Articles
ယခင် စစ်အာဏာရှင်ဆန့်ကျင်ရေး အုံကြွမှုများနှင့် မတူညီသည့် နွေဦးတော်လှန်ရေး
လွန်ခဲ့သော တစ်နှစ် က
လက်ရှိခုခံတွန်းလှန်မှုသည် ဒီမိုကရေစီအရသာ မြည်းစမ်းခဲ့ဖူးသော နည်းပညာကျွမ်းကျင်သူ လူလတ် တန်းစား လူငယ်များမှ ဦးဆောင်နေခြင်းဖြစ်ပြီး ဒီမိုကရေစီမရမချင်း အလျော့ပေးမည် မဟုတ်ချေ။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုမှ လွတ်လပ်ရေးရခဲ့သည့်နောက်ပိုင်း နှစ်အတော် များများမှာ စစ်အာဏာရှင်တို့၏ အုပ်ချုပ်ခြင်းခံခဲ့ရသည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းက အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ် အဆုံးသတ်ခဲ့ပြီး နောင်နှစ်ပေါင်း ၂၆ နှစ်အထိ ၎င်းက အာဏာရယူထားခဲ့သည်။
၁၉၈၈ ခုနှစ် ဆန္ဒပြပွဲများနောက်ပိုင်း ၎င်းနှုတ်ထွက်ခဲ့သော်လည်း နိုင်ငံ၏ အခြေအနေမှာ များစွာ ပြောင်းလဲ မသွားခဲ့ပါ။ မြန်မာနိုင်ငံသည် စစ်တပ်အုပ်ချုပ်မှုအောက်တွင် ဆက်လက်ရှိနေခဲ့ပြီး အလွဲလွဲ အချော်ချော် အုပ်ချုပ်ရေးနှင့် ကျယ်ပြန့်သော ဆင်းရဲမွဲတေမှုကို ခံစားနေခဲ့ရသည်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည်။ သမ္မတဦးသိန်းစိန်က နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးခဲ့ကာ အရပ်ဘက်-စစ်ဘက်အုပ်ချုပ်ရေးပုံစံ တည်ဆောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဖြင့်လည်းကောင်း သုံးနှစ်အကြာတွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင်လည်းကောင်း နိုင်ငံရေးသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ စီးပွားရေး ပွင့်လင်း လာကာ သတင်းစာလွတ်လပ်ခွင့် မြင့်တက်လာခြင်း၊ အင်တာနက်အသုံးပြုခွင့် ရရှိလာခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်တို့နှင့် အပစ်ရပ်စဲရေး သဘောတူညီချက်တို့လည်း ချုပ်ဆိုနိုင်ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ်တွင်မူ မြန်မာစစ်တပ်သည် အာဏာသိမ်းယူခဲ့ကာ ရွေးကောက်ခံ အစိုးရ ကို ဖြုတ်ချခဲ့သည်။ နှစ်အနည်းငယ်အတွင်း အယောင်ပြဒီမိုကရေစီအုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်လာသည့် မျှော်လင့်ချက်များ ကြွေမွပျက်စီးခဲ့သည်။
အာဏာသိမ်းဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် နင့် သူမကို ထောက်ခံသူများ ပြန်လွှတ် ပေးရေး၊ လွှတ်တော်ပြန်လည် ခေါ်ယူ ရေး တောင်းဆိုခဲ့ကြသည်။ ၎င်းလှုပ်ရှားမှုများမှာ မကြာမီပင် ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး နှင့် စစ်တပ်ကို အရပ်ဘက် အုပ်ချုပ်ရေးအောက်တွင် ထားရှိရေးတို့အဖြစ် ပြောင်းလဲသွားခဲ့သည်
