Politics
နေထိုင်သူတွေရဲ့ ထူးခြားမှုကိုစောင့်ကြည့်ဖို့ဆိုပြီး လခစား သတင်းပေးတွေကို စစ်တပ်က ခန့်ထား
လွန်ခဲ့သော ၈ နာရီ က
BAP၊ ဒီဇင်ဘာ ၁၈။
ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ နေထိုင်သူတွေရဲ့ ထူးခြားမူတွေကို စောင့်ကြည့်ဖို့ သတင်းပေးတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် လစာငွေကြေးပေးပြီး စစ်တပ်ကခန့်ထားတယ်လို့ BAP က သိရပါတယ်။
ဆိုက်ကားနင်းသူ၊ ကယ်ရီသမားနဲ့ ဈေးသည်အချို့ကို ခန့်ထားတာဖြစ်ပြီး စောင့်ကြည့်သတင်းပေးတာ မျိုးတွေ ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီကနေ သိရပါတယ်။
လက်ရှိအချိန်မှာ ရပ်ကွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ လမ်းမှူးနေရာတွေမှာ စစ်အုပ်စုကို ထောက်ခံ သူတွေနဲ့သာ အစားထိုးခန့်အပ်ပြီး ညစဉ်တိုင်း လမ်းတာဝန်ခံတွေက ထူးခြားသတင်းတွေ ပေးနေရ တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေက ပြောပါတယ်။
"သပိတ်တွေမှာပါဝင်သူလား။ သူကဘာအလုပ်လုပ်နေတာလဲ။ သူတို့မသင်္ကာသူတွေရော ရပ်ကွက်ထဲ လာနေသူအချို့ကို စောင့်ကြည့်ဖို့ တလမ်းကိုတယောက်နူန်း အချို့လမ်းမရှည်လို နေရာမျိုးတွေဆို နှစ်ယောက်လောက်စောင့်ကြည့်ပြီး ရပ်ကွက်ရုံးကို အကြောင်းကြားပေးရတယ်၊ ရပ်ကွက်ရုံးကနေ မြို့နယ်ရုံးကို အပတ်စဉ်ထူးခြားတာတွေ သတင်းပို့တာတွေ့ဆုံတာတွေ လုပ်နေရတယ် "လို့ အင်းစိန် မြို့နယ်မှာ နေထိုင်တဲ့ ရပ်ကွက်ရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ရပ်ကွက်အတွင်းနေထိုင်တဲ့ လူငယ်တွေအပါအဝင် အရင်ကနိုင်ငံရေးတက်ကြွလှုပ်ရှားဖူးသူတွေနဲ့ ရပ်ကွက်ထဲက ထူးခြားတဲ့ဖြစ်စဉ်တွေ၊ မသင်္ကာစရာ အနေထားတွေ့ခဲ့ရင် သတင်းပေးဖို့ ခန့်အပ်ထား တယ်လို့ ရပ်ကွက်ရုံးနဲ့နီးစပ်သူအချို့က ပြောပါတယ်။
ဒီလိုစောင့်ကြည့်ဖို့ခန့်ထားတဲ့နေရာမှာမြို့နယ်အလိုက် ငှားရမ်းပုံမတူညီကြဘဲ အချို့က လခ၊ အချို့က နေ့စားခနဲ့ အချို့က လုပ်ပိုင်ခွင့် အခွင့်အရေးတွေပေးတဲ့ ပုံစံတွေနဲ့ ပြုလုပ်နေကြတာလို့ စောင့်ကြည့် ခံနေရသူ အချို့က ပြောပါတယ်။
လခအနေနဲ့ တလကို ငွေကျပ် ၁၈၀,၀၀၀ ကနေ ၂ သိန်း ဝန်းကျင်၊ အချို့က နေ့စား သဘောနဲ့ ၇,၀၀၀ ကျပ်၊ အချို့လူတွေကို ဆယ်အိမ်မှူး၊ လမ်းမှူးအနေနဲ့ခန့်ထားပြီး ထောက်ခံစာလုပ်ပေးရတဲ့ကိစ္စတွေမှာ လမ်းမှူး ရာအိမ်မှူး လက် မှတ်ထိုးခတွေကို ယူခွင့်ပေးတာမျိုးတွေနဲ့ စေခိုင်းနေတာလို့ အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူအချို့က ပြောပါတယ်။
