bap-logo
Politics

လာမည့် အမေရိကန်ရွေးကောက်ပွဲကို လွှမ်းမိုးရန် တရုတ်ကြိုးပမ်းနေကြောင်း သက်သေအထောက် အထားများ ရှိဟု ဘလင်ကန်ပြော

V4NSd4_e-Cu2KQg5atYG3-image

လွန်ခဲ့သော ၁၆ ရက် က

 

လာမည့် အမေရိကန်ရွေးကောက်ပွဲများကို တရုတ်နိုင်ငံက "လွှမ်းမိုးရန်၊ အငြင်းပွားဖွယ် စွက်ဖက်ရန်" ကြိုးပမ်းမှုများ တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်က ယင်းကဲ့သို့ မပြုလုပ်ပါဟု ယခင်က ကတိပြုခဲ့သော်လည်း သက်သေအထောက်အထားများရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က CNN ကို ပြောသည်။

 

တရုတ်နိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အပြီး CNN မှ Kylie Atwood နှင့် မေးမြန်းခန်းတစ်ခုတွင် ဘလင်ကန်က ယင်းကဲ့သို့ မှတ်ချက်ပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

၎င်းခရီးစဉ်အတွင်း ဘလင်ကန်သည် ရှီအပါအဝင် တရုတ် ထိပ်တန်း အရာရှိများနှင့်တွေ့ဆုံပြီး အမေရိကန်မှ နည်းပညာထိန်းချုပ်မှုမှသည် တရုတ်အစိုးရ၏ ရုရှားအစိုးရကို ထောက်ပံ့မှုများအထိ အငြင်းပွားဖွယ် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မတ ရှီကို ဆန်ဖရန်စ္စကို၌ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထိပ်သီးတွေ့ဆုံမှုအတွင်း ပြောကြားခဲ့သည့် လာမည့် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ပြောကြားခဲ့သည့် သတင်းစကားကို ဘလင်ကန်က ထပ်လောင်း ပြောကြားခဲ့သည်။ ထိုစဉ်က ရှီသည် တရုတ်နိုင်ငံက ယင်းကဲ့သို့ ပြုလုပ်မည် မဟုတ်ဟု ကတိပြုခဲ့သည်။

 

ယေဘုယျသဘောပြောရရင် လွှမ်းမိုးဖို့၊ အငြင်းပွားဖွယ် ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းတဲ့ သက်သေအထောက်အထားတွေ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကို တတ်နိုင်သမျှ အမြန်ဆုံး ရပ်တန့် ပြတ်တောက်သွားတာ ကျွန်တော်တို့ လိုချင်ပါတယ်ဟု ဘလင်ကန်ကပြောသည်။

 

ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲမှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှု တစုံတရာ ရှိ၊ မရှိဆိုတာ ကျွန်တော်တို့ အလွန် ဂရုတစိုက် စောင့်ကြည့်နေတဲ့ အရာဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် လုံးဝ လက်ခံဖွယ်ရာ မရှိပါဘူး။ ဒီတော့ ဒီသတင်းစကားကို သူတို့ ထပ်ပြီး ကြားတယ်ဆိုတာ သေချာချင်တယ်။ဟု ဘလင်ကန်က ပြောသည်။

 

တရုတ်အစိုးရက ၎င်းတို့သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် မူဝါဒအရ အမေရိကန်ရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ တရုတ်နှင့် တရုတ်အစိုးရနှင့် ချိတ်ဆက်ထားသည့် လှုပ်ရှားသူများသည် ကနေဒါအပါအဝင် အခြားနိုင်ငံများတွင် နိုင်ငံရေး စွက်ဖက်မှုများဖြင့် စွပ်စွဲခံခဲ့ရသည်။

 

ကျွန်တော်တို့ အခုချိန်မှာ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ နယ်ပယ်တွေကိုအာရုံစိုက်ထားကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မတူကွဲပြားမှုတွေကိုလည်း ပြတ်ပြတ်သားသား သိရှိထားကြပါတယ်။ ပြိုင်ဆိုင်မှုကနေ ပဋိပက္ခဖြစ်မှုဆီကို ပြောင်းလဲမသွားရေး ရှောင်လွှဲဖို့ဆိုရင် ဒါက အရေးကြီးပါတယ်။ဟု ဘလင်ကန်က CNN ကို ပြောသည်။

 

ရုရှား ကာကွယ်ရေးအခြေစိုက်လုပ်ငန်းများကို တရုတ်က ထောက်ပံ့နေသည့်အတွက် ဘိုင်ဒန်အစိုးရက စိုးရိမ်ကြောင်းလည်း ဘလင်ကန်က ၎င်း၏ တွေ့ဆုံဆွေးနွေးပွဲများတွင် မြှင့်တင်ပြောကြားခဲ့သည်။ ဆက်လက်ထောက်ပံ့နေလျှင် တရုတ်အဖွဲ့အစည်းနှင့် တစ်သီး ပုဂ္ဂလ ဦးရေ ၁၀၀ ကျော်ကို အရေးယူသွားမည်ဟု ပြောသည်။

 

တရုတ်၏ ထောက်ပံ့မှုကြောင့် ရုရှားသည် တင့်ကားများ၊ ခဲယမ်းများ၊ သံချပ်ကာယာဉ်များ မြှင့်တင် ထုတ်လုပ်နေနိုင်ခြင်းဖြစ်ကာ ယူကရိန်းကို ဆက်လက်ထိုးစစ် ဆင်နေနိုင်ခြင်းဖြစ်သည်ဟု အမေရိကန်က ယုံကြည်ထားသည်။

 

ကိုးကား - CNN

ပုံစာ - ဧပြီလ ၁၆ ရက် ၂၀၂၄ ခုနှစ် ဝါရှင်တန် ဒီစီ၌ မီဒီယာများကို စကားပြောနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်။ (Saul Loeb/AFP/Getty Images)

 

Burma Associated Press

အမေရိကန်
ရွေးကောက်ပွဲ
တရုတ်

Share With
bap-logo