bap-logo
Article

ကမ္ဘာလုံးဆိုင်ရာ လူ့သက်တမ်း ကပ်ရောဂါမတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိလာသော်လည်း ဆယ်ကျော်သက်နှင့် လူငယ်များအကြား သေဆုံးမှုများ မြင့်တက်လာ

Q8GuvbqSp5lRb6-bj458n-image

လွန်ခဲ့သော ၅ နာရီ က

 

BAP၊ ဘာသာပြန်။

ကမ္ဘာ့နိုင်ငံနှင့် နယ်မြေ‌ဒေသ ၂၀၄ ခုလုံးမှ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း သေဆုံးမှုနှုန်းများ ကျဆင်းလာကြောင်း အသစ်ပြုလုပ်သော သုတေသနပြုချက်များအရ သိရသည်။

 

လူသားများ၏ သက်တမ်းသည် ၁၉၅၀ ပြည့်နှစ်နှင့် နှိုင်း ယှဉ်ပါက နှစ် ၂၀ ပိုမို ရှည်လျားလာကြောင်း ဖော်ပြထား သည်။

 

သို့သော် မမျှတမှုများစွာ ကျန်ရှိနေဆဲဖြစ်ပြီး ဆယ်ကျော် သက်နှင့် အရွယ်ရောက်ပြီး လူငယ်များအ ကြား သေဆုံးမှုနှုန်း မြင့်တက်လာခြင်းသည် "ပေါ်ပေါက်လာသော အ ကျပ်အတည်း" တစ်ရပ်ဖြစ်ကြောင်း အစီရင်ခံထား သည်။

 

ဝါရှင်တန်တက္ကသိုလ် ဆေးကျောင်း၏ ကျန်းမာရေးအတိုင်းအတာနှင့် အကဲဖြတ်ရေးဌာန (IHME) မှ ပြုလုပ်သော ဆန်းစစ်ချက်များကို တနင်္ဂနွေနေ့တွင် The Lancet ဂျာနယ်က ထုတ်ပြန်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် အမျိုးသမီးများ၏ မျှော်မှန်းသက်တမ်းသည် ၇၆.၃ နှစ်နှင့် အမျိုးသားများ၏ မျှော်မှန်းသက်တမ်းသည် ၇၁.၅ နှစ် ရှိကြောင်း သိရသည်။ ၎င်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ အမြင့်မားဆုံးကာလ၌ ကျဆင်းခဲ့ပြီးနောက် ကပ်ရောဂါမတိုင်မီ အခြေအနေသို့ ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါသည် ၂၀၂၁ ခုနှစ်က သေဆုံးမှု၏ အဓိကအများဆုံး အကြောင်းရင်းဖြစ်နေရာမှ ၂၀၂၃ ခုနှစ်တွင် အဆင့် ၂၀ သို့ ကျဆင်းသွားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ သေဆုံးမှု၏ ဦးဆောင်အကြောင်းရင်းများအဖြစ် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ပြန်လည် မြင့်တက်လာခဲ့သည်။

 

IHME ၏ အဆိုအရ ကမ္ဘာတစ်ဝန်း သေဆုံးမှုများသည် ဝက်သက်၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် တီဘီရောဂါများမှ သိသိသာသာ လျော့ကျလာကာ ယေဘုယျအားဖြင့် ကူးစက်ရောဂါများမှ အခြားသော ရောဂါများသို့ ပြောင်းလဲလာခဲ့သည်။

 

မကူးစက်နိုင်သောရောဂါများသည် ယခုအခါ ကမ္ဘာတစ်ဝှမ်းသေဆုံးမှုနှင့် ရောဂါဖြစ်ပွားမှု၏ သုံးပုံနှစ်ပုံခန့်တွင် သေဆုံးမှုနှင့် ရောဂါကြောင့် ပိုမိုကြီးမားသောဝန်ထုပ် ဝန်ပိုးများအဖြစ် ပါဝင်နေသည်။ ၁၉၉၀ ပြည့်နှစ်မှစ၍ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့၏ သေဆုံးမှုနှုန်းများ ကျဆင်းခဲ့သော်လည်း ဆီးချို၊ နာတာရှည် ကျောက်ကပ်ရောဂါနှင့် အယ်လ်ဇိုင်းမားရောဂါတို့၏ နှုန်းများမှာမူ မြင့်တက်လာခဲ့သည်။

 

"ကမ္ဘာ့သက်ကြီးရွယ်အို လူဦးရေ လျင်မြန်စွာ တိုးတက်လာခြင်းနဲ့ အန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရာတွေ ပြောင်းလဲလာမှုတို့ကြောင့် ကမ္ဘာ့ကျန်းမာရေး စိန်ခေါ်မှုများ ခေတ်သစ်ကို ရောက်ရှိလာခဲ့ပါတယ်။" ဟု IHME ၏ ဒါရိုက်တာဖြစ်သူ Dr. Christopher Murray က ပြောကြားခဲ့သည်။