"ကျွန်တော်တို့ အရင် ဆန္ဒပြပွဲကာလတွေတုန်းက ဦးဆောင်ဖူးသူနေရာမှာပါဖူးတယ်၊ အစားအသောက် ရေသန့် ဘာညာကူညီဖူးတယ်၊ ဖြိုခွင်းပြီးကတည်းက ဘာမှဝင်မပါတော့တာကြာပြီ၊ ဒါကိုသူတို့က ကျွန်တော်အလုပ်လုပ်တဲ့ ရုံးခန်းကို စောင့်ကြည့်ခိုင်းတယ်၊ လူဝင်လူထွက်ပါ စောင့်ကြည့်ခိုင်းထားတာ၊ ဒီလို ခိုင်းထားတယ်ဆိုတာ သူတို့ကိုယ်တိုင်ပြန်ပြောပြလို့သာ သိရတာ"လို့ ရန်ကုန်မြို့နေထိုင်သူတဦးက ပြောပါတယ်။
ရန်ကုန်မြို့က ရပ်ကွက်အချို့မှာတော့ ချဲရောင်းသူတွေ၊ နှစ်လုံးထီရောင်းသူတွေနဲ့ လမ်းထိပ် ဈေးရောင်း သူတွေကိုပါ စောင့်ကြည့်ခိုင်းထားတယ်လို့ သာကေတမြို့နယ်နေသူ အချို့က ပြောပါတယ်။
ရွေးကောက်ပွဲမဲဆွယ်ကာလ ပါတီဆိုင်းဘုတ်တွေ ဖျက်စီးမခံရဖို့ စောင့်ကြည့်ခိုင်းတာမျိုးတွေပါ ပြုလုပ် နေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
"ကျွန်မတို့ရပ်ကွက်က ဘုတ်ကြီးဆိုတဲ့မိန်းမက မနက်ဆို အုပ်ချုပ်ရေးမှူးဆီ လက်ဖက်ရည်၊ အီကြာ ကွေး၊ ကွမ်းဆေးလိပ် မနက်တိုင်း ပို့တယ်၊ လမ်းထဲမှာ တအိမ်ဆင်း တအိမ်တက် သတင်းယူတယ်၊ ညနေဆို လမ်းထိပ်မှာ ထိုင်ပြီးသတင်းယူတယ်၊ အုပ်ကြီးနဲ့ ဖုန်းအဆက် အသွယ်လုပ်တယ်၊ အဲဒီမိန်းမက လမ်းထဲကလူတွေ သတိထားပြီးနေနေရတယ်၊ လခရလို့ဆိုတာထက် နှစ်လုံးထီဒိုင် ကိုင်ခွင့်ရအောင် သတင်းပေးနေတာ"လို့ သာကေတမြို့နယ် နေသူတဦးက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးဖက်က စောင့်ကြည့်ဖို့စေခိုင်းထားသူတွေကြောင့် အဲဒီလိုမဟုတ်တဲ့ အခြား ဆိုက်ကားနင်းသူ၊ ဆိုင်ကယ်ကယ်ရီသမားတွေ၊ ရပ်ကွက်ထဲ သံတိုသံစရောင်းဝယ်သူအချို့ကိုပါ အမြင် မကြည်မူတွေနဲ့ ကြုံနေရတယ်လို့ အင်းစိန်မြို့နေသူအချို့က ပြောပါတယ်။
ရန်ကုန်မြို့နေရာအချို့မှာ ပျောက်ကျားသပိတ်တွေ၊ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းလှုပ်ရှားမှုနဲ့အတူ ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့တဲ့ Silent Strike လှုပ်ရှားမှုပြုလုပ်ဖို့ ဦးဆောင်ခဲ့သူတွေကိုလည်း ရှာဖွေနေတယ်လို့ နေထိုင်သူတွေက ပြောပါတယ်။
ဆူးလေ လူကူးတံတားအနီးမှာ လူထုတော်လှန်ရေးအသိပေးလိုတဲ့ အချက်သုံးချက်နဲ့ ဆန္ဒပြလှုံ့ဆော်မှု ပြုလုပ်ခဲ့သူတွေကို သိရှ်ိဖို့ လိုက်လံစုံစမ်းနေတယ်လို့ ပြည်သူအချို့က အသိပေးပြောကြားပါတယ်။
Top News
လွန်ခဲ့သော ၈ နာရီ က
လွန်ခဲ့သော ၃ ရက် က