Urban Life
Article 33 ဟာ အနာနဲ့ဆေး တည့်ရဲ့လား
လွန်ခဲ့သော ၄ နာရီ က
BAP၊ အောက်တိုဘာ ၂၂။
နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO အနေဖြင့် မြန်မာ့အလုပ်သမားအရေးနှင့်ပတ်သက်၍ အရေးယူ ပိတ်ဆို့ခြင်းထက် ပိုမိုထိရောက်သည့် အစီအစဥ်များ ဖော်ဆောင်သင့်ကြောင်း မြေပြင်ရှိ အလုပ်သမား ခေါင်းဆောင်များက ထောက်ပြကြသည်။
ယခုနှစ် ဇွန်လအစောပိုင်းတွင် မြန်မာနိုင်ငံအား ILO ၏ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့် စုရုံးခွင့် ဆိုင်ရာ ပြဌာန်းချက် ပုဒ်မ (၈၇) နှင့် အဓမ္မအလုပ်ခိုင်းစေခြင်းဆိုင်ရာ ပြဌာန်းချက်အမှတ် (၂၉) တို့ကို ကျူးလွန်ချိုးဖောက်မှုများကြောင့် Article 33 အရအရေးယူရန် ဆုံးဖြတ်ချက်ချခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာသည့် မြန်မာ့နိုင်ငံရှိအလုပ်သမားအခွင့်အရေး ချိုးဖောက် မှုများနှင့် စပ်လျဥ်း၍အရေးယူခဲ့ခြင်းဖြစ်သည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံအလုပ်သမားများသည် လုပ်ခလစာနည်းပါးခြင်း၊ အဓမ္မအချိန်ပိုဆင်းရခြင်း၊ အလုပ်ချိန်များလွန်းခြင်း၊ လုပ်ငန်းခွင် လုံခြုံမှုမရှိခြင်း၊ သမဂ္ဂဖွဲ့စည်းရန် တားဆီးခံရခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အားနည်းခြင်း၊ အလုပ်သမားအခွင့်အရေး ချိုး ဖောက်မှုများအပေါ် အရေးယူမှုအားနည်းခြင်း စသည်တို့ကို ပိုမိုရင်ဆိုင်နေကြရကြောင်း သုတေ သနများတွင်ဖော်ပြကြသည်။
လက်ရှိစက်ရုံများတွင်လုပ်ကိုင်နေသည့် အလုပ်သမားများ၏အဆိုအရ လုပ်ငန်းခွင်အတွင်း အော်ဟစ် ဆူဆဲခံရခြင်း၊ အလုပ်ပိုမိုပြီးရန်ဖိအားပေးခံရခြင်း၊ စာရွက်အလွတ်တွင်လက်မှတ်ထိုးရခြင်း၊ ဖိအားပေး အလုပ်ထွက်ခိုင်းခံရခြင်း၊ နားရက်ခွင့်ဆုံးရှုံးခြင်း၊ လုပ်ငန်းခွင်လုံခြုံမှုမရှိခြင်း၊ စက်ရုံအဆောက်အဦ များသည်လေဝင်လေထွက်မကောင်းခြင်း၊ စက်ရုံတွင်း သန့်ရှင်းမှုစနစ်အားနည်းခြင်း၊ အိမ်သာနှင့် အမှိုက်ပုံးလုံလောက်မှုမရှိခြင်း စသည်တို့ကိုလည်း ရင်ဆိုင်ကြရသည်။ ရုံးခန်းသို့ခေါ်ကာ ဖိအားပေး ခံရခြင်းနှင့် လူပုံအလယ် လက်ပါခံရခြင်းတို့ကို ကြုံကြရသည့် အလုပ်သမားများလည်း ရှိသည်။
ယခုနှစ် ဇွန်လတွင် ထုတ်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ ရုန်းကန်ခြင်းနှင့်မျှော်လင့်ခြင်းကြားက စက်ချုပ် ရာများ အစီရင်ခံစာတွင် စစ်တမ်းဖြေဆိုသူ အလုပ်သမားများ၏ ၅၅ ရာခိုင်နှုန်းသည် တရက် ပျမ်းမျှ ၁၂ နာရီခန့် အလုပ်လုပ်ကြရပြီး အချို့အခြေအနေများတွင် ၂၁ နာရီကြာအလုပ်လုပ် ကြရသည်ဟု ဖော်ပြထားသည်။ ရန်ကုန်ရှိ အထည်ချုပ်အလုပ်သမားများတွင် ရုပ်ပိုင်းဆိုင်ရာထိခိုက် ခံစားခဲ့ရသူ ၆၂ ရာခိုင်နှုန်းခန့်ရှိပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့ရသူ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆိုထားသည်။
