Opinion
အရှင်သခင်မဲ့ အိမ်ယာစိုက်ခင်းများ
လွန်ခဲ့သော ၂ နှစ် က
မြင်ကွင်းအရ ကြေကွဲစရာအတိပြီးနေသည်ဟု ဆိုရလိမ့်မည်။ အသက်ခြောက်ဆယ်တန်း ကျေး လက်နေ အမျိုးသမီး တစ်ဦးက ပြာပုံအတိပြီးနေသော သူ့အိမ်နေရာတွင် မတ်တပ်ရပ်ရင်းက လုံချည်စဖြင့် မျက်ရည်သုတ်နေသည်။
မလှမ်းမကမ်းမှာ မီးလောင်ပြီး တစ်ပိုင်းတစ်စ ကျန်ရစ်သောခြံစည်းရိုးအစပ်က သစ်ပင်ကိုင်းခြောက် ညိုမည်းမည်း။ အမျိုးသမီး၏ ဘေးမလှမ်းမကမ်းမှာလည်း သူ့အိမ်လိုပင် ပြာပုံအတိပြီးနေသော အိမ်ယာတွေက လက်ညှိုးထိုးမလွဲ မွမွကြေလျက်။
ထိုမြင်ကွင်းက မြန်မာပြည်အလယ်ပိုင်း ရွှေဘိုတစ်ဝိုက်တွင် ဖြစ်သည်။ နေ့စဥ်နှင့်အမျှ ကြားနေရ သော တစ်ရွာဝင် တစ်ရွာထွက် မီးရှို့၊ လူသတ် ၊ လုယက်စသည့် သတင်းများ၏ ထင်ရှားသော ပြယုဂ်များဆိုလည်း မှားမည်မထင်။ သုသာန်တစပြင်လို ပြာပုံကြား ညိုမွဲခြောက်ကပ်ရင်း ကျန်ခဲ့ သည့် အကြွင်းအကျန်တွေ ကြည့်ရသည်က စိတ်ချောက်ချားစရာ ကောင်းလေသည်။
စင်စစ်မူ ဤသို့သော မြင်ကွင်းများက ခုမှ ရုတ်တရက်ပေါ်လာသော မြင်ကွင်းတို့မဟုတ်။ အချိန်အား ဖြင့် တစ်နှစ်ကျော် ၂နှစ်အတွင်း ရှိလာမြင်လာရသော မြင်ကွင်းများဖြစ်၏။ ဤသည်က မြန်မာနိုင်ငံ အလယ်ပိုင်းဒေသလောက်သာ ရှိသေးသည်။
တွက်စစ်ကြည့်ရင် တိုင်းရင်းသားများနေထိုင်ရာ အစွန်အဖျားနေရာများမှာဆို ထိုဒုက္ခကို ဆယ်စု နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ကြရတာ ဖြစ်သည်။
တောကြိုအုံကြား မဖိတ်ခေါ်ဘဲ ရောက်လာသည့် စစ်ဖိနပ်သံတို့အောက် ဘဝပျက်ရုံမက အသက်ပါ ပျောက်ရသည့် အရေအတွက် မည်၍မည်မျှရှိနေပြီလဲမူ မသိနိုင်။ အရွယ်သုံးပါးမရွေး ၊ အချိန်မရွေး ပြေးမလွတ်သော ဒုက္ခဖြစ်သည်။
ဘုန်းကြီးသော၊ သင်းအုပ်သော နားမလည်သည့် စစ်ဖြစ်သည်။ ဘဝမှာ အများကြီးမမျှော်လင့်ဘဲ ပိုင်ဆိုင်သည့်မြေ လေးမှာ အေးအေးလူလူ စိုက်ပျိုးစားရလျင်ပင် ကျေနပ်သည့်ဘဝများသည် ကိုယ့် မြေကိုယ့်ယာကို စွန့်ခွာရင်း တောထဲတောင်ထဲ ခြေသလုံးအိမ်တိုင်အဖြစ်နှင့် ဘဝပျက်ခဲ့ရခြင်းတို့ မည်မျှရှိခဲ့ပြီလဲ မည်သူမှမသိနိုင်။
