Education
စစ်ကောင်စီပြုလုပ်မည့် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကရင်ပြည်နယ်မှ ဖြေဆိုမည့်သူ သုံးထောင်နီးပါးရှိ
လွန်ခဲ့သော ၂ နှစ် က
ကရင်၊ ဖေဖေါ်ဝါရီ ၂၁။
စစ်ကောင်စီပညာရေးဌာနက လာမည့် မတ်လတွင် ပြုလုပ်မည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်မှ ဝင်ရောက်ဖြေဆိုမည့်သူ သုံးထောင်နီးပါး (၂၈၄၈ ဦး) ရှိကြောင်းသိရသည်။
ထိုကျောင်းသား ကျောင်းသူများသည် ကရင်ပြည်နယ်အတွင်း စာစစ်ဌာန ၁၃ ခုတွင် ဝင်ရောက်ဖြေဆိုကြမည် ဟုလည်း စစ်ကောင်စီဘက်ကလာသည့် သတင်းများအရသိရသည်။
ကရင်ပြည်နယ်သည် အာဏာသိမ်းပြီးနောက်တွင် တိုက်ပွဲအများဆုံးဖြစ်ပွားရာဒေသတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်များအရသိရသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၇၉,၆၄၉ ဦး ရှိကြောင်း စစ်ကောင်စီဘက်က လာသည့် သတင်းများအရသိရသည်။
မြန်မာနိုင်ငံတွင် အာဏာမသိမ်းခင်က နိုင်ငံတစ်ဝန်းတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၉၀၀,၀၀၀ ဝန်းကျင် အထိ ရှိခဲ့သည်။
အာဏာသိမ်းပြီးနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင် တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား စုစုပေါင်း ၂၈၁,၇၅၁ ဦးသာရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၄၆. ၈၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဆရာ၊ ဆရာမများ CDM ဝင်ခဲ့ကြသကဲ့သို့ စစ်ကောင်စီ၏ စာမေးပွဲကို ဝင်ရောက်မဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများလည်းရှိနေသည်။
၂၀၂၂-၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ် မတ် ၈ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ - ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အထက်တန်းကျောင်းတစ်ခုကိုတွေ့ရစဉ်
Burma Associated Press
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၇ ရက် က