ဤကဲ့သို့ အလုပ်သမားအရေးပြဿနာများအား Article 33 ကဲ့သို့ပုဒ်မမျိုးဖြင့် ပိတ်ဆို့အရေးယူ လိုက်ခြင်းသည် စစ်အာဏာသိမ်းအစိုးရ အားထိခိုက်စေခြင်းထက် အခွင့်အရေးချိုးဖောက်မှု ရင်ဆိုင် နေရသည့် အလုပ်သမားသမားများကိုသာ ပိုမိုဆိုးသည့်သက်ရောက်မှုရှိစေမည်ဟု လက်ရှိအထည် ချုပ်လုပ်ငန်းများတွင် အလုပ်လုပ်နေသည့် အလုပ်သမားခေါင်းဆောင်များက ဆိုကြသည်။
စစ်အုပ်စု၏ထုတ်ပြန်ချက်အရ မြန်မာတနိုင်ငံလုံးတွင် အထည်ချုပ်စက်ရုံ ၇၀၀ ခန့်ရှိသည်။ ရန်ကုန်မြို့တွင် အထည်ချုပ်လုပ်ငန်းများ၌အလုပ်လုပ်ကိုင်နေသည့်အလုပ်သမားပေါင်း ခုနှစ်သိန်း ကျော်ခန့်ရှိသည် ဟု အာဏာသိမ်းစစ်တပ်၏ Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။
Article 33 ဖြင့်အရေးယူခြင်းသည် ILO အဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှု များလုပ်ထားသည့် ၎င်တို့လုပ်ငန်းများကိုပြန်လည်ရုပ်သိမ်းပြီး အရေးယူခံရသည့် မြန်မာနိုင်ငံနှင့် ကူးလူးဆက်သွယ်ခြင်းမပြုတော့ရန်ဖိအားပေးခံရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၀၀ ခုနှစ်တွင် လည်း Article 33 နှင့်အရေးယူခံခဲ့ရဖူးသည်။
အရေးယူခံရသည့်နိုင်ငံတွင် ချုပ်လုပ်ထားသည့် ၎င်းတို့ထုတ်ကုန်များကို ဈေးကွက်တွင် ရောင်းချရန် ဂုဏ်သိက္ခာအရထိခိုက်မှုများရှိသွားချေမည်ဖြစ်သည်။ ထို့ကြောင့် နာမည်ကြီးအဝတ်အထည် အမှတ် တံဆိပ်များသည် အရေးယူခံရသည့်နိုင်ငံမှ ထွက်သွားကြသည်။
ထိုလုပ်ငန်းများထွက်သွားလျှင် အစားထိုးနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းသစ်များကို ဖန်တီး ပေးနိုင်သည့်အစီအစဥ်များနှင့် ပတ်သက်၍ အာဏာသိမ်း စစ်ကော်မရှင်သာမက စင်ပြိုင်အစိုးရ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ဘက်မှလည်း ထည့်သွင်းပြောကြားမှုမရှိကြပေ။
ဒီ ILO article 33 ကိုထောက်ခံတယ်၊ သူတို့ပြောသလိုလုပ်လိုက်တယ်။ ဒီစက်ရုံတွေကို ပိတ်သိမ်း ဖို့ဆို ကာလအချိန်တခု၊ တလနဲ့ဒါကြီးကို အမြစ်ဖြတ်လိုက်လို့ရတာလား၊ နှစ်လနဲ့အမြစ်ဖြတ်လိုက်လို့ ရတာလား၊ ဘယ်သူမှတိတိကျကျ အဖြေပေးနိုင်မှာလဲ
အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ CCTU မှ ၂၀၂၄ တွင် မျက်မှောက်ကာလ စက်မှုဇုန်နှင့် ဆောက်လုပ်ရေးအလုပ်သမားများ၏ လူမှုဘဝစိန်ခေါ်မှုများအပေါ် ၎င်းတို့၏အမြင် သဘောထားကောက်ယူမှုစစ်တမ်းထုတ်ခဲ့သည်။