အာဏာသိမ်းဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နင့် သူမကို ထောက်ခံသူများ ပြန်လွှတ် ပေးရေး၊ လွှတ်တော်ပြန်လည် ခေါ်ယူ ရေး တောင်းဆိုခဲ့ကြသည်။ ၎င်းလှုပ်ရှားမှုများမှာ မကြာမီပင် ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနှင့် စစ်တပ်ကို အရပ်ဘက် အုပ်ချုပ်ရေးအောက်တွင် ထားရှိရေးတို့အဖြစ် ပြောင်းလဲသွားခဲ့သည်။
The Diplomat မှ ဆောင်းပါးရှင်သည် ဇန်နဝါရီလနှင့် မတ်လအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း သွားရောက်ခဲ့စဉ် လက်ရှိ နွေဦးတော်လှန်ရေးသည် ကျောင်းသားများဦးဆောင်သည့် ၁၉၈၈ ခုနှစ် အုံကြွမှုနှင့် သံဃာတော်များဦးဆောင်သည့် ၂၀၀၇ ခုနှစ်အုံကြွမှုတို့နှင့် မတူညီကြောင်း ခုခံတော်လှန်ရေး အဖွဲ့များနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုပြုလုပ်ကြသူများက ပြောကြားကြသည်ဟု ရေးသား ဖော်ပြထားသည်။
“ရည်ရွယ်ချက်က နေပြည်တော်ဖြစ်တယ်။ နယ်မြေခုခံမှုမဟုတ်ပါ”
ချင်းအမျိုးသားတပ်ဦး(CNF) ၏ စစ်ဌာနချုပ်ဖြစ်သော ဗစ်တိုရီးယားစခန်းတွင် ဖေဖော်ဝါရီလ ၆ ရက် က ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ဒုဥက္ကဌ Dr. Sui Khar က မြန်မာ့နွေဦးတော်လှန်ရေး၏ ယခင်က မရှိခဲ့ဖူးသော အခြေခံရှုမြင်မှုနှစ်ခုကို ရှင်းလင်းပြောဆိုခဲ့သည်။
"အရင်က တိုင်းရင်းသားလူနည်းစုတွေကပဲ စစ်အာဏာရှင်နဲ့ ထိတွေ့ရင်ဆိုင်ခဲ့ရတာ။ အခုကတော့ ပြည်မဗမာလူများစု ရှိသည့် နယ်မြေများ]” ကပါ စစ်အာဏာရှင်ကို လက်နက်ကိုင်ပြီး ဆန့်ကျင်လာကြ ပြီဆိုတာ ခုခံကာကွယ်ရေးအဖွဲ့တွေ အများကြီး ပေါ်ထွက်လာတာက သက်သေပါပဲ" ဟု Sui Khar က ပြောကြားသည်။
CNF ဒုဥက္ကဌက နွေဦးတော်လှန်ရေး၏ အဓိက ရည်မှန်းချက်မှာ စစ်အာဏာရှင် ဖြုတ်ချရေးဖြစ်သည်ဟု ထောက်ပြပြောဆိုသည်။
"EAO(တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ)တွေက သက်ဆိုင်ရာနယ်မြေတွေကို ခုခံ ကာကွယ်ဖို့ အတွက် တိုက်ခိုက်လာတာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ။ အခုအခါ ရည်မှန်းချက်က နေပြည်တော် ဖြစ်တယ်။ နယ်မြေခုခံကာကွယ်ရေး မဟုတ်ဘူး။ စစ်တပ်က ဖွဲ့ထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဖျက်သိမ်းနိုင်မှ သာ တိုက်ခိုက်မှုတွေ ရပ်မှာ ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။
အခုအခါ ရည်မှန်းချက်က နေပြည်တော် ဖြစ်တယ်။ နယ်မြေ ခုခံကာကွယ်ရေး မဟုတ်ဘူး။ စစ်တပ်ကဖွဲ့ထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဖျက်သိမ်းနိုင်မှ သာ တိုက်ခိုက်မှုတွေ ရပ်မှာ ဖြစ်ပါတယ်
