Business
မြန်မာတွင် ဆင်းရဲတွင်း ပိုနက်လာ၊ စီးပွားရေး တိုးတက်မှု တုံ့ဆိုင်းနေမည်ဟု ကမ္ဘာ့ဘဏ်ပြော
လွန်ခဲ့သော တစ်နှစ် က
BAP၊ ဘာသာပြန်။
မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု လွန်ခဲ့သည့် ခြောက်နှစ်ထက် ပိုမို များပြား ပျံ့နှံ့လာပြီး လက်ရှိ ဘဏ္ဍာရေးနှစ်တွင် တိုးတက်မှုမှာ အလွန်နိမ့်ပါးသည့် ၁ ရာခိုင်နှုန်း တွင် သာ ဆက်လက်ရှိနေမည်ဖြစ်ပြီး သက်သာချောင်ချိမှု နည်းပါးနေဦးမည်ဟု ကမ္ဘာ့ဘဏ်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည်။
အကြမ်းဖက်မှုများ မြင့်တက်လာခြင်း၊ လုပ်သား ပြတ်လပ်မှု၊ တန်ဖိုးလျော့ကျလာသော ငွေကြေးတို့ကြောင့် စီးပွားရေးလုပ်ကိုင်ရန် ပိုမို ခက်ခဲလာသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မတ်လ ၂၀၂၄ ခုနှစ်တွင် အဆုံးသတ်မည့် ပြည်တွင်း အသားတင် ထုတ်လုပ်မှု တိုးတက်နှုန်း ၁ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်ခဲ့ပြီးနောက် ဒီဇင်ဘာလတွင် ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးသည် လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ၂ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ညွှန်းဆိုခဲ့သည်။
“၂၀၂၄/၂၅ အတွက် ညွှန်ပြခဲ့သော တိုးတက်မှု ကျဆင်းလာသော ပြင်ဆင်ချက်မှာ ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်နေခြင်း၊ လုပ်သားရရှိနိုင်မှု၊ နိုင်ငံခြားငွေ လဲလှယ်မှု၊ လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု အကန့်အသတ်များကြောင့် ဖြစ်ကြောင်း၊ ၎င်းအကြောင်းရင်းများအားလုံးမှာ ယခင်မျှော်လင့်သည်ထက် ပိုမိုကြီးမားသည့် ရိုက်ခတ်မှုများ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း” ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အာဏာသိမ်း စစ်အုပ်စုမှ ပြောခွင့်ရသူကို Reuters က မှတ်ချက်ပေးစေရန် ခေါ်ဆိုခဲ့သော်လည်း အကြောင်းမပြန်ခဲ့ပါ။
ပြည်တွင်းစစ်ကြောင့် လူပေါင်း ၃ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး ဆင်းရဲမွဲတေမှုနှုန်း ၃၂ ဒသမ ၁ ရာခိုင်နှုန်း သို့ ရောက်ရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အဆင့်အတန်းမှ နောက်ပြန်သွားခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
“ဆင်းရဲမွဲတေမှု၏ နက်ရှိုင်းမှုနှင့် ပြင်းထန်မှုမှာ ၂၀၂၃-၂၄ တွင် ပိုမိုဆိုးရွားလာကြောင်း၊ ဆိုလိုသည်မှာ ၎င်း ဆင်းရဲမွဲတေမှုသည် လွန်ခဲ့သည့် ခြောက်နှစ်တာ ကာလများထက် ပိုမို အမြစ်တွယ်လာခြင်း ဖြစ်ကြောင်း” ဖော်ပြထားသည်။
“ဖေဖော်ဝါရီ ၂၀၂၄ ခုနှစ်တွင် ကြေငြာခဲ့သည့် စစ်မှု မထမ်းမနေရ ဥပဒေသည် အစွန်အဖျားဒေသများနှင့် နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့မှု တိုးမြင့်စေခဲ့ကြောင်း၊ ထို့အတွက် အချို့ လုပ်ငန်းခွင်များတွင် လုပ်သား ပြတ်လပ်မှု တင်ပြချက်များ တိုးမြင့်လာကြောင်း” ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။
လွန်ခဲ့သည့် နှစ်မှ တူညီသော အချိန်ကာလနှင့် နှိုင်းယှဉ်လျှင် ယေဘုယျအားဖြင့် ရောင်းကုန်တင်ပို့မှုများ ၁၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး၊ မတ်လ ၂၀၂၄ ခုနှစ်အထိ ခြောက်လတာ ကာလအတွင်း သွင်းကုန် ၂၀ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။
အာဏာသိမ်း စစ်အုပ်စုက လတ်တလော ရက်သတ္တပတ်များအတွင်း ထိန်းသိမ်းရန် ကြိုးစားသည့်အနေဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ပြီး ကြိုးပမ်းနေသည့် ငွေကြေး မတည်ငြိမ်မှု ဆက်လက်ဖြစ်ပွားနေခြင်းနှင့် ငွေကြေးဖောင်းပွမှု အလျင်အမြန် ဖြစ်ပေါ် နေခြင်းတို့က အိမ်ထောင်စုများအတွက် ပိုမို ဖိအားပေးမည်ဟုလည်း ဖော်ပြထားသည်။
ယင်းအချိန်တွင်ပင် စီးပွားရေးလုပ်ငန်းများကလည်း လျှပ်စစ်ဓာတ်အားနှင့် နိုင်ငံခြားငွေ ပြတ်လပ်မှုကို ကျော်လွှားရဦးမည် ဖြစ်ကာ စွမ်းအင်ထုတ်လုပ်မှုသည်လည်း ဆက်လက် ကျဆင်းနေဦးမည်ဟု မျှော်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
“စီးပွားရေး အလားအလာ အလွန်အားနည်းနေသည့်အတွက် မြန်မာ အိမ်ထောင်စုများအတွက် ကာလတိုနှင့် ကာလ အလတ်ပိုင်းအတွင်း သက်သာချောင်ချိမှု နည်းပါးဦးမည်ဟု ညွှန်းဆိုနေသည်။” ဟု ဖော်ပြထားသည်။
ကိုးကား - Reuters
ပုံစာ - ဩဂုတ်လ ၁၁ ရက် ၂၀၁၆ ခုနှစ် ရန်ကုန် မြို့တော်ခန်းမအနီး ပိုကီမွန်ဂိမ်း ကစားနေသည့် လူငယ်များ။ (REUTERS/Soe Zeya Tun/File Photo)
Top News
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၂၅ ရက် က