၎င်းတို့စစ်တမ်းအရ ဖြေဆိုသူများ၏ ၉၈ ရာခိုင်နှုန်းမှာ ၎င်းတို့ဘဝရပ်တည်ရေးနှင့်ချိန်ဆ၍ အလုံးစုံ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအားလက်မခံဟုဆိုကြကြောင်း ဖော်ပြထားသည်။ ယင်းစာတမ်းအရ စားဝတ်နေရေးနှင့် အလုပ်လက်မဲ့များပြားလာသည့် စိန်ခေါ်မှုများကို ရေရှည်ကျော်ဖြတ်နိုင်ရန် ခက်ခဲကြောင်းဆိုကြသည်။
Article 33 ကြောင့်အထည်ချုပ်လုပ်ငန်းရှိအလုပ်သမား ခုနှစ်သိန်းကျော်ခန့် အလုပ်အကိုင် ဆုံးရှုံး သွားနိုင်သည့် အန္တရာယ်ကို ပြည်တွင်းရှိအလုပ်သမားခေါင်းဆောင်များက ထောက်ပြကြသည်။ ထိုအရေးယူမှုသည် လက်တွေ့တွင် စစ်ကော်မရှင်အား ဖြုတ်ချရန်အတွက် မရေရာ သည့်အပြင် စစ်အာဏာသိမ်းမှုအားဆန့်ကျင်ခဲ့ကြသည့် အခြေခံလူတန်းစားအလုပ်သမားထုကို အင်အားချိနဲ့ အောင် လုပ်နေသည်နှင့်တူကြောင်း ထောက်ပြကြခြင်းပင်။ စစ်အာဏာရှင်ကို ဆန့်ကျင်ရာတွင် ပါဝင်ခဲ့သည့် အခြေခံလူတန်းစားကိုအင်အားချိနဲ့စေခြင်းသည် တော်လှန်ရေးကိုထိခိုက်စေမည်ဟု ဆိုကြသည်။
“ဒီ ILO article 33 ကိုထောက်ခံတယ်၊ သူတို့ပြောသလိုလုပ်လိုက်တယ်။ ဒီစက်ရုံတွေကို ပိတ်သိမ်း ဖို့ဆို ကာလအချိန်တခု၊ တလနဲ့ဒါကြီးကို အမြစ်ဖြတ်လိုက်လို့ရတာလား၊ နှစ်လနဲ့အမြစ်ဖြတ်လိုက်လို့ ရတာလား၊ ဘယ်သူမှတိတိကျကျ အဖြေပေးနိုင်မှာလဲ” ဟု လှိုင်သာယာရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်နေသည့် အလုပ်သမားသမဂ္ဂခေါင်းဆောင် မဇင်မာ ကပြောသည်။ စက်ရုံနှင့် အထည် ချုပ်များပိတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
“သမဂ္ဂတွေဖြစ်လာတော့လည်းသမဂ္ဂလုပ်ငန်းတွေလုပ်တတ်လာတယ်၊ လူထုကိုနိုင်ငံရေးနဲ့ လေ့ကျင့် ပျိုးထောင်မှုရှိစေတယ်။ ဒီလုပ်ငန်းတွေရပ်တန့်သွားတာက စစ်အုပ်စုကိုလည်း ထိထိမိမိ မထိခိုက်ဘူး၊ အလုပ်သမားတွေရဲ့လက်ရှိရှိနေတဲ့လုပ်ငန်းတွေ ဘဝတွေကိုအများကြီးထိခိုက်တယ်” ဟု ဆယ်စုနှစ် နှစ်ခုကျော်ခန့် အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်လာသည့် ဦးစိုးသိန်း ကပြော သည်။
“သူတို့တောင်းနေတဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်အရေး ဘာမှမထောက် အကူမပြုဘူး” ဟု ဦးစိုးသိန်းကဆက်ပြောသည်။ “Article 33 အရအရေးယူဆောင်ရွက်တယ်။ တကယ်လူထု အလုပ်သမားထုကို ထိခိုက်နေတာမဖြစ်ရဘူး” ဟု၎င်းကပြောသည်။