ဗမာလူမျိုးများအခြေချနေထိုင်သည့် ဒေသများ (စစ်ကိုင်းတိုင်းဒေသကြီးကဲ့သို့သော) သည်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေအဆိုးရွားဆုံး ထိခိုက်သည့် ဒေသများတွင် ပါဝင် နေခဲ့သည်။ ကချင်၊ ချင်းနှင့် ကရင်ပြည်နယ်များနှင့် အလားတူအခြေအနေပင် ဖြစ်သည်။
တိုက်ခိုက်ရေးသမားများအဖြစ် ခုခံကာကွယ်ရေးအဖွဲ့များတွင် ပါဝင်ကြသည့်အပြင် ပြည်ပရောက် မြန်မာများ ကလည်း မြန်မာ့တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေရေးတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြ သည်။ ဆရာ၊ ဆရာမများနှင့် ဆရာဝန် အမြောက်အများသည် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်လာကြပြီး ၎င်းတို့သည် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရမှ တည်ထောင်သည့် ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင် နေကြသည်ဟု ခုခံကာကွယ်ရေးခေါင်းဆောင်များက ပြောကြားကြသည်။
စစ်တပ်၏ ကျေးရွာများကို စီးနင်းမှုကြောင့် အိမ်မှ စွန့်ခွာခဲ့ရသည့် ဒုက္ခသည်ကလေးငယ်များအတွက် အိန္ဒိယနိုင်ငံ မနိပူရ်ပြည်နယ် နယ်စပ်တွင် တမူးမှ ဆရာ၊ ဆရာမများက နွေဦးကျောင်းများ တည်ထောင်ထားသည်။
"ဒီမိုကရေစီ အရသာမြည်းစမ်းခဲ့ရမှုက ပြောင်းလဲစေတဲ့ အကြောင်းရင်း"
၂၀၁၁-၂၁ ခုနှစ်များအတွင်း အရပ်သားတစ်ပိုင်း အစိုးရများကြောင့် လူထု၏ စိတ်နေသဘောထား များကို အဆုံးအဖြတ်ပေးသည့် ထိရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ပြီး ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့သောအခါ ပြင်ပကမ္ဘာကို သိမြင်ထိတွေ့လာခဲ့သည်။ လူထုသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် စစ်အစိုးရအဆက်ဆက် ၎င်းတို့၏ မူဝါဒများက မြန်မာနိုင်ငံကို မည်မျှဖျက်ဆီးခဲ့သည်ကို နှိုင်းယှဉ် သိမြင်လာနိုင်ခဲ့သည်။
“အဲဒီ ကာလတွေက လူထုရဲ့ အမြင်ကို အများကြီး ပြောင်းလဲစေခဲ့တယ်။နိုင်ငံကို စစ်တပ် ထပ်ပြီး မအုပ်ချုပ်သင့် တော့ဘူးလို့ သူတို့က အခိုင်အမာယုံကြည်လာကြတယ်။” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (CHRO) မှ အစီအစဉ် မန်နေဂျာ Salai Mang Hre Lian က ပြောကြားသည်။
ဒစ်ဂျစ်တယ်နည်းပညာသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။
"သတင်းအချက် အလက်တွေ ပိုမို ရရှိလာတဲ့အတွက် အသိအမြင်အသစ်တွေ ဖန်တီးပေးပြီး ရည်မှန်းချက်ဆန္ဒ အသစ်တွေ ဖြစ်ပေါ်စေတယ်။”၊ "ဒီမိုကရေစီကို မြည်းစမ်းလိုက်ရတာက အပြောင်းအလဲအတွက် အကြောင်း ရင်းပဲ။” ဟု ၎င်းက ပြောသည်။