 

"ကမ္ဘာလုံးဆိုင်ရာ ရောဂါဝေဒနာ ဝန်ထုပ်ဝန်ပိုးဆိုင်ရာ လေ့လာမှုက ဖော်ပြလိုက်တဲ့ အချက်တွေဟာ အချက် ပေးခေါင်းလောင်းတစ်ခုဖြစ်ပြီးတော့ အစိုးရနဲ့ ကျန်းမာ ရေးစောင့်ရှောက်မှု ခေါင်းဆောင်များအနေနဲ့ ပြည်သူ့ကျန်းမာရေး လိုအပ်ချက်များကို ပုံဖော်နေတဲ့ စိုးရိမ်ဖွယ်ရာ လမ်းကြောင်းသစ်တွေကို လျင်လျင်မြန်မြန် မဟာဗျူဟာမြောက်စွာ တုံ့ပြန်ဖို့ တိုက်တွန်းနေပါတယ်။"

 

အန္တရာယ်ဖြစ်စေသည့် အချက်များကို ပြုပြင်ပြောင်းလဲခြင်းဖြင့် ကမ္ဘာ့ရောဂါဝေဒနာဝန်ထုပ်ဝန်ပိုး စုစုပေါင်း၏ ထက်ဝက်ခန့်ကို ကာကွယ်နိုင်ကြောင်း သုတေသနအသစ်အရ တွေ့ရှိရသည်။

 

ကမ္ဘာ့လူဦးရေ တိုးပွားလာပြီး အသက်ကြီးလာသော် လည်း ကမ္ဘာ့အချို့ဒေသများတွင် ကလေးငယ်များနှင့် လူငယ်များအကြား သေဆုံးမှုနှုန်းများ မြင့်တက်လာခဲ့သည်

 

IHME ၏ တွေ့ရှိချက်အရ သက်ရောက်မှု အကြီးမားဆုံး အန္တရာယ်ဖြစ်စေသော အကြောင်းအရာ ၁၀ ခုတွင် သွေး တိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုလက်စထရော မြင့်မားခြင်း၊ ဆီးချိုနှင့် အဝလွန်ခြင်းတို့ ပါဝင်သည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) မြင့်မားခြင်းကြောင့် ရောဂါဝန်ထုပ်ဝန်ပိုးသည် ၁၁ ရာခိုင်နှုန်း တိုးလာခဲ့ပြီး သွေးတွင်းသကြားဓာတ် မြင့်မားခြင်းကြောင့် ၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။

 

ပတ်ဝန်းကျင်ဆိုင်ရာ အချက်များဖြစ်သော လေထုညစ်ညမ်းမှုနှင့် ခဲဆိပ်သင့်ခြင်းတို့သည်လည်း အရေးကြီးဆုံး အန္တရာယ်ဖြစ်စေသော အချက်များထဲတွင် ပါဝင်နေသည့်အပြင် မွေးကင်းစကလေး ကျန်းမာရေးနှင့် သက် ဆိုင်သည့် (မွေးဖွားစဉ် ကိုယ်အလေးချိန် နည်းခြင်းနှင့် ကိုယ်ဝန်ဆောင်ကာလ တိုတောင်းခြင်း) တို့နှင့်လည်း ဆက်စပ်နေသည်။

 

စိတ်ကျန်းမာရေးသည်လည်း ကမ္ဘာလုံးဆိုင်ရာ သေဆုံးမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းတို့ကြောင့် ဖြစ်ပေါ်သော ဝန်ထုပ်ဝန်ပိုးများ မြင့်တက်လာခဲ့ကြောင်း သုတေသနအသစ်က ဖော်ပြသည်။

 

ကမ္ဘာ့လူဦးရေ တိုးပွားလာပြီး အသက်ကြီးလာသော် လည်း ကမ္ဘာ့အချို့ဒေသများတွင် ကလေးငယ်များနှင့် လူငယ်များအကြား သေဆုံးမှုနှုန်းများ မြင့်တက်လာခဲ့သည်။

 

IHME သုတေသနအရ လွန်ခဲ့သော ဆယ်စုနှစ်ခန့်အတွင်း သေဆုံးမှု အများဆုံး တိုးလာသူများမှာ ဝင်ငွေမြင့်မားသော မြောက်အမေရိကရှိ အသက် ၂၀ မှ ၃၉ နှစ်ကြား ဆယ်ကျော်သက်နှင့် အရွယ်ရောက်လူငယ်များဖြစ်ပြီး အဓိကအားဖြင့် မိမိကိုယ်ကို သတ်သေခြင်း၊ ဆေးအလွန်အကျွံသုံးစွဲခြင်းနှင့် အရက်အလွန်အကျွံသောက်သုံးခြင်း တို့ကြောင့် ဖြစ်သည်။