Article 33 ကိုတောင်းဆိုခဲ့သည့် အလုပ်ရှင်၊အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ်များကို ဦးဆောင်ဖွဲ့စည်းပေးခဲ့သည့် NUG ၏ထုတ်ပြန်ချက်တွင် ILO အဖွဲ့ဝင် နိုင်ငံများသည် စစ်အုပ်စုနှင့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်သုံးသပ်ရန်၊ ပြည်သူအပေါ်အခြေခံ အခွင့်အရေး ချိုးဖောက်မှုနှင့် ဖိနှိပ်အကြမ်းဖက်မှုဖြစ်စေမည့် စစ်အုပ်စုထံ လေယာဥ်ဆီ၊ စစ်လက်နက်ပစ္စည်း၊ ငွေးကြေးစီးဆင်းမှုများမပြုလုပ်ရန် စသည့် အာဏာသိမ်းစစ်အုပ်စု အားတိုက်ရိုက်ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများပါဝင်သည်ဟုဖော်ပြထားသည်။ ထို့အပြင် Article 33 အရ အရေးယူရေး ဆုံးဖြတ်ချက်သည် ပြည်သူတို့၏အောင်ပွဲတရပ် ဟုလည်း ဆိုထားသည်။
“ILO Article 33 ကလုပ်မယ်ဆို အခုလည်းလုပ်လို့ရတယ်။ အရေးယူမယ့်ပုံစံကိုပဲ ကျတော်တို့က ပြောချင်တာ” ဟု ရန်ကုန်မြို့ရှိအထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်နေသည့် ၂၅ ဝန်းကျင်အရွယ် အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုကိန်းက ပြောသည်။
မြေပြင်အလုပ်သမားအရေးလှုပ်ရှားသူတဦးအနေဖြင့် Article 33 ကဲ့သို့သော ဆုံးဖြတ်ချက်ကြီး တခုချမှတ်သည့် ကိစ္စတွင် ILO နှင့်တိုက်ရိုက်တွေ့ဆုံဆွေးနွေးခွင့်မရခဲ့သည့်အပြင် ၎င်းတို့၏ဆန္ဒ သဘောထားများကိုလည်း ထုတ်ပြောခွင့်မရခဲ့ဟု ကိုကိန်းကပြောသည်။
“NUG ကဒီမှာလာပြီး အရေးယူ တရားစွဲပေးနိုင်တာလည်းမရှိဘူး။ လက်ရှိအုပ်ချူပ်ရေးပိုင်း (စစ်ကော်မရှင်)ကလည်းအများကြီးလုပ်ပေးနိုင်တာမမြင်ရဘူး။ သွားတိုင်ရင်လည်း ဦးစီးမှုုးတွေက အကာအကွယ်ပေးမယ်လို့ယုံကြည်မှုမရှိဘူး။ ဒီအချိန်မှာ အားကိုးစရာမရှိဘူး” ဟု ကိုကိန်းက ပြောသည်။ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်သည် အစိုးရနှစ်ဖက်လုံးအားမယုံကြည် ရချိန်တွင် ၎င်းတို့ဘက်မှရပ်တည်ပေးနိုင်ရန် မျှော်လင့်ခဲ့ကြသော်လည်း ILO ၏ Article 33 အရေးယူမှု မှာ ၎င်းတို့ သဘောထားနှင့် လွဲချော်ခဲ့ပြန်သည်။
“နောက်တဆင့်တက်ပြီးတော့ ILO တို့ဘာတို့က ကျတော်တို့ လက်လှမ်းမမီတဲ့နေရာမျိုးဖြစ်တယ်။ ကျတော်တို့က သမဂ္ဂခေါင်းဆောင်တွေဖြစ်တယ်၊ တိုင်ကြားရေးယန္တရားတွေကို အနည်းနဲ့အများ သိထားတဲ့သူတွေဖြစ်တယ်။ ဒါပေမယ့် အဲ့လိုလူတွေတောင်မှ ဒီမှာ ILO ကရုံးတွေဖွင့်ထားလား မဖွင့်ထားလားမသိဘူးဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် ILO စကားလုံးကိုပင် မသိသည့် အလုပ်သမားအများကြီးရှိကြောင်းဆိုသည်။
အသက် ၂၃ နှစ်အရွယ်ရှိ စက်ရုံအလုပ်သမားတဦးဖြစ်သည့် မယမုံသည် ယခုနှစ်မေလတွင်း၌ ၎င်းတို့ စက်ရုံလုပ်ခလစာတိုးတောင်းသည့် ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည်။ သို့သော်မြန်မာနိုင်ငံအား Article 33 နှင့်အရေးယူမှုနှင့် သက်ရောက်မှုတို့ကိုမူ မသိလိုက်ပေ။ ‘
