bap-logo
Data

၂ မိနစ်တိုင်း ကိုယ်ဝန်ဆောင် မီးဖွားမိခင် တစ်ဦး သေဆုံးနေကြောင်း ကုလအစီရင်ခံစာ ဖော်ပြ

sZm9JNhBYARaL2JxntdcR-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၃

 

လွန်ခဲ့သည့်နှစ် ၂၀ အတွင်း မိခင်သေဆုံးမှုနှုန်း သုံးပုံတစ်ပုံ ကျဆင်းသွားသော်လည်း ကိုယ်ဝန်ဆောင် ကာလ သို့မဟုတ် ကလေးမီးဖွားခြင်းဆိုင်ရာ နောက်ဆက်တွဲကြောင့် မိနစ်တိုင်း အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း ယနေ့ထုတ်ပြန်သည့် ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်တွင် ဖော်ပြသည်။

 

မိခင်သေဆုံးမှုနှုန်းမှာ ၂၀၀၀ နှင့် ၂၀၁၅ ခုနှစ်ကြားတွင် သိသိသာသာ ကျဆင်းသွားသော်လည်း ၂၀၁၆ နှင့် ၂၀၂၀ ကြားတွင် ရပ်တန့်သွားကာ ကမ္ဘာ့နိုင်ငံအချို့တွင်မူ ပြန်လည်မြင့်တက်လာသည်ကို တွေ့ရကြောင်း အစီရင်ခံစာက ဆိုသည်။

 

နှစ် ၂၀ ကာလအတွင်း ပျမ်းမျှမိခင်သေဆုံးမှု ၃၄ ဒသမ ရာခိုင်နှုန်း၊ ၂၀၀၀ ခုနှစ်တွင် ကလေးအရှင် မွေးဖွားမှု ၁သိန်းအနက် မိခင်သေဆုံးမှု ၃၃၉ ဦးမှ ၂၀၂၀ တွင် ၂၂၃ ဦးသို့ ကျဆင်းသွားကြောင်း သိရသည်။

 

မည်သို့ပင်ဆိုစေကာမူ ၂၀၂၀ ခုနှစ်တွင် အမျိုးသမီးသေဆုံးမှု ၈၀၀ ခန့် သို့မဟုတ် မိနစ်တိုင်း တစ်ဦး သေဆုံးလျှက် ရှိနေဆဲဖြစ်သည်။

 

ဘီလာရုစ်နိုင်ငံတွင် မိခင်သေဆုံးနှုန်း အများဆုံးကျဆင်းခဲ့ပြီး ဗင်နီဇွဲလားတွင် သေဆုံးမှုအမြင့်ဆုံး ရောက်ရှိ ခဲ့သည်။ ၂၀၀၀ နှင့် ၂၀၁၅ ခုနှစ်ကြား မိခင်သေဆုံးမှုအမြင့်ဆုံးနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု ဖြစ်သည်

 

"ကိုယ်ဝန်ဆောင်ကာလဟာ အမျိုးသမီးတွေအတွက် အင်မတန်မျှော်လင့်ချက်နဲ့ ရှင်သန်ရတဲ့ကာလ၊ အကောင်း မြင်စိတ်ကလေးနဲ့ နေထိုင်ရတဲ့ကာလ ဖြစ်သင့်ပေမဲ့ တကယ့်လက်တွေ့မှာ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီး သန်းပေါင်းများစွာဟာ ထိတ်လန့်ဖွယ်ဖြစ်ရပ်ဆိုးတွေကို ကြုံတွေ့နေရတုန်းပါပဲ" ဟု ကုလအကြီးအကဲ တက်ဒရိုစ် အက်ဒနွမ် ဂက်ဘရက်ယက်ဆပ်စ် (Tedros Adhanom Ghebreyesus) က ပြောကြားခဲ့သည်။

 

"ဒီအချက်အလက်အသစ်တွေကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ သူတို့ရဲ့ ကျန်းမာရေး အတွက် အရေးပါတဲ့ဆေးဝါးကုသခွင့်ရဖို့ အဆောတလျင် လိုအပ်နေတယ်။ သူတို့ရဲ့ မျိုးဆက်ပွား အခွင့်အရေးကို အပြည့်အဝ ကျင့်သုံးခွင့်ရအောင် ဆောင်ရွက်သင့်ပြီဆိုတာ ပြသနေပါတယ်။"

 

မိခင်သေဆုံးမှုကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများနှင့် စစ်ဒဏ်သင့်နိုင်ငံများတွင် အများဆုံးတွေ့ရသည်။ ၂၀၂၀ တွင် မှတ်တမ်းယူခဲ့သည့် သေဆုံးမှုအားလုံး၏ ၇၀ ရာခိုင်နှုန်းမှာ အာဖရိကတောင်ပိုင်းတွင်ဖြစ်ပြီး မိခင်သေဆုံးမှု နှုန်းမှာ ဩစတေးလျနှင့် နယူးဇီလန်တို့ထက် ၁၃၆ ပိုမြင့်မားခဲ့သည်။

 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော အာဖဂန်နစ္စတန်၊ ဗဟို အာဖရိကသမ္မတနိုင်ငံ၊ ချဒ်၊ ကွန်ဂို၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံများရှိ မိခင်သေဆုံးမှုနှုန်းသည် ကမ္ဘာ့ပျမ်းမျှထက် နှစ်ဆ ပိုမြင့်မားသည်။

 

သွေးထွက်လွန်ခြင်း၊ ပိုးဝင်ခြင်း၊ ဘေးမကင်းသောကိုယ်ဝန်ဖျက်ချခြင်း၏ နောက်ဆက်တွဲပြဿနာများနှင့် HIV/AIDS ကဲ့သို့သော အခြေအနေအရပ်ရပ်မှာ သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းများထဲတွင် ပါဝင် ကြောင်း အစီရင်ခံစာက ဆိုသည်။

 

Source – The Bangkok Post

ပုံစာ ဆူဒန်နိုင်ငံအရှေ့ပိုင်း သားဖွားစောင့်ရှောက်ခွင့်ရရှိသည့် အီသီယိုးပီးယားဒုက္ခသည်အချို့။

 

Burma Associated Press

International
Women
Children
Pregnant

Share With
bap-logo