bap-logo
Opinion

ခေတ်၏ အော်သံ

855b9A0jgOTZP1-FVLvPr-image

လွန်ခဲ့သော ၂ နှစ် က

ညည်းညူသံများကို တစ်နေ့ထက်တစ်နေ့ ပိုမိုကြားလာနေရသည်။ ကိုဗစ်အစ ပထမကာလတုန်းက လူတို့ ညည်းညူခဲ့ဖူးသော်လည်း ယခုတစ်ခါ ညည်းညူခြင်းနှင့် အတိုင်းအဆ၊ ပြင်းအား ကွာသည် ဆိုရမည်။
 
ကိုဗစ်ကာလတုန်းက ညည်းညူသံသည် အလုပ်အကိုင်ပျက်ပြီး စားဝတ်နေရေးအပေါ် အတန်အသင့် ထိခိုက်မှုကြောင့် အဓိကဖြစ်သည်။
 
ကုန်စျေးနှုန်းများ မတက်မဟုတ်၊ တက်၏။ သို့ရာတွင် ယခုလို မတန်တဆနှုန်းဖြင့် တက်ခြင်းမျိုး မဟုတ်ပေ။ အဓိကအားဖြင့် ထိုစဉ် မရှိမဖြစ်သော ဆေးနှင့် ကျန်းမာရေးသုံးပစ္စည်းများ စျေးတက် ခြင်း ဖြစ်သည်။
 
စားသောက်ကုန်သည် ခဏတဖြုတ် တက်ရိပ်ပြပြီး မကြာမီ ပုံမှန်အနေအထား ပြန်ရောက်သွားခဲ့ သည်။ ထိုအချိန် လူအများ၏ ကြောက်ရွံ့စိုးထိတ်မှုက ကျန်းမာရေးပြဿနာအပေါ် မှီတည်နေသည် ဆိုရမည်။
 
လက်ရှိအချိန် ညည်းညူသံများကဖြင့် ကုန်စျေးနှုန်းသာမက နိုင်ငံရေးကလည်း အဓိကကျနေသည်။ နိုင်ငံရေးအလို့ ငှာ စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများ ထိတွေ့ကြုံဆုံလာရာ ပြည်သူများ၏ နေ့စဉ်ဘဝသည် ထိတ်လန့်ချောက်ချားမှုတို့ဖြင့် ကျီးလန့်စာစားအဖြစ်ထဲ လုံးချာလည်နေတော့၏။
 
အတိတ်ကာလ ကဏ္ဍအသီးသီးတွင် ဝါးအစည်းပြေသလို ယိုယွင်းယိုင်နဲ့ ဖရိုဖရဲဖြစ်မှုများစွာ ရှိခဲ့ သည်။ ထိုအစည်းပြေမှုများအား ပြန်လည်စုစည်းရန်ဆိုသည် ရုတ်ခြည်းမဖြစ်နိုင်သော်လည်း ပြီးခဲ့ သည့် ကာလအတောအတွင်း ပြုပြင်ပြောင်းလဲမှုများ ရှိခဲ့ခြင်းကိုဖြင့် လက်ခံရမည်။
 
ပညာရေး၊ ကျန်းမာရေး၊ အထူးသဖြင့် စီးပွားရေးတို့တွင် စည်းစနစ်ဘောင်တို့ဖြင့် စနစ်ကျလာရန် ကြိုးစားမှုတို့ကို မြင်ခဲ့ရသည်။ ငွေကြေးလဲလှယ်မှုစနစ် တည်ငြိမ်အောင် လုပ်ဆောင်ခြင်းမှ အစ ဘဏ်စနစ်ဖွံ့ဖြိုးမှု ပိုမိုအား ကောင်းလာခြင်းအဆုံး တိုးတက်မှုများကို မြင်ခဲ့ရသည်။
 
အကျိုးဆက်အားဖြင့် ငွေကြးစျေးနှုန်း အတော်အတန် တည်ငြိမ်လာပြီး ထိုအချက်က ကုန်စည် စျေးနှုန်းအပေါ်လည်းကောင်း သက်ရောက်မှုများ ရှိစေခဲ့သည်။
 
မည်သည့် တိုင်းပြည်၌မဆို အစိုးရမင်းများ၏ အဓိကအကျဆုံးသော အလုပ်သည် ပြည်သူလူထု၏ နေ့စဉ်စားဝတ် နေရေးဘဝအား သောင်သာအောင် ကြိုးစားလုပ် ဆောင်ရေးပင်ဖြစ်သည်။
 
