Business
ရန်ကုန်မှာ အကျိုးတူ အထပ်မြင့်တိုက်ခန်း ဆောက်လုပ်မှုတွေ ရပ်နားလာနေရ
လွန်ခဲ့သော တစ်ရက် က
BAP၊ ဇူလိုင် ၂။
အိမ်ရှင်နဲ့ကန်ထရိုက်အကျိုးတူဆောက်လုပ်ဖို့ စီစဥ်ထားတဲ့ အထပ်မြင့်ကန်ထရိုက်တိုက် ဆောက် လုပ်မှုတွေ လုပ်ငန်းစတင်အကောင်ထည်မဖော်ခင်မှာတင် ရပ်နားလာနေတယ်လို့ မြေရှင်နဲ့ ကန်ထရိုက် တွေက ပြောပါတယ်။
မြေရှင်နဲ့ ကနဦးသဘောတူထားတဲ့ အခြေနေတွေကို ကန်ထရိုက်ဖက်ကနေ လုပ်ငန်းဆောက်လုပ်ဖို့ ရပ်နားလာကြတာလို့ အကျိုးတူဆောက်လုပ်မယ့် မြေပိုင်ရှင်အချို့က ပြောပါတယ်။
"ကနဦးညှိနှိုင်းထားတာက ပေ ၄၀ အကျယ်မြေမှာ ၂ ခန်းတွဲ ၆ ထပ်ဆောက်မယ်၊ တယောက်တခြမ်း ယူမယ်၊ ပြောင်းရွှေ့ကြေးဘာညာကိစ္စ စီစဥ်နေတုန်းမှာပဲ ခဏရပ်ထားမယ်၊ မဆောက်ဖြစ်သေးဘူးဆိုပြီး လာပြောတယ်၊ စာချုပ်မချုပ်ရသေးချိန်မှာပဲ ပျက်သွားတယ်၊ လမ်းထဲကအချို့အိမ်တွေလည်း ကန်ထရိုက် နဲ့ဆောက်ဖို့ လိုက်ချိတ်နေတယ်၊ ဘယ်သူမှ စိတ်မဝင်စားကြဘူး" လို့ ရန်ကုန်မြို့၊သာကေတမြို့နယ်က မြေပိုင်ရှင်တဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ သာကေတ၊ ဒေါပုံ၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥကလာပ၊ အင်းစိန်၊ မြောက်ဒဂုံနဲ့ တောင်ဒဂုံမြို့နယ်တွေဟာ ကန်ထရိုက်တိုက် အများဆုံးဆောက်လုပ်နေတဲ့ မြို့နယ်တွေ ဖြစ်ကြပါတယ်။
ရန်ကုန်မှာမြေရှင်နဲ့ ကန်ထရိုက် အခန်းပေးအခန်းယူစနစ်နဲ့ ဆောက်လုပ်တဲ့ အထပ်မြင့်ကန်ထရိုက်တိုက် ဆောက်လုပ်မှုတွေ နည်းပါး လာတာဟာ ဆောက်လုပ်ရေးပစ္စည်းတွေ စျေးမြင့်လာမူ၊ အထပ်မြင့် အခန်းတွေ လူစိတ်ဝင်စားမူနည်းလာတာနဲ့ အခြေခံလုပ်သားခေါ်ယူဖို့ ခက်ခဲနေတာကြောင့် ဆောက်လုပ် မူတွေ ခဏရပ်တန့်နေတာလို့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူအချို့က ပြောပါတယ်။
"ဆောက်လုပ်မူကုန်ကျစားရိတ်တွေကမြင့်လာတယ်၊ ဆောက်ပြီးသားတိုက်ခန်းတွေတောင် အကုန် ရောင်းမထွက်သေးဘူး၊ နောက်ထပ်ဆောက်ဖို့ ငွေကထပ်မထုတ်နိုင်တာမျိုးတွေရှိနေလို့ အသစ်ဆောက်ဖို့ ထက် လက်ရှိဆောက်လက်စတိုက်တွေပြီးစီးအောင် မနည်းလုပ်နေရတဲ့ အခြေနေ"လို့ ဆောက်လုပ်ရေး လုပ်ငန်း လုပ်နေသူတဦးက ပြောပါတယ်။
ဒီလို အထပ်မြင့်တိုက်ဆောက်ဖို့ ကန်ထရိုက်တွေက မြေရှင်ပိုင်တဲ့မြေကွက်ပေါ်မှာ ကန်ထရိုက်ပိုင်ငွေနဲ့ ဆောက်လုပ်ပြီး ရရှိလာတဲ့တိုက်ခန်းအပေါ် အကျိုးတူယူကြရတာပါ။ ယခင်ကတော့ မြေနေရာပေါ်မူ တည်ပြီး အကျိုးစီးပွား ခွဲယူကြရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မတ်လက မန္တလေးနဲ့စစ်ကိုင်းမြို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အပြီးမှာ လုပ်ငန်းစတင် အကောင် အထည် မဖော်ရသေးတဲ့မြေတွေမှာ လုပ်ငန်းရပ်တန့်မူ ဖြစ်တာများနေတယ်လို့ အဆောက်အဦ ဆောက်ဖို့ စိတ်ဝင်စားတဲ့ မြေရှင်အချို့က ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ လုပ်သားရှားပါးမှုကြုံနေရသလို အချို့လုပ်သားတွေဟာ လုပ်ခလစာ နှစ်ဆနီးပါးရတဲ့ ငလျင်သင့်ဒေသတွေမှာ သွားရောက်လုပ်ကိုင်မူတွေကြောင့်လည်း လုပ်ငန်းရှင်အချို့ ခက်ခဲနေကြတာလို့ ဆောက်လုပ်ရေးအသိုင်းဝိုင်းက ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့ဆီ ရွှေ့ပြောင်းရောက်လာသူတွေများလာတာနဲ့အမျှ နေထိုင်ဖို့ လိုအပ်ချက်တွေ ရှိလာတာကြောင့် တိုက်ခန်းငှားရမ်းသူတွေများနေပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ အဆောက်အဦတွေ တည်ဆောက်ရာမှာ ငလျင်ဒဏ် ပြင်းအား ၈ အဆင့်အထိ ခံနိုင်ရည် ရှိရမယ်ဆိုပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်ကြောင့် ရန်ကုန်မြို့က ဆောက် လက်စတိုက်ခန်းအချို့ ရပ်ဆိုင်းထားရတာမျိုးလည်း ရှိနေတယ်လို့ ဆောက်လုပ်ရေးလုပ်ကိုင်သူ တွေက ပြောပါတယ်။
"စည်ပင်ခွင့်ပြုချက်ရဖို့ကလဲ ငွေကအရင်ထက်ပိုကုန်တယ်၊ စည်းကမ်းတွေ ပိုများလာပြီး ပိုခက်လာ တယ်။ ဒါကြောင့်ဆောက်ပြီးသား တိုက်ကအခန်းတွေ ရောင်းထွက်အောင် ဘဏ်ချိတ်နဲ့ ဝယ်ယူရဖို့ အရစ်ကျစနစ်တွေနဲ့ရောင်းဖို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီ အပ်ရတာတွေ လုပ်နေရတယ်၊ ခုမှစလုပ်မယ့်ကိစ္စတွေကြတော့ မြေကြီးမတူးရသေးခင်ဘဲ ရပ်လိုက်တဲ့ကန်ထရိုက်တွေ ရှိလာနေတယ်" လို့ ကန်ထရိုက်တာတဦးက ပြောပါတယ်။
ဆောက်လုပ်ရေးကုမ္ပဏီအချို့နဲ့အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီပေါင်းပြီး ပုဂ္ဂလိကဘဏ် ဘဏ်ချေးငွေနဲ့ ဝယ်ယူလို့ရတဲ့ အရောင်းပြပွဲတွေ မကြာခဏပြုလုပ်နေကြတာလည်း ရှိနေပါတယ်။
ရန်ကုန်မြို့ကတိုက်ခန်းတွေရဲ့စျေးနူန်းကတော့ မြေနေရာပေါ်၊အခန်းအကျယ်ပေါ်မူတည်ပြီး အထပ်မြင့်၆ လွှာဆိုရင် အနည်းဆုံးသိန်း ၇၀၀ ကျပ်ကနေ သိန်းတထောင်ဝန်းကျင်ထိရှိနေပါတယ်။
တိုက်ခန်းဆောက်လုပ်ဖို့ စည်ပင်ကခွင့်ပြုပြီးချိန်ကစ လုပ်ငန်းပြီးစီးဖို့အချိန်တနှစ်ကနေ နှစ်နှစ်ဝန်းကျင် ထိ အချိန်ကြာတတ််လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မြေရှင်နဲ့ကန်ထရိုက်တိုက် ဆောက်ဖို့ စာချုပ်မချုပ်ခင် အဆောက်အဦ မစတင်ချိန်မှာဘဲ ပျက်ပြယ်မူတွေရှိလာနေတာပါ။
"အိမ်ကနေလို့မဖြစ်တော့လို့ ကန်ထရိုက်ပေးဆောက်ဖို့ ချိတ်ထားတယ်၊ မိုးကုန်လောက်မှာ စဆောက်မယ်၊ ပြောင်းရွှေ့ကြေးကိစ္စ အခန်းဝေပုံဝေမျှကိစ္စတွေ မလုပ်ရသေးခင်ဘဲ ကန်ထရိုက်ဖက်က မဆောက်ဖြစ်တော့ဘူးဆိုပြီးလာပြောတော့ အခြားကန်ထရိုက်တွေနဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ လိုက်ချိတ်နေတာ လုပ်ငန်းရပ်ထားတယ်ပဲပြောနေကြတဲ့ အခြေနေနဲ့ ကြူံနေရတယ်"လို့ အကျိုးတူ ဆောက်လုပ်မယ့် မြေပိုင်ရှင်တဦးက ပြောပါတယ်။
မြေရှင်တွေဘက်ကလည်း မြေကွက်ရောင်းတာထက် အကျိုးတူကန်ထရိုက်ပေးပြီးဆောက်ပါက မူလနေရာမှာ အခန်းပိုင်ဆိုင်ခွင့်အပြင် မြေရှင်အနေနဲ့ တိုက်ခန်းအရောင်းအဝယ်လုပ်ရင် လက်မှတ် ထိုးခ ထပ်ရလို့ အကျိုးတူဆောက်လုပ်မူကို ပိုစိတ်ဝင်စားနေလာကြတာပါ။
Burma Associated Press
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၂၅ ရက် က