လက်ရှိ ရန်ကုန်မြို့ရှိ အလုပ်သမားများသည် စစ်ကော်မရှင်အုပ်ချုပ်မှုအောက်တွင် နေထိုင်အလုပ် လုပ်ကိုင်နေကြရပြီး စင်ပြိုင်အစိုးရ NUG ၏ Article 33 ဖြင့်ဖိအားပေးမှုကိုလည်း ခံစားနေရသကဲ့သို့ ဖြစ်နေပြန်သည်။
လက်ရှိ ၎င်းတို့ကြုံတွေနေရသည့်အခက်အခဲအကြပ်အတည်းများကိုမူ စစ်အုပ်စုရော အတိုက်အခံ နှစ်ဘက်လုံးက ထိရောက်စွာ ဖြေရှင်းပေးမှုမရှိသေးပေ။
ILO သည် အဖွဲ့ဝင်နိုင်ငံတို့၏ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် စနစ်ဖြင့်လည်ပတ်သည်။ အဖွဲ့ဝင်အဖြစ်လက်မှတ်ရေးထိုးထားသည့်မြန်မာတွင် စစ်အာဏာရှင်ဘက်မှလည်း အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ်အသီးသီးရှိသကဲ့သို့ စင်ပြိုင်အစိုးရဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရအောက်တွင် ဖွဲ့စည်းထားသည့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ် အသီးသီးရှိကြသည်။
ဇွန်လတွင်ကျင်းပခဲ့သည့် နိုင်ငံတကာအလုပ်သမားညီလာခံအား အမျိုးသားညီညွတ်ရေး အစိုးရ အောက်တွင် ဖွဲ့စည်းထားသည့် အလုပ်ရှင်၊အလုပ်သမား၊ အစိုးရ ကိုယ်စားလှယ်တို့ တက်ရောက် ခဲ့ကြပြီး အာဏာသိမ်းစစ်အုပ်စု၏ကိုယ်စားလှယ်အဖွဲ့ကို ILO ဘက်မှအသိအမှတ် မပြုခဲ့ပေ။
ILO ၏ အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံနှင့်စပ်လျဥ်း၍ Record of Proceedings ဆိုသော အစီရင်ခံစာတခုကို ဇွန်လပထမအပတ်တွင်ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာတွင် ILO သို့ စစ်အုပ်စု နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နှစ်ဖွဲ့လုံးမှတင်သွင်းခဲ့သည့် အလုပ်ရှင်၊ အလုပ်သမား နှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့အမည်များကို ဖော်ပြထားသည်။ ယင်းတို့တွင် အာဏာသိမ်း စစ်အုပ်စုနှင့် စင်ပြိုင်အစိုးရ NUG စသည့် နှစ်ဖက်လုံးတွင် CTUM (မြန်မာနိုင်ငံလုံး ဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်) သည် အလုပ်သမားကိုယ်စားလှယ် အနေဖြင့် ပါဝင်ထားသည်။
အာဏာရရှိရန်ပြိုင်ဆိုင်နေကြသည့် အစုအဖွဲ့ နှစ်ခုစလုံးသည် အလုပ်သမားအဖွဲ့တခုတည်းကိုပင် အလုပ်သမားကိုယ်စားလှယ်အနေဖြင့် ခန့်အပ်ထားကြသည်။
အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဦးစိုးသိန်းက ILO ၏ နိုင်ငံတကာ အလုပ်သမားညီလာခံ သို့တက်ရောက်ရန် နိုင်ငံကိုယ်စားလှယ်ရွေးချယ်သည့်စနစ်၌ပြဿနာရှိနေသည်ဟုထောက်ပြသည်။
ညီလာခံသို့တက်ရောက်မည့်သူသည် မြေပြင်မှအလုပ်သမားများကိုယ်တိုင်က ဒီမိုကရက်တစ်နည်း ဖြင့် ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်ဖြစ်ရန်လိုအပ်ပြီး အလုပ်သမားထု၏သဘောထားကိုသာ ညီလာခံတွင်ပြောရမည်ဟု ၎င်းကဆိုသည်။
