bap-logo
International

ထိန်းသိမ်းရေးစခန်းရှိ ကလေးအပါအဝင် လူ ၁၅၀ သေဆုံးမှုကြောင့် မလေးရှားအစိုးရ ဖိအားပေးခံနေရ

qEgySFPG69dzGpdVA6GmK-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၃

 

၂၀၂၂ ခုနှစ်အတွင်း မလေးရှားနိုင်ငံ ရွှေ့ပြောင်းထိန်းသိမ်းရေးစခန်းများရှိ ကလေး ဦး အပါအဝင် နိုင်ငံခြားသား ၁၅၀ သေဆုံးခဲ့ကြောင်း အစိုးရက ပြောကြားပြီးနောက် ရွှေ့ပြောင်းထိန်းသိမ်းရေးစခန်း အခြေအနေများကို စုံစမ်း စစ်ဆေးရန် လူ့အခွင့်အရေးအဖွဲ့များက မလေးရှားကို တိုက်တွန်းထားသည်။

 

မလေးရှားအစိုးရသည် ခိုလှုံခွင့်တောင်းခံသူများအပါအဝင် နိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် မရှိသူများကို ပုံမှန် ဖမ်းဆီးထိန်းသိမ်းလေ့ရှိပြီး လက်ရှိအထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာ နေထိုင်လျှက် ရှိပြီး ယင်းအနက် သိန်းကျော်မှာ ရိုဟင်ဂျာဒုက္ခသည်များ ဖြစ်သည်။

 

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများသည် လူပြည့်ကျပ်၍ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိချေ။ ထိန်းသိမ်း ခံရသူများမှာ အစားအစာ၊ ရေနှင့် ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိကြောင်း တက်ကြွ လှုပ်ရှားသူများ၊ ရိုက်တာနှင့်အင်တာဗျူးပြုလုပ်ခဲ့သည့် ယခင်ထိန်းသိမ်းခံခဲ့ရသူများ၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါသေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ ယခုသတင်းပတ် ပါလီမန်မေးခွန်းတစ်ခုကို ဖြေကြားရာတွင် ၂၀၂၂ ခုနှစ်တွင် သေဆုံးခဲ့သည့် ရွှေ့ပြောင်းဒုက္ခသည် ၁၅၀ အနက် ကလေး ဦးနှင့် အမျိုးသမီး ၂၅ ဦး ပါဝင်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဇူရှင် အစ္စမေးလ် (Saifuddin Nasution Ismail)က ပြောကြားခဲ့သည်။

 

သို့သော် သေဆုံးရခြင်းအကြောင်းအရင်းနှင့် ထိန်းသိမ်းခံထားရသည့် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါ။

 

ပြီးခဲ့သည့်ဇူလိုင်လက မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများတွင် နိုင်ငံခြားသား ၁၇,၇၀၃ ဦး ရှိကြောင်း မလေးရှားအစိုးရက ပြောကြားခဲ့သည်။

 

"ကလေးငယ်တွေအပါအဝင် နိုင်ငံခြားသား အများအပြား လူဝင်မှုကြီးကြပ်ရေးအချုပ်ထောင်ထဲမှာ သေဆုံး နေရတာဟာ မလေးရှားအစိုးရက အဲဒီလူတွေကို လူ့အခွင့်အရေးရှိတဲ့ လူသားတွေလို့ သတ်မှတ်ဆက်ဆံခြင်း မရှိတဲ့အတွက်ကြောင့်သာ ဖြစ်တယ်လို့ ပစ်ပစ်ခါခါ စွပ်စွဲရပါလိမ့်မယ်" ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) အာရှဆိုင်ရာလက်ထောက် ဒါရိုက်တာ မစ္စတာ ဖီးလစ် ရော်ဘတ်ဆန်က ပြောကြားခဲ့သည်။

 

မလေးရှားအစိုးရသည် ပုံမှန်အားဖြင့် အထောက်အထားမဲ့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ် မပေးမီ ကာလရှည်ထိန်းသိမ်းထားပြီး နေရပ်မပြန်လိုသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့် တောင်းခံသူများကို အကန့် အသတ်မရှိ ချုပ်နှောင်ထားလေ့ရှိသည်။

 

မလေးရှားအစိုးရသည် အဆိုပါဝင်ရောက်လာသူများကို "ဒုက္ခသည်" အဖြစ် အသိအမှတ်မပြုဘဲ ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ အကာအကွယ်ပေးမှုရရှိထားသူများကို မဖြစ်စလောက် အခွင့်အရေးသာ ပေးထားသည်။

 

ထို့အပြင် UNHCR ကိုလည်း ၂၀၁၉ ခုနှစ်ကတည်းက ထိန်းသိမ်းရေးစခန်းများသို့ ဝင်ရောက်ခွင့် ပိတ်ပင် ထားခြင်းကြောင့် ခိုလှုံခွင့်တောင်းခံသူများကို လွှတ်ပေးရေး၊ နေရာပြန်ချထားရေးကြိုးပမ်းမှုများ နှောင့်နှေးလျှက် ရှိသည်။

 

ယင်းကဲ့သို့ ထိန်းသိမ်းရေးစခန်းများအတွင်း ဝင်ရောက်ခွင့်ကန့်သတ်ခြင်းနှင့် လွတ်လပ်သော စောင့်ကြည့်မှု ကင်းမဲ့ခြင်းသည် ဒုက္ခသည်များကို ထိခိုက်နစ်နာစေသည့်အတွက်ကြောင့် သေဆုံးမှုများအတွက် ပွင့်လင်း မြင်သာသော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် နိုင်ငံတကာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က မလေးရှားအစိုးရကို တောင်းဆိုထားသည်။

 

Source – The Straits Times

ပုံစာ။ မလေးရှား လူဝင်မှုကြီးကြပ်ရေးစီးနင်းမှုအတွင်းက အထောက်အထားမဲ့ မိခင်တစ်ဦး။

 

Burma Associated Press

 

Refugee
malaysia
migrant detention centers
foreigners
Rohingya
Children

Share With
bap-logo