bap-logo
International

တောင်ကိုရီးယား နျူလက်နက်ထုတ်လုပ်တပ်ဆင်ဖို့ ဆိုးလ်မြို့တော်ဝန် တောင်းဆို

Z3wnSzASBpJYnKArK0OpS-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၄

တောင်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယားအန္တရာယ်ကို ဟန့်တားနိုင်ရေးအတွက် နိုင်ငံတကာ ဂယက်ရိုက်ခတ် မှုရှိလာနိုင်သည့်တိုင် နျူကလီးယားလက်နက် ထုတ်လုပ်သင့်ကြောင်း ဆိုးလ်မြို့တော်ဝန်က ပြောကြားလိုက်သည်။

 

ရိုက်တာသတင်းဌာနနှင့် သီးခြားအင်တာဗျူးတွင် ပြောကြားခဲ့သည့် ဆိုးလ်မြို့တော်ဝန် အိုးဆေးဟွန်း (Oh Se-hoon) မှတ်ချက်မှာတောင်ကိုရီးယားက မြောက်ကိုရီးယားနှင့်အပြိုင် နျူကလီးယားလက်နက်တပ်ဆင်သင့် မဆင်သင့်ဆိုသည့် ငြင်းခုံမှုကို ပိုမိုအားကောင်းစေခဲ့သည်။

 

တစ်ဖက်တွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယားကို ဗျူဟာမြောက်နျူကလီးယားလက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားလျှက်ရှိသည်။

 

"မြောက်ကိုရီးယားက ဗျူဟာမြောက် နျူကလီးယားလက်နက် အသေးစားထုတ်လုပ်တာ အောင်မြင်သလောက် ဖြစ်နေပြီ။ နျူကလီးယားထိပ်ဖူးတွေလည်း ဒါဇင်ချီရနေပြီ။ ကျွန်တော်တို့က အခုနေ နျူကလီးယားလက်နက် မထုတ်လုပ်ရေးတို့၊ နျူကလီးယားလက်နက် ကင်းစင်ရေးတို့ သွားပြောနေလို့ တော်ရုံ ဘယ်သူမှ နားမဝင်တော့ ဘူး။" ဟု အိုးက ပြောသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း တောင်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်တပ်ဆင်ရေးကို စဉ်းစားချက် တစ်ခုအနေနဲ့ ထားရှိသင့်ကြောင်းပြောဆိုခဲ့ဖူးသည်။

 

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော၏ ကွန်ဆာဗေးတစ် ပြည်သူ့စွမ်းအားပါတီ၏ ဩဇာရှိသည့် ပါတီဝင်တစ်ဦးဖြစ်သူ အိုးသည် တောင်ကိုရီးယား နျူကလီးယားလက်နက်တပ်ဆင်ရေး ထောက်ခံအားပေးသည့် ရာထူးအမြင့်ဆုံး အစိုးရအရာရှိတစ်ဦးဖြစ်သည်။

 

မြို့တော်ဝန် အိုးသည် ၂၀၂၇ တွင်‌ တောင်ကိုရီးယားသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည်။ မြို့တော်ဝန်အနေဖြင့် နိုင်ငံလူဦးရေ ၅၁ သန်း၏ ထက်ဝက်နီးပါး နေထိုင်သည့် မြို့ပြဧရိယာကို ကာကွယ်ရန် ရည်ရွယ်သည့် ဆိုးလ်မြို့ နှစ်စဉ်အရပ်ဘက်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုနှင့် ပေါင်းစပ်လုံခြုံရေး ယန္တရား တစ်ခုကို ကြီးကြပ်ကွပ်ကဲရသည်။

 

လက်ရှိတွင် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာတိုးတက်လာမှုနှင့် အမေရိကန်၏ တောင်ကိုရီးယား ကာကွယ် ပေးနိုင်စွမ်းအပေါ် သံသယပွားလာမှုတို့ကြောင့် တောင်ကိုရီးယား ထိပ်ပိုင်းအရာရှိအများအပြားမှာ ကိုယ်တိုင် နျူကလီးယားလက်နက် ထုတ်လုပ်ရေး သို့မဟုတ် ၁၉၉၀ ခုနှစ်များတွင် ကိုရီးယားကျွန်းဆွယ်မှ ပြန်ရုပ်သိမ်း ခဲ့သည့် နျူကလီးယားဗုံးနှင့် ဒုံးကျည်များကို ပြန်လည်တပ်ဖြန့်ချထားနိုင်ခြေကို ယခင်ထက်ပို ပြောဆိုလျှက် ရှိသည်။

 