“သူပြောချင်တာပြောလို့မရဘူး။ အလုပ်သမားထုက ရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်က ဗမာပြည် အလုပ်သမားထုကြီးရဲ့သဘောထားကိုပြောရမှာ” ဟုဆိုသည်။ “အလုပ်သမားတွေရဲ့တကယ့်ကို ကိုယ်စားပြုမှုအနေနဲ့သွားတာ၊ တကယ့်ကိုယ်စားပြုမှုနဲ့သွားမှ တကယ်ကိုယ်စားပြုနဲ့ပြောမှ ကိုယ်စား ပြုတဲ့ထောက်ခံမှုကိုရမှာလေ၊ ကိုယ်စားပြုတဲ့ထောက်ခံမှုရမှ ရှင်သန်မှုရမှာ” ဟု၎င်းက ဆက်ပြော သည်။
တိုင်းပြည်တခု၏အလုပ်သမားပြဿနာကိုဖြေရှင်းရာတွင် ထိုတိုင်းပြည်ရှိ အလုပ်သမား၏ သဘော ဆန္ဒကိုမယူဘဲ ဂျနီဗာတွင်ထိုင်ပြီး ဆုံးဖြတ်ချက်ချလျှင် မည်မျှမှန်နိုင်မည်နည်းဟု ဦးစိုးသိန်းက ထောက်သည်။
ပြည်တွင်းတွင် ILO စည်းမျဥ်းစည်းကမ်း ၈၇ နှင့် ၂၉ တို့အား ချိုးဖောက်မှုရှိကြောင်း မြန်မာ နိုင်ငံအတွင်းရှိ အလုပ်သမားများက လက်ခံကြ ထိုချိုးဖောက်မှုများကို အရေးယူသည့်ပုံစံသည် Article 33 ကဲ့သို့ ပိတ်ဆို့ခြင်းဆန်သည့် အပြင်းထန်ဆုံးပြစ်ဒဏ်ကို တိုက်ရိုက်သွားခြင်းထက် ပိုမိုအလုပ် ဖြစ်နိုင်သည့် နည်းလမ်းများရှိသေးသည်ဟု ILO ကို အကြံပေးကြသည်။
ILO သည်အဖွဲ့ဝင်နိုင်ငံများ၏ သက်ဆိုင်ရာ လုပ်ငန်းရှင်၊ အစိုးရ များ စည်းမျဥ်းစည်းကမ်းပုဒ်မများကို အမှန်တကယ် လိုက်နာအကောင်အထည်ဖော်ခြင်းရှိမရှိ ထိထိမိမိကြပ်မတ်ကာ ညှိနှိုင်းဆောင်ရွက်ရန် လိုသည်ဟု ဦးစိုးသိန်းကဆိုသည်။ လက်ရှိ အလုပ်သမားများ သမဂ္ဂဖွဲ့ခွင့်မရအောင် ပိတ်ဆို့ထားသည့် အခြေအနေများတွင် အစိုးရသည်သာ မဟုတ်ဘဲ လုပ်ငန်းခွင်အသီးသီးရှိ လုပ်ငန်းရှင်များ ကိုယ်တိုင်က လည်းပါဝင်နေသည်ဟုထောက်ပြသည်။
ထို့ကြောင့် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO အနေဖြင့် အစိုးရသာမက လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးရန်လိုအပ်ပြီး အလုပ်သမားအရေးနှင့်စပ်လျဥ်း၍ အစိုးရ နှင့် အလုပ်ရှင် နှစ်ဖွဲ့လုံးအား တွန်းအားပေးကြပ်မတ်ရန်လိုသည်ဟုထောက်ပြသည်။ အစိုးရနှင့်အလုပ်ရှင် တို့ကျူးလွန်နေသည့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ လုပ်ငန်းရှင် များနှင့် ဘရန်းကိုယ်စားလှယ်များကို ထောက်ပြပြောဆိုဖိအားပေးရန်လိုကြောင်း ဦးစိုးသိန်းကဆိုသည်။
အပေါ်မှာထိုင်နေရင်မြင်ရမှာမဟုတ်ဘူး။ အောက်ကိုဆင်းကြည့်၊ အဲ့ဒါဆိုရင် ပိုပြီးတော့ သိကြမယ်လို့ထင်တယ်။ ထိထိရောက်ရောက်လေးနဲ့ ဖြစ်စေချင်တာပေါ့နော်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်နေသည့် သမဂ္ဂခေါင်းဆောင် ကိုကိန်းတို့ သမဂ္ဂဖွဲ့ရန် ကြိုးပမ်းရာတွင် အစိုးရယန္တရားကြောင့်မလွယ်ကူခဲ့ရုံသာမက အလုပ်ရှင်ကိုယ်တိုင်က ပိတ်ပင်တားဆီးရန်ကြိုးစားခဲ့ခြင်းနှင့် သမဂ္ဂမဖွဲ့နိုင်ရန် ဖိနှိပ်ခြင်းတို့ ကြုံခဲ့ရခြင်းကြောင့် ပိုမိုခက်ခဲ ခဲ့သည်ဟု ၎င်းကဆိုသည်။
