည်။ ဟင်းသီးဟင်းရွက်များ ရိရော်ဝါသွားပါက အရှုံးပေါ်ကြသည်။ ထို့ကြောင့် ပိုမိုဈေး သက်သာသည့် လက်ကားဈေးတွင် ဝယ်ယူကြသည်။

 

ဟင်းသီးဟင်းရွက်သည်များကို မှီခိုနေကြသည့် အခြားဈေးသည်လုပ်သားများလည်းရှိကြသည်။ ထောက်ကြန့်မြို့တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှင့် တရားရိပ်သာအများအပြားရှိသဖြင့် သီရိရတနာဈေး၌ ဆရာလေးများ ဈေးဝယ်လာကြသည်ကို မကြာခဏတွေ့ရတတ်သည်။ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်တံတားနားရှိလက်ကားဈေးတွင်မူ ဆွမ်းဆန်စိမ်းအလှုုခံသည့် ကပ္ပိယ များပါဝင်သည့် သံဃာတော်တန်းအား တခါတရံတွေ့ရတတ်သည်။

 

ယင်းဈေး၌ ဈေးသည်အချို့သည် ဆွမ်းဆန်စိမ်းလာလျှင် နီးစပ်ရာမှလက်တဆုပ်လှုုတတ်ကြပြီး ဆရာလေးများဈေးလာဝယ်လျှင်လည်း ငွေကြေးယူရောင်းကြသည်။ လက်ကားဈေးသည်များ၌ အချို့ကုန်အမည်များဝယ်ယူရာတွင် ရွေးခွင့်မရှိပေ။ အချို့ဈေးသည်များကမူ ဝယ်သူက အလှုုလုပ်ရန် ဟုဆိုကာ ရွေးနေပါကလည်း ဝယ်သူရွေးယူသည့်အတိုင်း ရွေးခွင့်ပေးလိုက်တတ်ကြသည်။ ၎င်းတို့ အတွက် အထူးတလည်ဒါနမဟုတ်ပေ။

 

ဘေးတွဲဆိုင်ကယ်သမားများ၊ ဟင်းရွက်ဈေးသည်များကို အဆာပြေမုန့်၊ ခေါက်ဆွဲ ရောင်းသည့်သူများ၊ အထမ်းသမားများ စသည်တို့သည် ထိုဟင်းသီးဟင်းရွက် လက်လီလက်ကားဈေးသည်များကို အပြန်အလှန်မှီခိုကြသည်။

 

မြန်မာလက်လီလက်ကားဈေးများတွင် အများအားဖြင့် လမ်းအခြေအနေမကောင်းကြ။ ထို့ကြောင့် ဟင်းရွက်ထုပ်များသယ်ရန် တွန်းလှည်းများကို အသုံးပြုနိုင်မှုရှားပါးသည်။ လူအားဖြင့်သာ သယ်ယူ ကြရသည်။ ဒညင်းကုန်းဈေးကြီးတွင်သာ မိုးလုံလေလုံသည့်အပြင် ဘိလပ်မြေကိုင်ထားသည့် အခင်းများကြောင့် သုံးဘီးနှင့်ကားများပင် အထဲဝင်ကာ ကုန်အတင်အချပြုနိုင်သည်။

 

သင်္ဃန်းကျွန်းငမိုးရိပ်တံတားအနီးရှိဈေးတွင် လမ်းမှာအုတ်ခဲများ စီထားသည်၊ ဆာလာအိတ်ထုပ်များ စီထားသည်လည်းရှိသည်၊ သို့သော် မိုးရွာပါကဗွက်ထသည်။ ဈေးသည်များက ဗွက်ထသည့်နေရာတွင် ဟင်းသီးဟင်းရွက်စွန့်ပစ်ပစ္စည်းခွံ့များကို ခြေနင်းနိုင်စေရန်ခင်းထားသည်။​ အုတ်ခဲများ ထပ်မံ ခင်းသည်၊ အမိုးမလုံသဖြင့် မိုးယိုသည့်နေရာများမှလည်း ရေဝင်ပြန်သည်။ ဈေးဝယ်သည့်သူနှင့် ရောင်းချသူ အားလုံးအတွက် အဆင်မပြေပေ။

 

လက်ကားဈေးများသည် မနက်လေးနာရီဝန်းကျင်ခန့်တွင် စတင်လှုပ်ရှားကြသည်ဖြစ်သဖြင့် နေ့လယ်ခင်းတွင် ဟင်းရွက်လက်ကားဈေးသည်များအိပ်စက်အနားယူကြလေ့ရှိသည်။ ဈေးများတွင် ယင်းအတွက် အဆင်ပြေသည့်နေရာမရှိပေ၊ သို့သော် နေ့လည်အိပ်စက်အနားယူရမည့်အချိန်တွင် မဖြစ်မနေ အဆင်ပြေသလိုအိပ်စက်အနားယူကြသည်။​ ဈေးသည်အမျိုးသမီး အပျိုအရွယ်ဖြစ်ပါက အိပ်စက်ရန်ပိုမိုခက်ခဲနိုင်သည့် အနေအထားပင်။​

 

မြို့ပြလူထု၏ နေ့စဥ် စားစရာအာဟာရကိုဖြည့်ပေးနေသည့် ဟင်းသီးဟင်းရွက်ဈေးသည်များတွင် ယင်းသို့ အခက်အခဲမျးကြားရုန်းကန်နေကြရသော်လည်း ၎င်းတို့သက်သာချောင်ချိရေးအတွက် အရေးယူထည့်သွင်းစဥ်းစားမှုများမှာ တိတ်ဆိတ်နေဆဲပင်။

 

Burma Associated Press

 

Yangon

Share With
bap-logo