bap-logo
Business

အိန္ဒိယ၏ ဆန်ဖြူတင်ပို့မှု ခွင့်ပြုပြီးနောက် ကမ္ဘာ့ဆန်ဈေး ကျဆင်း

zgM6_znSfKPE_TvzY9C8a-image

လွန်ခဲ့သော ၉ လ က

BAP၊ ဘာသာပြန်။



ကမ္ဘာ့နံပါတ် ၁ နှံစားထုတ်ကုန် တင်ပို့သူ အိန္ဒိယက တင်ပို့မှု ပြန်လည် ခွင့်ပြုပြီးနောက် တနင်္လာနေ့တွင် ကမ္ဘာ့ဆန်ဈေးကျဆင်းသွားသည်။



ကမ္ဘာအနှံ့ တင်သွင်းမှုမြင့်တက်လာစေပြီး အာရှနှင့် အာဖရိကမှ ဆင်းရဲနွမ်းပါးသည့် ဝယ်ယူသူများအတွက် ပိုမိုလက်လှမ်းမီသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန် ကူညီပေးရာရောက်သည်ဟု တင်ပို့သူများက ပြောသည်။



အိန္ဒိယက စနေနေ့တွင် ဘာစမာတီမဟုတ်သည့် ဆန်ဖြူ တင်ပို့မှု ခွင့်ပြုခဲ့သည်။ အိန္ဒိယအစိုးရက ပေါင်းဆန် တင်ပို့ခွန်ကို ၁၀ % လျှော့ချခဲ့ပြီး နောက်တစ်ရက်အကြာတွင် ယင်းကဲ့သို့ ခွင့်ပြုခဲ့ခြင်းဖြစ်ကာ စပါးသစ် မကြာမီ ရိတ်သိမ်းတော့မည်ဖြစ်ခြင်း၊ နိုင်ငံတော် သိုလှောင်ရုံများတွင် အပြည့်အမီ သိုလှောင်ထားခြင်းတို့ကြောင့် တင်ပို့မှု ခွင့်ပြုခဲ့ခြင်းဖြစ်သည်။



ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နိုင်ငံတွေက ဆန်တင်ပို့သူတွေဟာ အိန္ဒိယရဲ့ အပြောင်းအလဲကြောင့် သူတို့ရဲ့ ပို့ဈေးတွေကို လျော့ချခြင်းအားဖြင့် တုန့်ပြန်လာကြပါတယ်။” ဟု ဆန်တင်ပို့မှုတွင် ဦးဆောင်နေသော Satyam Balajee မှ အမှုဆောင်ညွှန်ကြားရေးမှူး Himanshu Agarwal က ပြောသည်။ "ဈေးကွက်ထဲမှာ နေရာဆက်ရဖို့အတွက် လူတိုင်းက ပြိုင်ဆိုင်နိုင်စွမ်းရှိအောင် ကြိုးစားနေကြပါတယ်။”



အိန္ဒိယနိုင်ငံက ပြီးခဲ့သည့်နှစ်တွင် ဆန်ဖြူတင်ပို့မှု ပိတ်ပင်လိုက်ပြီး ပေါင်းဆန်တင်ပို့မှု အကောက်ခွန် ၂၀% ပြဌာန်းလိုက်သောကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ၁၅ နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်သွားခဲ့သည်။

 


တနင်္လာနေ့တွင် အိန္ဒိယ၏ ၅% ပေါင်းဆန်ကွဲ အမျိုးအစားမှာ မက်ထရစ်တစ်တန်လျှင် ဒေါ်လာ ၅၀၀ – ဒေါ်လာ ၅၁၀ ဈေးဖြင့် ဈေးဖွင့်ခဲ့ကာ ပြီးခဲ့သည့်အပတ် ဈေးနှုန်းဖြစ်သော ဒေါ်လာ ၅၃၀ – ၅၃၆ အောက် လျော့ကျလာခဲ့သည်။ အိန္ဒိယ ၅% ဆန်ကွဲဖြူကို ဒေါ်လာ ၄၉၀ ဝန်းကျင် ဈေးပေးခဲ့သည်။



ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်းနှင့် မြန်မာတို့မှ ဆန်တင်ပို့သူများကလည်း တနင်္လာနေ့တွင်တစ်တန်လျှင် ၁၀ ဒေါ်လာ အနည်းဆုံး ဈေးလျှော့ခဲ့သည်ဟု ရောင်းဝယ်သူများက ပြောသည်။



ဖိလစ်ပိုင်၊ နိုင်ဂျီးရီးယား၊ အီရတ်၊ ဆီနီဂေါ၊ အင်ဒိုနီးရှား၊ မလေးရှားတို့မှာ အာရှဆန် အဓိက တင်သွင်းသူများအနက် အပါအဝင် ဖြစ်ကြသည်။



ရောင်းသူနှင့် ဝယ်သူများမှာ အိန္ဒိယ ဆန်တင်သွင်းမှု တိုးမြင့်လာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရိုက်ခတ်မှုကို အကဲဖြတ်နေကြသည့်အတွက် ယခုအပတ်တွင် ဈေးငြိမ်သွားမည်ဟု Olam Agri India ၏ အကြီးတန်း ဒုတိယ အမှုဆောင် အကြီးအကဲ Nitin Gupta က ပြောသည်။



အိန္ဒိယသည် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀% ကျော် ရှိခဲ့ပြီး ကမ္ဘာအနှံ့ ကုန်သွယ်မှု စုစုပေါင်း မက်ထရစ်တန် ၅၅.၄ သန်းတွင် မက်ထရစ်တန် ၂၂.၂ သန်း နှင့် စံချိန်တင်ခဲ့သည်။



ထိုင်းဆန်ဈေးမှာ ဒေါ်လာ ၅၄၀ – ၅၅၀ ဖြင့် တနင်္လာနေ့တွင် ဈေးဖွင့်ခဲ့ကာ ပြီးခဲ့သည့်အပတ် တစ်တန်လျှင် ဒေါ်လာ ၅၅၀ – ၅၆၀ မှ လျော့ကျသွားခြင်းဖြစ်သည်။



ဈေးကွက်အတွင်း တင်သွင်းမှု တိုးမြင့်လာသည့်အတွက် ထိုင်း ဆန်တင်ပို့မှု ဈေးနှုန်း ကျဆင်းနိုင်သော်လည်း ကျဆင်းမှုအတိုင်းအတာမှာ ထိုင်းငွေကြေး ခိုင်မာအားကောင်းနေခြင်းအပါအဝင် အချက်များစွာပေါ်တွင် မူတည်နေသည်ဟု ထိုင်းဆန်တင်ပို့သူများအသင်း ဂုဏ်ထူးဆောင်အကြီးအကဲ Chukiat Opaswong က ပြောသည်။



ဗီယက်နမ်တွင်ပင် ဆန်ဈေးနှုန်းများ ပြင်ဆင်ရန် စတင်နေကြသော်လည်း အိန္ဒိယတင်ပို့မှု၏ အပြည့်အဝ သက်ရောက်မှုကို မမြင်တွေ့ရသေးသည့်အတွက် ကုန်သည်များက သတိထားနေကြသည်။



“(ဗီယက်နမ်) တင်ပို့သူတွေ တည်တည်ငြိမ်ငြိမ် ရှိနေသင့်ပါတယ်။ စာချုပ်‌တွေ ဆက်ချုပ်နိုင်ဖို့အတွက်နဲ့ ဈေးတွေ လျှော့ချတာကို ရှောင်ရှားသင့်ပါတယ်။” ဆန်တင်ပို့သူ Vinarice Co., မှ အမှုဆောင် အကြီးအကဲ Truong Tan Tai က ပြောသည်။



ကိုးကား - Reuters

India
rice

Share With
bap-logo