ဒီမိုကရေစီဖြစ်စဉ် ကြားဖြတ်ဝင်ရောက်ခဲ့သည့် ကာလများအတွင်း ဖြစ်ပေါ်စေခဲ့သည့် လူမှုတရား မျှတရေး အရေးကိစ္စများအပေါ်တွင် အရပ်ဘက် လူ့အဖွဲ့အစည်း လှုပ်ရှားမှုများက မည်ကဲ့သို့ လှုံ့ဆော်ခဲ့သည်ဆိုသည့် အခြေအနေများကို စင်ကာပူနိုင်ငံ ISEAS-Yusof Ishak Institute မှ သုတေသီများ က အလေးပေးဖော်ပြခဲ့ကြသည်။
လက်ပတောင်းကြေးနီစီမံကိန်းဆန့်ကျင်ရေးနှင့် အထည်ချုပ်ကဏ္ဍများအပါအဝင် ၎င်းကာလအတွင်း ဖြစ်ပေါ်ခဲ့သော ဆန္ဒဖော်ထုတ်မှုများစွာကို ဥပမာအဖြစ် ၎င်းတို့က ဖော်ပြကြသည်။
၎င်းဆန္ဒဖော်ထုတ်မှုများက ဆင်းရဲမွဲတေမှုနှင့် ဆက်စပ်အရေးကိစ္စများ ကိုဖော်ထုတ်ဖြေရှင်းကြသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူမှုအသိုင်းအဝိုင်းအခြေပြုအဖွဲ့အစည်းများ၏ အားထုတ်မှု များနှင့် မည်သို့ ဒွန်တွဲဆက်စပ်နေသည်ကို "အခြေခံလူတန်းစားများ၏ နိုင်ငံရေးကို တိတ်တဆိတ် ပြန်လည် တည်ဆောက်နေသည့် အများအားဖြင့် မမြင်နိုင်သော ပြုပြင်ပြောင်းလဲရေး၏ ကျယ်ပြန့်သော အခြေခံအုတ်မြစ်” ကို ကိုယ်စားပြုသည်ဟု ၎င်းသုတေသီများက ရှင်းလင်းဖော်ပြ ကြသည်။
ရိုးရှင်းစွာဆိုရလျှင် မြန်မာလူထုကို လွတ်လပ်မှုအရသာ အကန့်အသတ်ဖြင့်သာ ပေးအပ်ခဲ့သော်လည်း စစ်တပ်သည် ယခုအခါ ထွက်ပြီး ဆင်စွယ် ပြန်ဝင်စေရန် မတတ်နိုင်တော့သကဲ့သို့ ယခင်ကဲ့သို့ တိုက်ရိုက် အုပ်ချုပ်မှုပုံစံသို့ ပြန်သွားရန် မဖြစ်နိုင်တော့ပေ
ရိုးရှင်းစွာဆိုရလျှင် မြန်မာလူထုကို လွတ်လပ်မှုအရသာ အကန့်အသတ်ဖြင့်သာ ပေးအပ်ခဲ့သော်လည်း စစ်တပ်သည် ယခုအခါ ထွက်ပြီး ဆင်စွယ် ပြန်ဝင်စေရန် မတတ်နိုင်တော့သကဲ့သို့ ယခင်ကဲ့သို့ တိုက်ရိုက် အုပ်ချုပ်မှုပုံစံသို့ ပြန်သွားရန် မဖြစ်နိုင်တော့ပေ။
ဂျန်ဇီးတို့၏ တက်ကြွထက်သန်သော လုပ်ရပ်
အာဏာသိမ်းမှု၏ နောက်ဆက်တွဲရလဒ်များစွာအနက် တစ်ခုမှာ ခုခံကာကွယ်ရေးလှုပ်ရှားမှုမှ နည်းပညာကျွမ်းဝင်သည့် ဂျန်ဇီးတို့၏ ဦးဆောင်မှုအခန်းကဏ္ဍဖြစ်သည်။ သက်ဝင်လှုပ်ရှားနေသော ခုခံကာကွယ်ရေးဖွဲ့များနှင့် အာဏာဖီဆန်မှုလှုပ်ရှားသူများတွင် အများအားဖြင့် အသက် ၂၀ မှ ၃၅ အကြားဖြစ်ကြသည်။ The Diplomat ဆောင်းပါးရှင် တွေ့ဆုံမေးမြန်းခဲ့သူများတွင် Dr. Sui Khar နှင့် ကလေးလူထုကာကွယ်ရေးတပ်ဖွဲ့ ပါဝင်တည်ထောင်သူနှစ်ဦးတို့သာ အသက် ၆၀ အရွယ်ရှိကြသည်။
အဖွဲ့အစည်းအမျိုးမျိုးမှ ပြုစုခဲ့သော သုတေသနများတွင် မြန်မာလူဦးရေ၏ လေးပုံတစ်ပုံမှာ ဂျန်ဇီးတို့ ဖြစ်သည်ဟု ဖော်ပြနေကြသည်။ ၎င်းတို့သည် နိုင်ငံရေးလွတ်လပ်မှု ဖြစ်ပေါ်ခဲ့သည့် ၂၀၁၁ နောက်ပိုင်းတွင် အရွယ်ရောက်လာခဲ့ကြသည်။ ဂျန်ဇီးလူငယ် ခန့်မှန်းခြေ ၄.၈ သန်း နိုဝင်ဘာ ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမဆုံအကြိမ် မဲပေးခဲ့ကြသည်။ ၎င်းတို့၏ အမြင်တွင် စစ်အာဏာရှင်ဆိုသည်မှာ ဆင်းရဲမွေတေမှုနှင့် ဖိနှိပ်မှု၏ သရုပ်သကန်သာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မှောင်မိုက်သည့် အတိတ် ကာလသို့ ပြန်မသွားလိုကြပါ။
