bap-logo
Education

အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ် ညီလာခံတွင် ဖက်ဒရယ်ပညာရေးစနစ် အကြောင်း ယာယီသမ္မတ အလေးပေးပြော

AL1IrGc9pDhbMOdySi2cI-image

လွန်ခဲ့သော ၃ နှစ် က

ဧပြီ ၂၁။

ဖက်ဒရယ်ပညာရေးစနစ်အကြောင်းကို ယနေ့ ဧပြီလ ၂၁ ရက်တွင် ပြုလုပ်သည့် အဆင့်မြင့် ပညာရေးကဏ္ဍ ပထမအကြိမ်ညီလာခံတွင် အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အလေးပေး ပြောခဲ့သည်။

 

လွတ်မြောက် ဧရိယာအချို့တွင် လူထုကျန်းမာရေးနှင့် ပညာရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ လုပ်ဆောင်ရာတွင် NUGအစိုးရနှင့် ပူးတွဲ လုပ်ဆောင်မှုရှိသလို၊ တာဝန်သိပြည်သူအစုအဖွဲ့များက ကိုယ့်နည်း ကိုယ့်ဟန်နှင့် ပါဝင်လုပ်ဆောင်နေမှုများ ရှိကြောင်း တွေ့မြင်ရသည်ဟု ယာယီသမ္မတက ပြောသည်။

 

ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ဒီမိုကရေစီ စံနှုန်းများကို အလေးထားသော ပညာရေးဖြစ်ထွန်းဖို့ လိုသလို၊ ဖက်ဒရယ်စနစ်နှင့် ကိုက်ညီသည့် ပညာရေး စနစ်မျိုးလည်း ဖြစ်ရမည့်အပြင် ပညာရေး လွတ်လပ်ခွင့် အခြေခံ မူကို ကိုင်စွဲပြီး ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးကို တည်ဆောက်ကြရမည်ဟုလည်း ဆိုသည်။

 

တိုင်းပြည်ပညာရေးကို ထူထောင်ခြင်းသည် ရေတိုအလုပ်မဟုတ်ဘဲ ရေရှည် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ရေတိုကို မကြည့်ဘဲ စိတ်ရှည်လက်ရှည် ဝိုင်းဝန်း တည်ဆောက်ရမည်ဟုလည်း ဆိုသည်။

 

အခြေခံပညာရေးကဏ္ဍနည်းတူ အဆင့်မြင့်ပညာရေးကဏ္ဍဟာလည်း အရေးကြီးပြီး ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးဟူသည် ဗဟိုက ထိန်းချုပ်သည့် ပညာရေးစနစ်မဟုတ်သည့်အပြင် ဗဟိုမှတဆင့် ကြီးမှူးပြီး ဒေသန္တရ အဆင့်များတွင် လွတ်လပ်ခွင့်မရှိသော ပညာရေး မဟုတ်ကြောင်း၊ ဒေသန္တရ ဖြစ်တည်မှုကို ဗဟိုပြုပြီး ကိုယ့်ဒေသ၊ ကိုယ့်နယ်ပယ်၊ ကိုယ့်လူမျိုး၊ ကိုယ့်လူ့အဖွဲ့အစည်းနှင့် ကိုက်ညီသည့် ပညာရေး စနစ်ကို ကဏ္ဍအစုံ၌ အပြိုင်တည်ဆောက်ခြင်းဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။

 

ဖက်ဒရယ်ဒီမိုကရေစီပညာရေးတွင် ဘာသာစကားနှင့် သက်ဆိုင်ရာ လူမျိုးစု အမှတ်သရုပ်များကို တန်ဖိုးထား လေးစားခြင်းပါဝင်နေသည့်အတွက် မြန်မာ နိုင်ငံတွင် ဒေသမျိုးကွဲများစွာ ရှိသလို၊ မတူ ကွဲပြားတဲ့ ယဉ်ကျေးမှု အမှတ် သရုပ်များ၏ သဘောသဘာဝကို နားလည်ပြီး ဖက်ဒရယ်ပညာရေးစနစ် အုတ်မြစ်ကို အမြော်အမြင်ရှိစွာ စနစ်တကျ ရေရှည် တည်ဆောက်ရမည်ဟုလည်း ဆိုသည်။

 

တိုင်းပြည်သည် စစ်အစိုးရပညာရေးလက်အောက်ခံဘဝဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တာကြောင့် ဘာသာရပ်အစုံ အပြိုင်ဖြစ်ထွန်းမှု မရှိခဲ့ခြင်းကို သင်ခန်းစာယူပြီး လွတ်လပ်စွာ စဉ်းစားတွေးခေါ်ခြင်းနှင့် ပညာရေး လွတ်လပ်ခွင့်ဟာ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်မှာ အခြေခံအုတ်မြစ်အဖြစ် မဖြစ်မနေ ပါဝင်ရ လိမ့်မည်ဟု ယာယီသမ္မတက အခိုင်အမာ ဆိုလိုက်သည်။

 

ပုံစာ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ ပညာရေး၏ အထက်တန်းစာမေးပွဲကို ဝင်ရောက် ဖြေဆို နေသည့် ကျောင်းသူတစ်ဦး

 

Burma Associated Press

 

NUG
Acting President

Share With
bap-logo