 

အရှေ့ဥရောပ၊ ဝင်ငွေမြင့်မားသော မြောက်အမေရိကနှင့် ကာရစ်ဘီယံဒေသများရှိ အသက် ၅ နှစ်မှ ၁၉ နှစ်ကြား လူငယ်များနှင့် ဆာဟာရတောင်ပိုင်း အာဖရိကရှိ ဆယ်ကျော်သက်နှင့် အရွယ်ရောက်လူငယ်များအကြားတွင်လည်း ကူးစက်ရောဂါများနှင့် မတော်တဆ ထိခိုက်ဒဏ်ရာများကြောင့် သေဆုံးမှုများ တိုးလာခဲ့သည်။

 

ကမ္ဘာအဝှမ်း အသက် ၅ နှစ်မှ ၁၄ နှစ်ကြား ကလေးများအတွက် အဓိကအန္တရာယ်မှာ သံဓာတ်ချို့တဲ့ခြင်းက ဦးဆောင်နေပြီး ရေမသန့်ရှင်းမှု၊ (တစ်ကိုယ်ရေနှင့် ပတ်ဝန်း ကျင်)ကျန်းမာ သန့်ရှင်းရေးနှင့် အာဟာရချို့တဲ့မှုတို့က နောက်မှ လိုက်သည်။ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား လူများအတွက် ထိပ်တန်းအန္တရာယ် နှစ်ခုမှာ ဘေးမကင်းသော လိင်ဆက်ဆံမှုနှင့် အလုပ်ခွင် ထိခိုက်ဒဏ်ရာများဖြစ်ပြီး ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း မြင့်မားခြင်း၊ သွေးပေါင်ချိန် မြင့်မားခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့က နောက်မှ လိုက်သည်။

 

IHME ၏ တွေ့ရှိချက်အရ မျှော်မှန်းသက်တမ်းသည် ဝင်ငွေမြင့်မားသော ဒေသများတွင် ၈၃ နှစ်အထိ ရှိနိုင်သော်လည်း ဆာဟာရတောင်ပိုင်း အာဖရိကတွင် ၆၂ နှစ်အထိ နိမ့်ကျနေကြောင်း သိရသည်။

 

ဤသုတေသနအသစ်က "မူဝါဒချမှတ်သူများအနေဖြင့် ကျန်းမာရေး ဦးစားပေးကိစ္စများကို တိုးချဲ့ရန် အရေးတ ကြီး လိုအပ်ကြောင်း" အထူးသဖြင့် ဆယ်ကျော်သက်နှင့် အရွယ်ရောက်လူငယ်များအကြားတွင် အရင်းအမြစ်များကို ကန့်သတ်ခြင်းထက် ချဲ့ထွင်သင့်ကြောင်း မီးမောင်းထိုးပြခဲ့သည်။

 

"ကျန်းမာရေး မမျှတမှုတွေ ဆက်လက်တည်ရှိနေတဲ့ ဝင်ငွေနည်းပါးဒေသတွေမှာ ကွာဟချက်ကို ပိတ်ဆို့တားမြစ်ဖို့ ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေဟာ နိုင်ငံတကာ အကူအညီများ မကြာသေးခင်က ဖြတ်တောက်ခံခဲ့ရတဲ့အတွက် ပြိုလဲမယ့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါတယ်။" ဟု ဤလေ့လာမှုအသစ်များ၏ အကြီးတန်း စာတမ်းပြုစုသူနှင့် IHME မှ ပါမောက္ခဖြစ်သူ Emmanuela Gakidou က ပြောကြားခဲ့သည်။

 

"ဒီနိုင်ငံတွေက အခြေခံအသက်ကယ်ဆယ်ရေး ကျန်းမာ ရေးစောင့်ရှောက်မှု၊ ဆေးဝါးနှင့် ကာကွယ်ဆေးတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ရန်ပုံငွေအပေါ် မှီခိုနေကြသူတွေပါ။ ဒီရန်ပုံငွေ မရရင် ကွာဟချက်က ပိုကျယ်ပြန့်လာမှာ သေချာပါတယ်။"

 

ကိုးကား - CNN

 

ပုံစာ - အမျိုးသမီးများ၏ မျှော်မှန်းသက်တမ်းမှာ ၇၆.၃ နှစ်နှင့် အမျိုးသားများ၏ မျှော်မှန်းသက်တမ်းမှာ ၇၁.၅ နှစ် ရှိကြောင်း ၂၀၂၃ ခုနှစ်၏ ဆန်းစစ်ချက်များအရ သိရသည်။ (Photo - Alexander Spatari/Moment RF/Getty Images)

 

 

youth
analyses
pandemic

Share With
bap-logo