ယခင်မျိုးဆက်များကဲ့သို့မဟုတ်ဘဲ ဂျန်ဇီးများသည် အင်တာနက်နှင့် ကြီးပြင်းလာခဲ့ကြသည့်အတွက် သတင်းအချက်အလက် အရင်းအမြစ်မျိုးစုံကို ဖုန်းကွယ်ထားခြင်းမရှိဘဲ သိရှိသုံးစွဲလာကြသည်။ မြန်မာနိုင်ငံတွင် အင်တာနက်ပျံ့နှံ့ထိုးဖောက်မှုမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ၂၀၁၉-၂၁ အတွင်း အသုံးပြုသူ အရေအတွက် ၃.၅ သန်း တိုးပွားလာခဲ့ကာ အာဏာသိမ်းချိန်တွင် စုစုပေါင်း ၂၃.၆၅ သန်းအထိ ရောက်ရှိလာခဲ့သည်။
“အင်တာနက်နဲ့ ဆိုရှယ်မီဒီယာက နိုင်ငံအနှံ့ကျယ်ပြန်တဲ့ လှုပ်ရှားမှုကို အကျိုးပြုပါတယ်။ အချိတ်အဆက်ပြုလုပ်တာ၊ အရွှေ့အပြောင်းလုပ်တာနဲ့ ပရိတ်သတ်အများကြီးအကြားမှာ ရည်မှန်းချက် ဆွေးနွေးတာတွေအတွက် ကူညီပေးတယ်။ အကျိုးသက်ရောက်မှုက အများကြီးပါ။” ဟု အိန္ဒိယနယ်စပ် မနီပူရ်ပြည်နယ် မိုရေးမြို့မှ ခုခံကာကွယ်တိုက်ခိုက်ရေးသမားတစ်ဦးက အမည် မဖော်ဘဲ ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသတွင်း လက်နက်ထုတ်လုပ်ရေးအဖွဲ့မှ ပညာရှင်နှစ်ဦးကလည်း အင်တာနက်၏ အကျိုးသက်ရောက်မှုကို ထုတ်ဖော်ပြောကြားခဲ့သည်။
ပြည်ပရောက်အသိုင်းအဝိုင်းများအတွက်လည်း အွန်လိုင်းမှတဆင့် ရန်ပုံငွေရှာဖွေရေးတွင် အကျိုးပြု သည်။ ယခင်အုံကြွမှုများတွင် အထူးသဖြင့် ၁၉၈၈ ခုနှစ် အုံကြွမှုတွင် တော်လှန်ရေးပြုလုပ်သူတို့သည် နိုင်ငံခြားတိုင်းပြည်များ၏ လက်နက်နှင့် ရန်ပုံငွေကိုသာ အမှီပြုခဲ့ရသည်။
လူလတ်တန်းစား ဦးဆောင်သည့် တော်လှန်ရေး
The Diplomat မှ ဆောင်းပါးရှင်တွေ့ဆုံခဲ့သည့် မြန်မာနိုင်ငံမှ သူပုန်အုပ်စုများ၏ ခေါင်းဆောင်များမှာ လူလတ်တန်းစား သို့မဟုတ် လူလတ်တန်းစား အောက်ခြေအလွှာ နောက်ခံမှ အများစု ထွက်ပေါ်လာ ကြသူများဖြစ်သည်။
ချင်းရိုင်ဖယ်အဖွဲ့မှ တိုက်ပွဲဝင်အမည် ကြောင်နက်ဟု ခေါ်ဆိုသည့် စစ်ဦးစီးမှာ ၎င်းအလွှာမှ တစ်ဦးဖြစ်သည်။ ၎င်းသည် နယူးဒေလီတွင် ကျောင်းတက်ခဲ့ပြီး ကလေးမြို့သို့ ပြန်လာ၍ ခုခံကာကွယ်ရေးလှုပ်ရှားမှုတွင် မပါဝင်မီက အိန္ဒိယတွင်ပင် အလုပ်လုပ်ကိုင်ခဲ့သည်။ Mountain Eagle Defense Force၊ ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့၊ ထန်တလန် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် အခြားသော တမူးနယ်စပ်မှ လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အကြီးတန်း တာဝန်ယူထားသူများသည် အလားတူ လူမှုနောက်ခံများမှ ဖြစ်ကြသည်။