အချို့သောကာလများတွင် ကမ္ဘာလုံးဆိုင်ရာရိုက်ခတ်မှုများ၊ စီးပွားရေးကျဆင်းခြင်းများ၊ စသည်ဖြင့် ကြုံရချိန် ကျွဲကူးရေပါ ဖြစ်နိုင်သည့်တိုင် အခြေခံသည် ပြည်သူ့ဘဝ တည်ငြိမ်ဖွံ့ဖြိုးရေးသာဖြစ် သည်။ ထို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားကြရသည်သာဖြစ်၏။
 
လက်ရှိ အချိန်သည် စစ်ကောင်စီက အာဏာကို အလွဲသုံးစားလုပ်ပြီး တိုင်းပြည်ကို ထင်ရာစိုင်းရင်း အခက်အခဲ အကျပ်အတည်းများအတွင်း ဆွဲသွင်းခဲ့သည့် ဒုတိယမြောက်နှစ်လည်း ဖြစ်သည်။ ထိုအတွင်း မည်သည့်အရာတို့ တိုးတက်လာသလဲဟု မေးလျင် အဖက်ဖက်က ချွတ် ခြုံကျနေမှုကို သာ လက်ညိုးထိုးပြရပေလိမ့်မည်။
 
အောက်ခြေလူထုကြားတွင် ပုံမှန်အားဖြင့် နှစ်ရာဖိုး ရောင်းနိုင်သည့် ပဲပြုတ်သည်သည် ယခုအခါ နှစ်ရာဖိုး မရောင်းနိုင်တော့။ ပဲစျေးက တစ်သောင်းနား ကပ်နေရာ ဝယ်သူရောင်းသူ နှစ်ဖက်စလုံး အပြန်အလှန် အားနာရသည့် အခြေအနေ ဖြစ်နေပြီ။
 
မုန့်ကြော်သည်၏ အသံလည်း လမ်းထဲမကြားရတော့။ ယခင်တစ်ခု အစိတ်မှသည် ယခု ငါးရာဖိုး သုံးခုဖြစ်ချိန် ဝယ်သူပါး၍ ရောင်းသူလည်း ရှားပြီ။ ကန်စွန်းရွက်တစ်စည်း ယခင် နှစ်ရာကျပ်ကနေ ယခု သုံး လေးရာကျပ်။ ကြက်ဥစျေးက တစ်လုံး နှစ်ရာ့သုံးလေးဆယ်။
 
အလားတူစွာ အထက်ပိုင်းတွင်လည်း တစ်နေ့တစ်မျိုး မရိုးရအောင် ထုတ်ပြန်နေသော ကုန်သွယ်မူ ဝါဒတွေကြောင့် စီးပွားရေးသမားများ၏ ညည်းညူသံတို့က လျှံထွက်နေသည်။
 
ဤသည်မှတပါး ကောင်းသောအသံဟူ၍ မကြားရသော ခေတ်ဆိုးခေတ်ပျက်ကြီး ဖြစ်နေပြီ။
 
ဒေသတွင်း၌လည်း အားလုံး၏ ဖယ်ကြဉ်မှုနှင့် ကြုံရသည်။ ကမ္ဘာ့အလယ်၌လည်း ဘယ်သူကမှ လူရာမသွင်းသော အနေအထား။
 
ဆိုရလျင် လက်ရှိကာလသည် ပြည်သူများအတွက် သမိုင်းတွင် တစ်ခါဖူးမျှ မကြုံဖူးသော ခေတ် ပျက်ကြီးပင်ဖြစ်ရာ ယင်းကို ကောင်းစွာသိမြင်လျက် ပိုမိုကောင်းမွန်ပြီး လူသား၏ အခြေခံရပိုင်ခွင့် များကို အာမခံချက်ပေးနိုင်သည့် တိုင်းပြည်မျိုး ထူထောင်ရန်မှတပါး အခြားမရှိကြောင်း လုံ့လ ဥဿဟ ပြုကြရန်ပင်ဖြစ်သည်။
 
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် လူမသမာတစ်သိုက်အတွက်မူကား သမိုင်းတွင် နာမည်ဆိုး ရေးထိုးကမ္ဗည်းတင်ရန် စောင့်ကြိုနေသည်က ယုံမှားသံသယရှိဖွယ်မလိုသည့် ကိစ္စဖြစ် ပေသည်။
 

 

နိုင်ငံရေး

Share With
bap-logo