ကိုကိန်းတို့စက်ရုံသမဂ္ဂဖွဲ့ခွင့်ရသည်မှာ တနှစ်မပြည့်သေးပေ။ သမဂ္ဂဖွဲ့ရန် အလုပ်သမားများ၏ ထောက်ခံချက်လက်မှတ်ကိုစုဆောင်းထားခဲ့သည်။ ထိုစာရင်းသည် အလုပ်ရှင်ထံသို့ရောက်သွားပြီး စာရင်းထဲရှိအလုပ်သမားများသည် ထိုစာရင်းကနှုတ်ထွက်ရန် ဖိအားပေးသည့်အနေဖြင့် အလုပ်ပိုမို ခိုင်းစေခံရခြင်း၊ ဆူပူခံရခြင်းအပါအဝင် ဖိနှိပ်မှုများ ဆက်တိုက် ခံခဲ့ရသည်။ စာရင်းမှမနှုတ်ထွက် ချင်ကြသည့် အချို့မှာ အလုပ်ကထွက်သွားကြသည်။ အားကိုးရမည့် တိုင်ကြားစရာလည်းမရှိပေ။
ကိုကိန်းကိုယ်တိုင်ပင် ၎င်း၏တာဝန်နှင့်မသက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရွှေ့ပြောင်း ရကာ ၎င်း၏ရာထူးတာဝန်နှင့်မဆိုင်သည့် ပိုမိုပင်ပန်းသောအလုပ်များကို လုပ်ကိုင်ခဲ့ရသည်ဟုဆို သည်။ ကိုကိန်းတို့ ကံကောင်းစွာပင် အလုပ်ရှင်မတားဆီးနိုင်ခင်မှာပင် သမဂ္ဂဖွဲ့ခွင့် လက်မှတ်ရခဲ့ကြ သည်။ သမဂ္ဂလက်မှတ်ရသည့်အခါတွင်လည်း ကိုကိန်းအား ရုံးခန်းတွင် ခေါ်၍ အလုပ်ရှင်နှင့်ပူးပေါင်း ရန် သို့မဟုတ် အခြားလုပ်ငန်းတွင် မန်နေဂျာရာထူးယူကာ အလုပ်ထွက်သွားရန် ဖြားယောင်းခံရသေး သည်ဟုဆိုသည်။
အလုပ်သမားများသည် စစ်အစိုးရလက်အောက်တွင် အလုပ်ရှင်များစိတ်ကြိုက် ဖိနှိပ်ခံရပြီး ပြည်သူအနေဖြင့် စစ်အစိုးရ၏ နှိပ်ကွပ်မှုကိုလည်းခံရသည်။ ယင်းအပြင် စင်ပြိုင်အစိုးရ၏ မိမိဝင်ငွေအလုပ်အကိုင်ကိုခြိမ်းခြောက်သည့် ဖိအားပေးမှုကိုလည်း တပြိုင်တည်းခံစားနေရသည်။
ILO အနေဖြင့် လက်တွေ့ကျကျ မြေပြင်ဆင်းကြည့်ရန် နှင့် အလုပ်ရှင် အလုပ်သမားကြား မည်သို့ခံစားရပြီး မည်သည့်ဥပဒေချိုးဖောက်မှုများဖြစ်ပွားနေသည်ကို လေ့လာစေလိုကြောင်း မဇင်မာကပြောသည်။
“အပေါ်မှာထိုင်နေရင်မြင်ရမှာမဟုတ်ဘူး။ အောက်ကိုဆင်းကြည့်၊ အဲ့ဒါဆိုရင် ပိုပြီးတော့ သိကြမယ်လို့ထင်တယ်။ ထိထိရောက်ရောက်လေးနဲ့ ဖြစ်စေချင်တာပေါ့နော်” ဟုဒေါ်ဇင်မာက ဆက်ပြောသည်။
ကိုကိန်းက Article 33 နှင့်ပတ်သက်ပြီး ILO ကိုယ်စားလှယ်များနှင့် မြေပြင်အလုပ်သမားများ တွေ့ဆုံဆွေးနွေးရန်လိုအပ်သည်ဟု ယူဆသည်။ ILO အနေဖြင့် ကိုယ်စားလှယ်ထား၍ စက်ရုံများကို ဝင်ရောက်စစ်ဆေးခြင်း၊ ပုံမှန်စစ်ဆေးခြင်း၊ သမဂ္ဂဖွဲ့ခွင့်ရှိမရှိအပါအဝင် မည်သည့်ဖိနှိပ်မှုများရှိလဲ စုံစမ်းခြင်း တို့ကိုလုပ်ဆောင်သင့်ကြောင်း ကိုကိန်းကဆိုသည်။ “တကယ်ချိုးဖောက်နေတယ်ဆို မချိုးဖောက်အောင် ဘယ်လိုတွေလုပ်ရမလဲဆိုတာမျိုးလုပ်လို့ရတယ်” ဟုပြောသည်။ ထိုသို့မဟုတ်ဘဲ အရေးယူမှုကို တန်းသွားလိုက်ခြင်းဖြင့် ကြွက်မနိုင်ကျည်မီးနဲ့ရှို့တဲ့ ပုံစံဖြစ်သွားသည်ဟု ၎င်းက ပြောသည်။