၎င်းအဖွဲ့များမှ ခိုင်မာစွာ ရှုမြင်ထားသည့်အချက်တစ်ခုမှာ "ပညာတတ်အလွှာများ” ခုခံကာကွယ်ရေး တွင် လက်ရှောင်နေကြသည်ဟု ယူဆထားကြခြင်းဖြစ်သည်။
"ဒါပေမယ့် ခြွင်းချက်တွေလည်း ရှိပါတယ်။ မန္တလေးနဲ့ ရန်ကုန်က ပညာရည်မြင့်မားတဲ့ သူတွေ ပါဝင်နေကြတာ ရှိပါတယ်။ သူတို့က လူလတ်တန်းစား အထက်လွှာက ဖြစ်ပါတယ်။ အများအား ဖြင့်တော့ ကရင်ပြည်နယ်ဘက်ကို ပြောင်းရွှေ့သွားကြပြီ။” ဟု တမူးမြို့မှ ခုခံကာကွယရေးတပ်ဖွဲ့နှင့် ဆက်စပ်သူ ဗစ်တာက ပြောကြားသည်။
NUG၊ NCGUB နှင့် စိန်ခေါ်မှုအသစ်များ
၁၉၈၈ ခုနှစ် အုံကြွမှုနှင့် ဖြိုခွင်းမှုများကြောင့် နှစ်နှစ်အကြာတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွား ကြသူများက အသစ်ရွေးကောက်ခဲ့သည့် ဥပဒေပြုလွှတ်တော် အမတ်များဖြင့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် Democratic Alliance of Burma (DAB) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ National Coalition Government of the Union of Burma (NCGUB) တို့ ဖွဲ့စည်းရန် ဖြစ်လာခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ National Council of the Union of Burma (NCUB) ကိုလည်း NCGUB နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဖွဲ့ဝင်များက ဖွဲ့စည်းလိုက်သည်။
ထင်ရှားသည့် ဂျာနယ်လစ်နှင့် စာရေးဆရာ Bertil Lintner က NCGUB သည် "အတိုကောက်စာလုံး" တစ်လုံးထက် ပို၍ ဘာမျှ မဖြစ်လာခဲ့ဟု ပြောဆိုခဲ့သည်။ DAB သည် ၎င်းအဖွဲ့မှ အဖွဲ့ဝင်အချို့ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချုပ်ဆိုပြီးနောက် အဖျားရှူးသွားခဲ့သည်
သို့ရာတွင် ထင်ရှားသည့် ဂျာနယ်လစ်နှင့် စာရေးဆရာ Bertil Lintner က NCGUB သည် "အတိုကောက်စာလုံး" တစ်လုံးထက် ပို၍ ဘာမျှ မဖြစ်လာခဲ့ဟု ပြောဆိုခဲ့သည်။ DAB သည် ၎င်းအဖွဲ့မှ အဖွဲ့ဝင်အချို့ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချုပ်ဆိုပြီးနောက် အဖျားရှူးသွားခဲ့ သည်။
၂၀၂၁ အာဏာသိမ်းအပြီး နှစ်လအကြာတွင် ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် လမ်းပြမြေပုံ၊ ရောက်ရှိလက်လှမ်းမီမှု၊ စစ်တပ်ဆန့်ကျင်သည့် ညီညွတ်သော တပ်ဦးတည်ဆောက်ရေး အားထုတ်မှုနှင့် အောင်မြင်မှုတို့တွင် DAB ထက်သော်လည်းကောင်း NCGUB ထက်သော်လည်း ကောင်း ယခုအချိန်ထိ သာလွန်နေပါသေးသည်။
NUG ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ DAB နှင့် NCGUB တို့ရင်ဆိုင်ခဲ့ရသည်နှင့်လည်း ကွဲပြားပါ သည်။
