Weather
ခုခံတော်လှန်ရေးနှင့် ကူညီထောက်ပံ့ရေးတို့အတွက် မိတ်ဖက် မြန်မာ့ဆင်များ
လွန်ခဲ့သော ၇ နာရီ က
မြန်မာနိုင်ငံ ပြည်တွင်းစစ်တွင် ဆင်များသည် အဓိက အခန်းကဏ္ဍမှ ပါ၀င်နေသည်။ သို့သော် ပဋိပက္ခကြောင့် ၎င်းတို့၏ အနာဂတ်အပေါ် အရိပ်မည်းကြီး ထိုးလျက်ရှိသည်။
ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း ဆက်လက်ဖြစ်ပွားဆဲ မြန်မာ့ ပြည်တွင်းစစ်တွင် ထူးခြားပြောင်မြောက်သည့် တပ်ဖွဲ့အမျိုးအစားတစ်ခုက အဓိကအခန်းကဏ္ဍတွင် ပါ၀င်နေသည်။ စီးနင်းလိုက်ပါနိုင်သည့် ၎င်းတပ်ဖွဲ့များတွင် ဆင်ကောင်ရေ ၂၀၀ ၀န်းကျင်နှင့် ၎င်းတို့၏ ဦးစီးများ ပါ၀င်သည်။ ၎င်းတို့သည် တိုက်ပွဲများတွင် ပါ၀င်ခြင်း မရှိသော်လည်း စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်ရင်ဆိုင်နေသည့် အင်အားစုများကို အထောက်အပံ့ဖြစ်စေရန် ကူညီပေးနေကြသည်။
ခုခံတော်လှန်ရေးသမားများ ထိန်းချုပ်ထားသော နယ်မြေများတွင် လေ့ကျင့်ထားသည့် ဆင်များက ခုခံတော်လှန်နေသည့် တိုက်ခိုက်ရေးသမားများကို ရွှံ့ထူသည့် လမ်းကြောင်းများပေါ် ကူးသန်းသွားလာခြင်း၊ အထောက်အပံ့ပစ္စည်းများနှင့် ကိရိယာများကို လျှို့၀ှက်တောလမ်းများမှ ပို့ဆောင်ပေးခြင်းတို့ဖြင့် ကူညီနေသည်။ မတ်လနှင့် ဧပြီလတွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အပျက်အစီးကြီးမားသည့် ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆင်များက ကယ်ဆယ်ရေးသမားများနှင့်အတူ ပျက်စီးသွားသည့် လမ်းများကို ရှင်းလင်းပြင်ဆင်ရာတွင် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ မုတ်သုံ၀င်ရောက်လာပြီးနောက်တွင်လည်း ၎င်းတို့က ရေကြီးသည့် ဒေသများသို့ ပြောင်းရွှေ့ကာ ဆေး၀ါးများနှင့် အခြားအထောက်အပံ့ပစ္စည်းများ ၎င်းတို့၏ ကျောပေါ်တွင် တင်၍ ပို့ဆောင်ပေးခဲ့ကြသည်။
ဆင်ဦးစီးများသည်လည်း စစ်အုပ်ချုပ်ရေးကို တော်လှန်ရာတွင် အရေးကြီးသည့် ကဏ္ဍမှ ပါ၀င်သည်။
ဆင်ဦးစီးများသည် “သတင်းအချက်အလက် စုံစမ်းထောက်လှမ်းရေးသာမက တော်လှန်ရေးတပ်ဖွဲ့များ ယာယီစခန်းများ တည်ဆောက်ရာမှာ၊ ပြည်တွင်းပြောင်းရွှေ့ရတွေအတွက် ထောက်ပံ့ကူညီရာမှာ ကူညီပေးကြပါတယ်။” ဟု အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
၂၀၁၅ ခုနှစ် ၀န်းကျင်က လမ်းအတိုင်း ကင်းလှည်တဲ့ စစ်တပ် မမြင်နိုင်တဲ့ တောလမ်းနဲ့ တောအုပ်တွေမှာ ကုန်စည်တွေ၊ ခရီးသည်တွေကို သယ်ပို့ပေးဖို့ KIA တပ်တွေမှာ ဆင်ကောင်ရေ ၅၀ ကနေ ၆၀ လောက်ထိ ရှိတယ်
“လမ်း မပေါက်သည့် နေရာများကို ဆင်နှင့်သွားရ”
မြန်မာနိုင်ငံမှ လက်နက်ကိုင်တိုက်ပွဲများတွင် ဆင်များကို အသုံးပြုခြင်းမှာ အသစ်အဆန်း မဟုတ်ပေ။ အတိတ်ကာလတွင် ထောက်ပံ့ပို့ဆောင်ရေးအတွက် မြောက်ပိုင်းတောင်တန်းဒေသများမှ တော်လှန်ရေးစစ်သားများနှင့်အတူ ဆင်များက ပါ၀င်လှုပ်ရှားခဲ့ကြသည်။ ၀ါရင့် မြန်မာ့အရေးလေ့လာသူ၊ စာရေးဆရာ ဘာတေးလ် လစ်တနာက ကချင်ပြည်နယ်ရှိ တော်လှန်ရေးသမားများ ထိန်းချုပ်နယ်မြေများတွင် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကပင် ဆင်များနှင့် တွေ့ဆုံကြုံတွေ့ခဲ့ကြောင်း The Diplomat ၏ သတင်းထောက်ကို ပြောသည်။
“လက်ရှိအခြေအနေတွေမတိုင်မီ ဟိုးအရင်ကတည်းက ဆင်တွေကို ကချင်နဲ့ ကရင်တော်လှန်ရေးသမားတွေက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်တုန်းက ကျွန်တော့် ခြေထောက် အပြင်းအထန် ဒဏ်ရာရပြီး ဆင်စီးခဲ့ရဖူးတယ်။” ