bap-logo
Politics

မြန်မာမှ တရားမဝင် ဝင်ရောက်မည့်သူများ ဥပဒေအရ အရေးယူခံရမည်ဟု ထိုင်းဝန်ကြီးချုပ် သတိပေး

n4GozsZCpH4EVfqqrqTWU-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာစစ်တပ်က ဧပြီလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်မှုထမ်းစေမည့် အစီအစဉ်ကို ကြေငြာပြီးနောက် မြန်မာနိုင်ငံသား အမြောက်အများ ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ဗီဇာလျှောက်ထားခဲ့ကြသည်။

 

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လျှင် ဥပဒေအရ အရေးယူခံရမည်ဟု ထိုင်းဝန်ကြီးချုပ် Sretha Thavisin က သတိပေးခဲ့သည်။

 

သူတို့ ဥပဒေနဲ့ အညီဝင်လာရင် ကြိုဆိုပါတယ်။ ဒါပေမယ့် တရားမဝင်ခိုးဝင်လာရင်တော့ သူတို့ကို ဥပဒေအရ အရေးယူမှာပါ။ ကျွန်တော် လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီးပါပြီ။” ဟု ၎င်းက ပြောသည်။

 

မြန်မာနိုင်ငံသားများ လက်ရှိတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြခြင်း အကြောင်းများအနက် တစ်ခုမှာ စစ်မှုမထမ်းမနေရအစီအစဉ်ကို ရှောင်ကြဉ်လို၍ ဖြစ်သည်ဟု ပြောကြားပြီး မြန်မာရွှေ့ပြောင်း လုပ်သားများက ဒေသခံများ၏ အလုပ်အကိုင်များ ရယူသွားမည်ကို စိုးရိမ်မှုနေမှုများ သက်သာစေရန် ပြောကြားခဲ့သည်။

 

၎င်းက ထိုင်းနိုင်ငံ အလုပ်လက်မဲ့နှုန်းမှာ လက်ရှိ ၁% အောက်သာ ရှိကြောင်း၊ ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများမှ အလုပ်သမား များစွာ ပိုမိုလိုအပ်နေသေးကြောင်း၊ သို့သော် ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် စနစ်တကျ လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဟု ပြောသည်။

 

မြန်မာ လူငယ်များ စစ်မှုမထမးမနေရဥပဒေသည် ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာဖြင့် ဝင်ရောက်လာသူ လုပ်သားများကိုလည်း သက်ရောက်စေမည်ဖြစ်ကာ အချို့သော စီးပွားရေးလုပ်ငန်းများအတွက် လုပ်သားပြတ်တောက်မှုသို့ ဦးတည်စေမည်ဟု Thammasat တက္ကသိုလ် Pridi Banomyong Institute မှ အမှုဆောင်ကော်မတီ ဥက္ကဌ Anusorn Tamajai က ပြောသည်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် မြန်မာနိုင်ငံသား အရေအတွက်နှင့် တရားမဝင် အလုပ် လုပ်ကိုင်ကြမည့် အရေအတွက် တိုးပွားလာမည်ဟုလည်း ၎င်းက ပြောသည်။

 

ပြီးခဲ့သည့် ကြာသပတေးနေ့မှ စတင်၍ တစ်ရက်လျှင် ဗီဇာ လျှောက်ထားမှု ၄၀၀ ဦးသာ လက်ခံသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ၎င်းတို့၏ Facebook တွင် ကြေငြာခဲ့သည်။

 

မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် ထိုင်းနိုင်ငံအတွင်းသို့ ဗီဇာမလိုဘဲ အလည်အပတ် ၁၄ ရက်ကြာ ဝင်ရောက်နိုင်သည်ဟုလည်း သံရုံးက ပြောသည်။

 

မြန်မာ စစ်တပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုမထမ်းလိုသည့် မြန်မာနိုင်ငံသား အမြောက် အများက ထိုင်းနိုင်ငံသို့ သွားရောက်ကြမည်ဖြစ်ကာ အများစုမှာ နောက်ဆုံးတွင် တရားမဝင် အလုပ်လုပ်ကိုင်ကြရမည်ဟု ခန့်မှန်းရသည်။