အချို့အဖွဲ့များ၏ သီးခြားလွတ်လပ်စွာ လှုပ်ရှားလိုမှုများ၊ ကလေးသူငယ်များကို တိုက်ခိုက်ရေး သမားများအဖြစ် စာရင်းသွင်းစုဆောင်းခြင်းနှင့် တိုက်ခိုက်စေခြင်း၊ သံသယအနည်းငယ်ရှိရုံဖြင့် ဒလန်ဟု စွပ်စွဲကာ စစ်ဆေး မေးမြန်းခြင်းမရှိ ချက်ချင်း သတ်ဖြတ်ခြင်း၊ လက်နက်အထောက်အပံ့ မပေးအပ်နိုင်ခြင်းတို့ကိုလည်း ကြုံတွေ့ နေရသည်။
တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည့် ကလေးနှင့် တမူးမြို့များမှ ခုခံကာကွယ်ရေးခေါင်းဆောင်အများစုက ရန်ပုံငွေနှင့် လက်နက် အားနည်းမှုကို အထူးစိုးရိမ်ကြောင်း ပြောပြကြသည်။
နိုင်ငံရေးလေ့လာဆန်းစစ်သူ ဦးရဲမျိုးဟိန်းက NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် စစ်အာဏာရှင်ကို တိုက်ခိုက်ရန် လိုအပ်သည့် လက်နက်များ၏ ၂၀-၂၅ ရာခိုင်နှုန်းသာ ဝယ်ယူနိုင်ကြ သည်ဟု ပြောကြားသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်နက် ၃၀-၄၀ ရာခိုင်နှုန်းမှာ လက်လုပ်ရိုင်ဖယ်များ ဖြစ်ကြသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို လက်နက်တပ်ဆင်ရေး အတွက် ရသုံးငွေ၏ ၉၅ ရာခိုင်နှုန်းကို အသုံးပြုခဲ့သော်လည်း လက်နက်ထောက်ပံ့ရေးမှာ “အားနည်းချက်” တစ်ရပ်ဖြစ်နေကြောင်း NUG ကလည်း ဝန်ခံပြောကြားခဲ့သည်။
ခုခံကာကွယ်ရေးလုပ်ငန်းဆောင်တာများသည် NUG ခေါင်းဆောင်ပိုင်းနှင့် နွေဦးတော်လှန်ရေး မြေပြင် လှုပ်ရှားသူများအကြား အရေးပါသည့် "ကြီးမားသော ကွာဟချက်” ဖြစ်သည်။ အထူးသဖြင့် NUG ၏ စစ်ပွဲကိုင်တွယ်ပုံတွင် ပြဿနာရှိနေသည်။
“စောဒက တက်တာ မဟုတ်ပါဘူး။ အကြံပေးချင်တာပါ။ PDF တွေ၊ EAO တွေနဲ့ ညှိနှိုင်းဆက်ဆံရတဲ့ NUG ရဲ့ အဆင့်မြင့်တာဝန်ရှိသူတွေအနေနဲ့ မြေပြင်အရှိတရားကို သိရှိနားလည်တဲ့ အတွေ့အကြုံ ရှိသူတွေ ဖြစ်စေချင်ပါတယ်။” ဟု တမူးမြို့မှ ယခင် ရဲတပ်ကြပ်ကြီးဟောင်းနှင့် ခုခံကာကွယ်ရေး တပ်စိတ်တစ်ခု၏ ခေါင်းဆောင် ဦး Demo Htoo က ပြောကြားသည်။
စစ်တပ်သည် နွေဦးတော်လှန်ရေးကို ယခုအထိ ကြာရှည်မည်ဟု မမျှော်လင့်ခဲ့ပါ။ ခုခံကာကွယ်မှုများ ယခုထိ ကျယ်ပြန့်လာမည်ဟုလည်း မမျှော်လင့်ခဲဘဲ ယခုချိန်တွင်မူ နေပြည်တော်တံခါးဝသို့ ချဉ်းကပ်လာခဲ့ပြီ ဖြစ်သည်။
ခုခံကာကွယ်ရေးခေါင်းဆောင်အများအပြားက နွေဦးတော်လှန်ရေးသည် နိုင်ငံအတွက် အဆုံးသတ် တိုက်ပွဲဖြစ်မည်ဟု ယုံကြည်နေကြသည်။
ကိုးကား - The Diplomat: “Myanmar Has Had Anti-Junta Uprisings Before. The Spring Revolution Is Different.” မှ ကောက်နှုတ်ပြန်ဆိုသည်။
ပုံစာ - ချင်းပြည်နယ်၊ ဗစ်တိုရီးယားစခန်း ချင်းအမျိုးသားတပ်မတော်မှ လူငယ်တိုက်ခိုက်ရေးသမားများ (Photo: Rajeev Bhattacharyya)