ရွာတွေထဲ ဝင်လာလျင် ရသမျှ ရှာဖွေလုယက်ရုံမျှမက စိတ်မထင်လျက် လူကိုပင် အလွယ်တကူ သတ်ဖြတ်ရန်အထိ ဝန်မလေးသည့် လူရမ်းကားများက ပြည်သူကိုကာကွယ်နေသည်ဆိုပြန်ရာ လွန်စွာ ရယ်စရာကောင်းသည့် ပြက်လုံး ဖြစ်နေတော့သည်။
ယခုမူ ပြည်သူသည် အရင်လိုမအတော့။ ရရာလက်နက်စွဲကိုင်ရင်း ဖိနှိပ်မှုမှန်သမျှကို အမြစ်ဖြတ်ရန် သံဓိဌာန် ချထားပြီးလေပြီ။ အာဏာရှင်ဆိုသည်မှာ အများအားဖြင့် အရှင်မထွက်ဘဲ အသေသာ ထွက်တတ်ကြောင်း ကမ္ဘာ့သမိုင်းထဲ အထင်အရှား တွေ့မြင်နိုင်သည် မဟုတ်ပါလား။ အီရတ်မှာ၊ လစ်ဗျားမှာ ၊ ရိုမေးနီးယားမှာ စသည့် သာဓကတွေ ရှိခဲ့သည်မဟုတ်ပါလား။
ထိုနည်းတူစွာပင် စစ်ကာလ မှတ်တမ်းတင်ထားသော ဓာတ်ပုံများစွာရှိနေရာ ကမ္ဘာ့သမိုင်းတွင် ဖျောက်ဖျက်၍မရသော အမှန်တရားကို ထိုသို့ပင် လက်ဆင့်ကမ်း ထိန်းသိမ်းကြရလိမ့်မည်။
ယဥ်ကျေးသောကမ္ဘာ့ လူ့အဖွဲ့အစည်းအတွင်း ထိုသို့သော မြင်ကွင်းနှင့် ဖြစ်ရပ်ဆိုးများသည် အနာဂတ်အတွက် သင်ခန်းစာယူ ရှောင်ကြဥ်စရာ သာဓကများအဖြစ် ချန်ရစ်ရလိမ့်မည်။
ဤကမ္ဘာမြေပေါ်တွင် အာဏာရှင်တို့ ဦးနှောက်နည်းသမျှ စိမ်းလန်းသော လယ်ကွင်းများက ခြောက်သွေ့တိတ်ဆိတ်စွာဖြင့် အရှင်သခင်အစစ်အမှန်ကို စောင့်ကြိုနေကြရဦးမည်ဖြစ်၏။
အထက်ကဆိုခဲ့သော ဓာတ်ပုံထဲက ဗမာနိုင်ငံသူ တစ်ဦးအတွက်လည်း ထိုနည်းနှင့်ပင်ဖြစ်၏။ ရွာပြင် ၌ နှစ်စဥ်ဆိုသလို စိမ်းလန်းတောက်ပခဲ့သော၊ ဘိုးဘေးစဥ်ဆက် ပိုင်ဆိုင်လာခဲ့သော လယ်ယာမြေ များသည် ယခုတော့ ကောက်နှံအစား မြက်ရိုင်းများဟီးထနေပြီ။
ထိုနေရာဆီ အရင်ကလို သူတို့ ဘယ်အချိန် ပျော်ပျော်ပါးပါးဖြင့် ပြန်ခြေချနိုင်မည်လဲဆိုသည်က မသေချာ။ စစ်အာဏာရှင်တည်းဟူသော လူသတ်ဓားပြတွေရှိနေသမျှ မသိနိုင်သည့် ပုစ္ဆာတစ်ခု အဖြစ် ကျန်ရစ်နေမည်က သေချာနေလေသည်။
Share With