Politics
ထိုင်း နိုင်ငံခြားရေးဆိုင်ရာ လွှတ်တော်ကော်မတီ၏ မြန်မာ့အကျပ်အတည်းအတွက် စီမံချက်လေးရပ်
လွန်ခဲ့သော တစ်နှစ် က
ထိုင်းနိုင်ငံ နိုင်ငံခြားရေးဆိုင်ရာ လွှတ်တော်ကော်မတီက မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာတွင် ကူညီရန် အချက် လေးချက်ပါ စီမံချက်တစ်ခု တင်ပြလိုက်သည်။
ကော်မတီဥက္ကဌနှင့် Pheu Thai ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Noppadon Pattama က ကော်မတီသည် မြန်မာနိုင်ငံမှ အခြေအနေများကို စောင့်ကြည့်နေကြောင်းနှင့် အကျပ်အတည်းဖြေရှင်းရေး အားထုတ်မှုအားလုံးကို အားပေးထောက်ခံကြောင်း ပြောသည်။
၎င်းက အစိုးရ၏ ညှိနှိုင်းပူးပေါင်း တုန့်ပြန်ရာတွင် ကူညီပေးရန် ကော်မတီထံမှ အဆိုပြုချက်လေးရပ် ထွက်ပေါ်လာသည်ဟု ဆိုသည်။
ပထမတစ်ချက်မှာ အစိုးရသည် အခြေအနေကို စောင့်ကြည့်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် တုန့်ပြန်လုပ်ဆောင်နိုင်ရန်အတွက် လုံခြုံရေးနှင့် နိုင်ငံခြားရေးရာဝန်ထမ်းများပါဝင်သော အထူးအဖွဲ့တစ်ခု တည်ထောင်ရန်ဖြစ်သည်။
ဒုတိယအချက်မှာ နယ်စပ်ပြည်နယ်များတွင် တိုက်ပွဲများ တိုးမြင့်လာမှုကြောင့် ခိုလှုံရာရှာဖွေကြမည့် လူများ တိုးပွားလာနိုင်မှုကို ဖြေရှင်းရန် ဖြစ်ပေါ်လာနိုင်သော အရေးပေါ်အခြေအနေအတွက် စီမံချက်တစ်ခု ရေးဆွဲရန်ဖြစ်သည်။
ဧပြီလတွင် စစ်မှုထမ်းဥပဒေကြောင့် တိုက်ပွဲများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောသည်။
တတိယအချက်မှာ အစိုးရသည် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို ရွာသုံးရွာမှ လူ ၁၀၀၀၀ ကိုသာ ကန့်သတ်ထားခြင်းထက် ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူ အားလုံးအတွက် လွှမ်းခြုံသည့် ဖြန့်ချိရေးသို့ တိုးချဲ့သင့်ကြောင်းဖြစ်သည်။ အာဆီယံသည်လည်း ကျယ်ကျယ်ပြန့်ပြန့် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပါဝင်သင့်ကြောင်း ၎င်းက ပြောသည်။
“မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ ထိုင်းနိုင်ငံက ကူညီစီစဉ်ပေးသူအခန်းကဏ္ဍကို ကျော်လွန်ပြီးတော့ ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်ပါတယ်။” ဟု ၎င်းက ပြောသည်။
နောက်ဆုံးအချက်မှာ ထိုင်းနိုင်ငံ၊ အာဆီယံဥက္ကဌ၊ တရုတ်နှင့် အိန္ဒိယတို့ပါဝင်သော "မြန်မာ သုံးနိုင်ငံ အပေါင်း” တည်ထောင်၍ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် တွန်းအားပေးရန်အတွက် ထိုင်းနိုင်ငံမှ ထောက်ခံအားပေးရန် ဖြစ်သည်။ ၎င်းပူးပေါင်းအဖွဲ့သည် အလွတ်သဘော အတိုင်ပင်ခံယန္တရားတစ်ခု ဖြစ်မည်ဟု ၎င်းက ပြောသည်။
အဆိုပြုယန္တရားသည် အာဆီယံ သဘောတူညီချက် ငါးရပ်နှင့် ကိုက်ညီကြောင်း Mr Noppadon က ပြောသည်။
“ကျွန်တော်တို့မှာ အကြံဉာဏ်တွေ မကုန်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အားထုတ်လုပ်ကိုင်မှုတွေကို တိုးမြှင့်လုပ်ဆောင်မှ ရပါမယ်။ မြန်မာနိုင်ငံက အကျပ်အတည်းက ရှုပ်ထွေးပါတယ်။ ဒါပေမယ့် အာဆီယံနှင့် ထိုင်းနိုင်ငံအတွက် ငြိမ်းချမ်းရေးကို တွန်းအားပေးဖို့ အလွန်ခက်ခဲတာ မဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့ လုပ်ဆောင်ရယူနိုင်ရင် ထိုင်းနိုင်ငံက ကမ္ဘာ့အသိအမှတ်ပြုမှုကို ရမှာဖြစ်ပါတယ်။” ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr Noppadon က ပြောသည်။
ထိုင်းအစိုးရသည် မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံမှ တိုက်ပွဲများကြောင်း ပြောင်းရွှေ့ရသူများကို ကူညီရန်အတွက် လူသားချင်းစာနာမှု စင်္ကြံတစ်ခု တည်ထောင်ရန် သဘောတူထားခဲ့သည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာစစ်အာဏာရှင်၏ ကိုယ်စားလှယ်တို့က ထောက်ခံအားပေးခဲ့သော ၎င်းအစီအစဉ်သည် ထိုင်းနှင့် မြန်မာကြက်ခြေနီအဖွဲ့များက အာဆီယံလူသားချင်းစာနာမှုအထောက်အပံ့အဖွဲ့၏ ကြီးကြပ်မှုဖြင့် အကူအညီများ ပေးအပ်သွားစေနိုင်မည်ဖြစ်သည်။ ပထမဆုံး လူသားချင်းစာနာမှုယာဉ်တန်းမှာ မတ်လ ၂၅ ရက်နေ့တွင် မဲဆောက်မြို့ ထိုင်း-မြန်မာ အမှတ် ၂ တံတားမှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည်ဖြစ်သည်။
ကိုးကား - Bangkok Post
ပုံစာ - မတ်လ ၄ ရက် ၂၀၂၄ ခုနှစ် ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် အာဆီယံ-ဩစတြေးလျ အထူးထိပ်သီး အစည်းအဝေးကျင်းပနေစဉ် ပြင်ပ၌ မြန်မာလူမှုအသိုင်းအဝိုင်းမှ အာဆီယံကို မြန်မာစစ်အာဏာရှင်အား ထောက်ခံအားပေးခြင်းမပြုရန် တောင်းဆိုနေကြစဉ်။ (Photo: Reuters)
Related Articles
Top News
လွန်ခဲ့သော ၁၇ နာရီ က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က