၂၀၀၀ ခုနှစ် ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်သည့် စစ်အစိုးရလက်ထက်၌လည်း ILO မှ Article 33 နှင့် အရေးယူမှုရှိခဲ့သည်။ အရေးယူပြီးသည့်နောက်တွင်လည်း စစ်အစိုးရပြုတ်ကျခြင်းမရှိခဲ့ပေ။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအားအတင်းအဓမ္မအတည်ပြုခဲ့ကြပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် အတူအရပ်သားအစိုးရ တရပ်ကိုပင် ၎င်းတို့ဘာသာဦးတည်ပေးနိုင်ခဲ့ကြပြီး လွှတ်တော်ထဲတွင် စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ပါဝင်နိုင်ခဲ့သည်။
“ကျတော်တို့နဲ့က လူထုကိုထိခိုက်တဲ့အလုပ်တွေမလုပ်နဲ့ မထိခိုက်ဖို့ပြောတာ။ အရေးမယူနဲ့ မပြော ဘူး။ သူ့ဟာသူတကယ်ဝင်ငွေဖြစ်တာရှာပြီးလုပ်လေ” ဟုစစ်အာဏာသိမ်းအစိုးရအား ဝင်ငွေဖြတ် တောက်မည့်လှုပ်ရှားမှုနှင့်စပ်ဆက်၍ ဦးစိုးသိန်းကဆိုသည်။
စစ်အုပ်စုသည် အာဏာသိမ်းပြီးနောက် ၂၀၂၁ မှ ၂၀၂၄ အထိ ဘဏ္ဍာနှစ်အသီးသီးတွင် အထည် ချုပ်လုပ်ငန်းမှ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ဝင်ငွေရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ကြေညာခဲ့သည်။
“Total တို့ဘာတို့ပြန်ရုပ်သွားတယ်၊ ရေနံကုမ္ပဏီကြီးတွေ၊ ကျတော်တို့အဲ့ဒါကို ဘာမှမပြောဘူး” ဟုဦးစိုးသိန်းကပြောသည်။ အခြေခံလူတန်းစားမှီခိုနေရခြင်းမရှိသည့် စစ်အုပ်စုအဓိက ဝင်ငွေရ နေသည့်လုပ်ငန်းများကို ထိခိုက်ခြင်းအတွက် ပြောစရာမရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။
မြန်မာပြည်မှအထည်တင်ပို့မှုအမြင့်ဆုံး ဥရောပနိုင်ငံများ၏ ဥရောပသမဂ္ဂနှင့် အလုပ်သမားများ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည်ဟု ဦးစိုးသိန်းကပြောသည်။ “အီးယူကတော့ ဘာလဲဆိုတော့ အရေးယူမှုလုပ်မယ်ဆိုရင်လုပ်ပေါ့၊ ဒါပေမယ့် ၂၀၀၀ ပြည့်နှစ်က အရေးယူမှုလိုမျိုးတော့ သူတို့ မလုပ်ဘူး” ဟု ၎င်းကဆက်ပြောသည်။
မြန်မာတွင် ထိုင်ဝမ်၊ တရုတ်၊ မက္ကာအို၊ ကိုရီးယား နိုင်ငံတို့မှလာရောက်လုပ်ကိုင်ကြသည့် အထည်ချုပ် လုပ်ငန်းများလည်းရှိသည်။
လက်ရှိ၍ ထရမ့်အစိုးရ၏ မြန်မာနိုင်ငံအပေါ်အခွန်တိုးကောက်မှုကြောင့် ပိတ်သိမ်းလိုက်ရသည့် စက်ရုံအချို့ရှိနေပြီး အချို့လည်း ဆက်လက်ပိတ်သိမ်းရန်ရှိသည်။
Burma Associated Press
Top News
လွန်ခဲ့သော ၄ နာရီ က
လွန်ခဲ့သော ၉ နာရီ က
လွန်ခဲ့သော ၃ ရက် က