ယွန်းသည် သမ္မတလောင်းအနေဖြင့် နျူလက်နက် ပြန်လည်တပ်ဖြန့်ချထားရေးကို အဆိုပြုခဲ့သော်လည်း အာဏာ ရပြီးနောက်ပိုင်း ၎င်း၏အစိုးရအနေဖြင့် နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးမူကို ဆက်လက်ကိုင်စွဲကာ အမေရိကန်နှင့်အတူ သမရိုးကျကာကွယ်ရေး ပိုမိုအားကောင်းအောင်သာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

 

သို့သော် တောင်ကိုရီးယားအနေဖြင့် ကိုယ်ပိုင်နျူလက်နက်တိုက် တည်ဆောက်ရေး အားပေးထောက်ခံသူ မကြုံစဖူး များလာနေကြောင်း စစ်တမ်းများက ဖော်ပြသည်။

 

Data Research က မတ်လ ရက်နေ့ထုတ်ပြန်သည့် စစ်တမ်းတစ်ခုတွင် နျူလက်နက်ထုတ်လုပ်ရေး ထောက်ခံသူ ၇၀ ရာခိုင်နှုန်းနှင့် ဆန့်ကျင်သူ ၂၇ ရာခိုင်နှုန်းရှိခဲ့သည်။ ၅၉ ရာခိုင်နှုန်းကမူ ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်လာပါက မြောက်ကိုရီးယားက နျူလက်နက်အသုံးပြုလာနိုင်ကြောင်း ဖြေကြားခဲ့သည်။

 

ဆိုးလ်မြို့တော်ဝန်ကမူ ယူကရိန်းစစ်ပွဲကို ကြည့်ခြင်းအားဖြင့် နျူကလီးယားဖျက်သိမ်းရေး သဘောတရားကို လူကြိုက်မများတော့ကြောင်းနှင့် နျူကလီးယားလက်နက်ကသာ မြောက်ကိုရီးယား အန္တရာယ်ကို အထိ ရောက်ဆုံး ဟန့်တားနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

"ရုရှားက ယူကရိန်းလေပိုင်နက်ကို ကြိုက်သလို ဝင်ထွက်ချိုးဖောက်နေတယ်။ ဗုံးကြဲလေယာဉ်တွေ ပျံတယ်၊ ဒုံးကျဉ်တွေပစ်ခတ်တယ်။ ဒါပေမဲ့ ယူကရိန်းက ရုရှားနယ်နမိတ်ထဲကို သွားမထိရဲတဲ့အတိုင်းပဲ။ ဒါဘာကြောင့်လဲ ဆိုရင် နျူကလီးယားပိုင်တဲ့ ရုရှားရဲ့အောက်မှာ သိမ်ငယ်နေရလို့ပဲ" ဟု အိုးက ပြောသည်။

 

တောင်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်ထုတ်လုပ်ပါက အရေးယူဒဏ်ခတ်မှုအပါအဝင် အခြားနိုင်ငံ များ၏ ဒဏ်ခတ်မှုကို ရင်ဆိုင်ရနိုင်‌ကြောင်း အတိုက်အခံများက သတိပေးသည့်တိုင် တောင်ကိုရီးယား၏ နျူလက်နက်အစီအစဉ်သည် တရုတ်လိုနိုင်ငံမျိုးက မြောက်ကိုရီးယား နျူလက်နက်တိုးမြှင့်တည်ဆောက်မှုကို ဝင်‌ရောက်ဟန့်တားရေးအတွက်သတင်းစကားတစ်ခု ဖြစ်လာနိုင်ကြောင်း မြို့တော်ဝန်က တုန့်ပြန်ထားသည်။

 

"အစပိုင်းမှာ‌တော့ နိုင်ငံတကာရဲ့ ဆန့်ကျင်မှုတွေ ကြုံရနိုင်ပေမဲ့ တဖြည်းဖြည်း ထောက်ခံလာမှာ အသေအချာ ပါပဲ"

သမ္မတယွန်းအစိုးရလက်ထက်တွင် နျူကလီးယားနှင့်ပတ်သက်၍ ပိုမိုပြောဆိုလာမှုမှာ တောင်ကိုရီးယားအနေ ဖြင့် နျူကလီးယား‌လက်နက်အစီအမံများနှင့်ပတ်သက်၍ ပိုမိုပြောပိုင်ခွင့်ရရှိစေရန် အမေရိကန်ကို ဖိအား ပေးခြင်း ဖြစ်နိုင်ကြောင်း အမေရိကန်ထိပ်တန်းအရာရှိဟောင်းတစ်ခုက ပြောဆိုဖူးသည်။

 

Source – Reuters

ပုံ - ဆိုးလ်မြို့တော်ဝန် အိုးဆေးဟွန်း

Burma Associated Press

 

 

တောင်ကိုးရီးယား
နျူကလီးယားလက်နက်

Share With
bap-logo