bap-logo
Data

အာဏာသိမ်းပြီး ၂ နှစ်အတွင်း သတ္တုနှင့် ကျောက်မျက် တင်ပို့မှု ကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံကျော် တန်ဖိုးရှိခဲ့

dLYH-SC0-5sKS5GY9OQO4-image

လွန်ခဲ့သော တစ်နှစ် က

BAP၊ ဇူလိုင် ၂၃။

 

အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာမှ ပြည်ပသို့ သတ္တုနှင့် ကျောက်မျက် တင်ပို့မှု ကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံကျော် ရှိသည်ဟု Blood Money Campaign Myanma၏ မြန်မာ့သတ္တုနှင့် ကျောက်မျက်ကဏ္ဍ ပြင်ပတင်ပို့ခြင်းကို လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံမှ ဓာတ်သတ္တုနှင့် ကျောက်မျက်ပြည်ပတင်ပို့မှုသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၆.၂ ဘီလီယံကျော်အထိ ရှိခဲ့သည်။

 

UN Comtradeနှင့် တရုတ်အကောက်ခွန်ဌာန၏ အချက်လက်များအရ မြန်မာနိုင်ငံမှ ဓာတ်သတ္တုနှင့် ကျောက်မျက်ပြည်ပတင်ပို့မှုသည် အာဏာသိမ်းပြီးနောက် သိသိသာသာ တိုးလာခဲ့ခြင်း ဖြစ်သည်။

 

အဓိက တင်ပို့မှုများမှာ ကျောက်စိမ်း၊ မြေရှား၊ ခဲမဖြူ၊ ကြေးနီ၊ နီကယ်နှင့် ပတ္တမြားတို့ ဖြစ်သည်။

 

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တရားမဝင်တူးဖော်မှု သိသိသာသာ တိုးလာခဲ့ပြီး တရုတ်နိုင်ငံက မြန်မာ့သတ္တုတွင်း ကဏ္ဍတွင် အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး အကြီးမားဆုံး တင်သွင်းသူအဖြစ်လည်း ဆက်လက် ရပ်တည်လျက်ရှိသည်ဟု အစီရင်ခံစာကတဆင့် သိရသည်။

 

သို့သော် ကျောက်စိမ်းတူးဖော်ခွင့်လိုင်စင်သည် ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်သွားပြီဖြစ်သည့်အတွက် MGE မှ အခွန်မကောက်နိုင်ခြင်းကြောင့် အခွန်ငွေများသည် စစ်တပ်၏ ဘဏ္ဍာတော်အတွင်းသို့ စီးဝင်မည် မဟုတ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း သယံဇာတတူးဖော်ရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မြှင့်တင်ရန် ကူညီပေးသည့် နိုင်ငံတကာအဖွဲ့ဖြစ်သည့် Extractive Industries Transparency Initiative (EITI) ကလည်း အာဏာသိမ်းမှုကြောင့် မြန်မာကို အဖွဲ့ဝင်အဖြစ်မှု ရပ်ဆိုင်းခဲ့သည်။

 

သို့သော်လည်း စစ်တပ်နှင့် ဆက်နွယ်သည့် ကုမ္ပဏီများ၊ ခရိုနီများနှင့် KIO များက အဆိုပါ တရားမဝင်ကုန်သွယ်မှုများမှ အကျိုးကျေးဇူးခံစား‌ကြရပြီး စစ်တပ်သည်လည်း MGE သိုလှောင်ရုံမှ ကျောက်စိမ်းနှင့် ကျောက်မျက်များ လေလံတင်ရောင်းချသည့်ပွဲမှ ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေ ရရှိနိုင်သေးသည်ဟု ဆိုသည်။

 

မြန်မာ့ကျောက်မျက်ရတနာတင်သွင်းသည့် နိုင်ငံများမှာ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် MGE အား စီးပွားရေးအရ အရေးယူပိတ်ဆို့ခဲ့သည့် ဗြိတိန်၊ ဆွစ်ဇာလန်၊ အီတလီ၊ ပြင်သစ်နှင့် အမေရိကန်တို့ ပါဝင်နေသည်။

 

ကျောက်မျက်ကဏ္ဍမှ ဝင်ငွေများသည် ကျောက်စိမ်း၊ မြေရှားသတ္တုနှင့် ခဲမဖြူတို့ကဲ့သို့ မကြီးမားသော်လည်း ကျောက်မျက်လုပ်ငန်းသည် စစ်တပ်နှင့် ဆက်စပ်နေသည့် ကုမ္ပဏီနှင့် ပုဂ္ဂိုလ်များအတွက် အရေးပါနေဆဲဖြစ်သည်။

 

၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တို့တွင် စစ်တပ်လက်အောက်ခံ သတ္တုတွင်းဦးစီးဌာနက ကြေးနီ လေလံပွဲ ၆ ကြိမ်၊ နီကယ်လေလံပွဲ တစ်ကြိမ်နှင့် ခနောက်စိမ်းလေလံပွဲ တစ်ကြိမ် စီစဉ်ကျင်းပခဲ့သဖြင့် စစ်တပ်ရရှိသော ခန့်မှန်းခြေငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော်ရှိသည်ဟုလည်း အစီရင်ခံစာက ဖော်ပြထားသည်။

 

Burma Associated Press

စစ်ကောင်စီ
ကျောက်မျက်ရတနာ
မြန်မာ
ပို့ကုန်

Share With
bap-logo