bap-logo
Education

NUG ကြားကာလတက္ကသိုလ်များက ကျောင်းသား/သူများ ခေါ်ယူနေ

r5rqCr9s733q6amtGk91g-image

လွန်ခဲ့သော ၂ နှစ် က

နိုဝင်ဘာ ၁၄။

 

အခြေခံပညာရေး ပြီးမြောက်ထားပြီး အာဏာသိမ်းမှုကြောင့် ပညာရေးရပ်တန့်နေသည့် ကျောင်းသား/သူများ အတွက် NUG ကြားကာလတက္ကသိုလ်ကောင်စီများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသားများ ခေါ်ယူနေကြောင်း ထုတ်ပြန်လာသည်။

 

ကြားကာလတက္ကသိုလ်ကောင်စီများ၏ တက္ကသိုလ်ဝင်ခွင့်ကို အချိန်အားဖြင့် (၂) ပိုင်း ခေါ်ယူသွားမည် ဖြစ်ပြီး တက္ကသိုလ် (၁၆) ခုက ဖွင့်လှစ် သင်ကြားပေးသွားမည်ဟု သိရသည်။

 

ပထမအကြိမ် အနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အတွင်း လျှောက်ထားရမည့် တက္ကသိုလ်များမှာ မြန်မာ့နွေဦး တက္ကသိုလ်၊ ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်၊ နွေဦး ဆရာအတတ်ပညာတက္ကသိုလ်၊ သင်ကြားရေး အတတ်ပညာတက္ကသိုလ်၊ ထားဝယ်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များ၊ တိုင်းရင်းဆေး တက္ကသိုလ်၊ ဆေးတက္ကသိုလ် (မကွေး)၊ သူနာပြုတက္ကသိုလ် (မန္တလေး)တို့ဖြစ်သည်။

 

အဆိုပါ တက္ကသိုလ်ကိုးခုတွင် ဝင်ခွင့်လျှောက်ထားပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် သက်ဆိုင်ရာ တက္ကသိုလ်များတွင် စတင်သင်ယူနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

 

ပထမအကြိမ်ခေါ်ယူမှုတွင် ၂၀၂၀ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ တိုင်းရင်းသား ပညာရေး အဖွဲ့အစည်းများ၏ အထက်တန်းပညာရေးအောင်မြင်ပြီးမြောက်သူများ၊ GED/IGCSE/SAT စာမေးပွဲ အောင်မြင်ပြီးသူများကို လက်ခံမည်ဟု သိရသည်။

 

ဒုတိယအကြိမ် အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့တွင် ဝင်ခွင့်ခေါ်ယူမည့် တက္ကသိုလ်များမှာ ပထမအကြိမ်ခေါ်ယူချိန်တွင် ခေါ်ယူခဲ့သည့် တက္ကသိုလ် (၉) ခုအပြင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ် (တောင်ကြီး)၊ သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်၊ ရန်ကုန်နှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္က သိုလ် (ရေဆင်း)တို့ဖြစ်သည်။

 

အဆိုပါတက္ကသိုလ်များတွင် ၂၀၂၄ ခုနှစ်၊ မတ်လမှ စတင်လျှောက်ထားနိုင်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် သက်ဆိုင်ရာတက္ကသိုလ်များ၌ စတင်သင်ယူနိုင်မည် ဖြစ်သည်ဟု ဆိုသည်။။

 

ဒုတိယအကြိမ်ခေါ်ယူမှုတွင် ရှေ့ကခေါ်ယူခဲ့သော ကျောင်းသားအမျိုးအစားများအပြင် ၂၀၂၃ ခုနှစ်  BECA ပြီးမြောက်ခြင်း အသိအမှတ်ပြုလက်မှတ်ရရှိထားသူ ကျောင်းသား/သူများသာမက ကာကွယ်ရေးတာဝန် ထမ်းဆောင်နေသော ကျောင်းသား/သူများနှင့် ရိုဟင်ဂျာပညာရေး အဖွဲ့အစည်းများမှ ကျောင်းသား/သူ များကိုလည်း ဝင်ခွင့်လက်ခံပေးမည်ဟု အသိပေးထားသည်။

 

တက္ကသိုလ်များလျှောက်ထားရာတွင် မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ ကြားကာလ ပညာရေး ဖော်ဆောင် နေသော အွန်လိုင်းကျောင်းများ၊ မြေပြင်ပညာရေးကျောင်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်/ ကောလိပ်/ သိပ္ပံကျောင်းကောင်စီများ၊ စီဒီအမ်ဆရာ/မများ၊ ဆရာ/ကျောင်းသား သမဂ္ဂအဖွဲ့အစည်းများနှင့် ဌာန အသီးသီးရှိ စီဒီအမ်ဝန်ထမ်းများထံမှ ထောက်ခံစာကို ရယူနိုင်ကြောင်း ကြားကာလတက္ကသိုလ် ကောင်စီ များ၏ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့မှ ထုတ်ပြန် ကြေညာထားသည်။

 

ကြားကာလ တက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်ကို NUG ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်တွင် NUG ပညာရေး ဝန်ကြီးဌာနနှင့် တက္ကသိုလ်အသီးသီး၏ လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာထားသည်ဟု ဆိုသည်။

 

ပုံစာ- NUG ကြားကာလပညာရေးကျောင်းတွင် စာသင်နေသည့် ကျောင်းသား/သူများ

ဓာတ်ပုံ- NUG ပညာရေးဝန်ကြီးဌာန

 

Burma Associated Press

Youth
NUG
University
Education
SAC
coup
Spring Revolution
PDF
Student
Children

Share With
bap-logo