bap-logo
Education

ချင်းနှင့် စစ်ကိုင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမှု ပျက်ကွက်ရာခိုင်နှုန်း အများဆုံးဖြစ်

kS2KHHFs0p8Qj2v9vQ2RQ-image

လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်၊ မတ်လ ၉။

 

စစ်ကောင်စီလက်ထက် ဒုတိယအကြိမ်မြောက်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌ကို ယမန်နေ့ မတ်လ ၈ ရက်တွင် စတင်ဖြေဆိုနေပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် ဖြေဆိုသူ ပျက်ကွက် ရာခိုင်နှုန်း အများဆုံး ဖြစ်သည်။

 

ချင်းပြည်နယ်တွင် ပျက်ကွက်မှု ၁၈ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ပျက်ကွက်  ၁၃ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးဖြစ်သည်။

 

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်  နေရပ်စွန့်ခွာထွက်ပြေးနေရသည့်ဒေသမှ ကျောင်းသားများ တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ဝင်ရောက် ဖြေဆိုနိုင်ခြင်းမရှိပေ။ ထို့အတူ စစ်ကောင်စီ၏ ပညာရေးကို သပိတ် မှောက်ထားသည့် ကျောင်းသားများကလည်း ဝင်ရောက်ဖြေဆိုခြင်းမရှိပေ။

 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပထမအကြိမ်ကျင်းပခဲ့ပြီး ဖြေဆိုသူ ၂ သိန်း ၈ သောင်းကျော်ရှိခဲ့သည်။

 

ယခု ၂၀၂၃ ခုနှစ်တွင် ကျင်းပသည့် ဒုတိယအကြိမ် စာမေးပွဲတွင် ဖြေဆိုသူ ၁ သိန်းခြောက်သောင်း ကျော်သာ ရှိသည်။

 

အာဏာမသိမ်းခင် ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ ၉ သိန်း ၇ သောင်း ကျော်ရှိခဲ့သည့်အတွက် စစ်ကောင်စီလက်ထပ်တွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ အဆ ပေါင်းများစွာ နည်းပါးသွားခဲ့သည်။

 

စစ်ကောင်စီလက်ထက် ဒုတိယအကြိမ် ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌သည် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်ထိ ပြုလုပ်သွားမည်ဖြစ်သည်၊

 

ပုံစာ - တက္ကသိုလ်ဝင်တန်း အောင်စာရင်းကြည့်နေကြသူများ (ပုံဟောင်း)

Burma Associated Press

SAC
matriculation exam
student
Sagaing
Chin

Share With
bap-logo