 

၎င်းအခြေအနေသည် ထိုင်းလုပ်သားဈေးကွက်ကို သက်ရောက်နိုင်ကြောင်း၊ ထို့အတွက် အစိုးရအနေဖြင့် မြန်မာနိုင်ငံသားများ၏ အလုပ်လုပ်ကိုင်မှု အဆင့်သတ်မှတ်ချက်နှင့် အလုပ်လျှောက်ထားမှုများကဲ့သို့သော အလုပ်အကိုင်နှင့် ဆက်နွယ်သည့် ကိစ္စများကို အထူးအလေးထား ဂရုစိုက်သင့်ကြောင်း ထိုင်းကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (EconThai) ဒုဥက္ကဌ Tanit Sorat က ပြောသည်။

 

ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ အထူးသဖြင့် 3D ဟု ညွှန်းဆိုကြသည့် ကျွမ်းကျင်မှုမလိုအပ်ဘဲ "ညစ်ပတ်(Dirty) ခက်ခဲ(Difficult) အန္တရာယ်များသော(Dangerous)" အလုပ်များ လုပ်ကိုင်ကြသူများကို မှီခိုနေရသည်။ ၎င်းအလုပ်များကို ထိုင်းလူမျိုးများက မလုပ်လိုကြပေ။

 

ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေကို စက်ရုံတွေနဲ့ စိုက်ပျိုးရေးကဏ္ဍအတွက် အများကြီး လိုအပ်ပါတယ်။” ဟု Mr Tanit က ပြောသည်။

 

EconThai အဆိုအရ မြန်မာမှ လုပ်သားများသည် အစားအသောက်ပြင်ဆင်ထုတ်လုပ်ခြင်း၊ အီလက်ထရောနစ်၊ ကားပစ္စည်း၊ တာယာ၊ အထည်ချုပ်နှင့် အထည်အလိပ်၊ ငါးဖမ်းခြင်း၊ ကြံစိုက်ပျိုး ထုတ်လုပ်ရေး၊ ရာဘာနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

 

အများစုမှာ ဘန်ကောက် သို့မဟုတ် Samut Sakhon Pathum Thani နှင့် Nakhon Pathom ပြည်နယ်များတွင် လုပ်ကိုင်ကြသည်။

 

လက်ရှိတွင် မြန်မာမှ လုပ်သား ၂. သန်းခန့်ရှိပြီး ထိုင်းနိုင်ငံတွင်းရှိ အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်း လုပ်သား အများဆုံးအစုအဖွဲ့ဖြစ်သည်။

 

မြန်မာမှ ရွှေ့ပြောင်းလုပ်သားအများအပြားမှာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာဖြင့် ဝင်ရောက်လာ ကြခြင်းဖြစ်သည်။ အခြားသူများမှာ အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အလုပ်လုပ်ကိုင်ရန် ခွင့်ပြုထားခြင်း ဖြစ်သည်။

 

ဒီအရေအတွက်မှာ တရားမဝင် အလုပ်သမားတွေ မပါသေးပါဘူး။ သူတို့ကိုပါ ထည့်သွင်းရေတွက်ရင် မြန်မာက စုစုပေါင်း အလုပ်သမားအရေအတွက်ဟာ ၄ သန်း လောက်ရှိမယ်။” ဟု Mr Tanit က ပြောသည်။

 

စီးပွားရေးလုပ်ငန်းများက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပြောင်းလဲရခြင်း၊ ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစားရိတ်များ ထပ်ပေါင်းလာခြင်းတို့ကြောင့် မြန်မာနိုင်ငံမှ နိုင်ငံရေးပဋိပက္ခများသည် နယ်စပ်ကုန်သွယ်ရေးကိုလည်း ထိခိုက်စေခဲ့သည်။

 

ကိုးကား - Bangkok Post

 

ပုံစာ - မဲဆောက်ခရိုင် Tak လူဝင်မှုကြီးကြပ်ရေးရုံးတွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ဗီဇာလျှောက်ထားနေသော မြန်မာများ။ (Photo: File Photo/Bangkok Post)

 

Burma Associated Press

Myanmar
Thailand
migrant workers
prime minister

Share With
bap-logo