bap-logo
Politics

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသက စစ်ဘေးရှောင်တွေရဲ့ဖုန်းကို ရဲက စစ်ဆေးမှုရှိနေ

rRSG9qedIxD5jbh_pfTgD-image

လွန်ခဲ့သော ၂ နှစ် က

 

ဇန်နဝါရီ ၁၆။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ နယ်က စစ်ရှောင်စခန်းတွေမှာ နေထိုင်တဲ့ စစ်ဘေးရှောင်တွေရဲ့ဖုန်းတွေကို ရဲတွေကလာရောက် စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ စစ်ရှောင်စခန်းမှာ နေထိုင်သူအချို့ကပြောပါတယ်။

 

"စစ်ရှောင်စခန်းကိုစရောက်ကတည်းက သတိပေးတာတွေလုပ်တယ်၊ တော်လှန်ရေး အဖွဲ့တွေနဲ့မဆက်သွယ်ဖို့ သတိပေးတယ်၊ ရဲကလာစစ်တော့မယ် ဆိုရင် စခန်းတာဝန်ရှိသူတွေက ပုံတွေကအစဖျက်ထားဖို့ပြောတယ်၊ မသင်္ကာ သူတွေ လောက်တော့စစ်တယ်၊ လူတိုင်းကို မစစ်ဘူး" လို့ လွိုင်ကော်မြို့ကနေ စစ်ရှောင်လာသူတဦးက ပြောပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပအိုဝ်းပြည်သူစစ်တွေက ဆီဆိုင်မြို့ခံတွေထဲက နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေကိုလည်း စောင့်ကြည့်တာတွေ ပြုလုပ်နေတာကြောင့် သတိထားနေထိုင်နေကြရတယ်လို့ သိရပါတယ်။

 

ဆီဆိုင်မြို့နယ်ထဲ စစ်ရှောင်လာသူတွေထဲမှာ တော်လှန်ရေးအဖွဲ့ဝင်တွေ ပါလာမှာ စိုးရိမ်လို့ လူငယ်တွေကို သတိထားစောင့်ကြည့်နေပြီး၊ လူမူကွန်ယက်ကနေ နိုင်ငံရေးနဲ့ပတ်သက်တဲ့ပိုစ့်တွေ မတင်ဖို့ သတိပေးတာမျိုး ပြုလုပ်ထားတယ်လို့ စစ်ရှောင်သူအချို့က ပြောပါတယ်။

 

"လွိုင်ကော်ကနေလာတဲ့သူကို ရဲကစစ်တာ၊ အချို့စခန်းတွေမှာ မကြာခဏ ဆိုသလို ကြားနေရတော့ ကြောက် ကြတယ် စခန်းထဲကို ရဲတွေဝင်လာပြီ ဆိုတာနဲ့ လန့်နေကြရပြီ၊ ဆီဆိုင်မြို့ခံတဦးက ဖေ့ဘွတ်ပေါ်ကနေ PDF တွေကို အားပေးတယ်ဆိုပြီး ဟိုတလောကအဖမ်းခံရတယ်ကြားတော့ အားလုံး လန့်နေကြတယ်၊ ဘာမှမတင်ရဲ ကြဘူး"လို့လွိုင်ကော်မြို့ကနေ စစ်ရှောင် လာသူတဦးက ပြောပါတယ်။

 

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့ကနေဆီဆိုင်မြို့ကို စစ်ရှောင်လာသူတွေ များနေလို့ စစ်ရှောင်စခန်းအားလုံးမှာ နေရာတွေပြည့်နေပြီး ခက်ခဲနေကြတယ်လို့ သိရပါတယ်။

 

ပုံစာ - ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ယာယီစစ်ဘေးရှောင်စခန်းတစ်ခု

 

Burma Associated Press

Southern Shan State
civilian
refugee
Smartphone

Share With
bap-logo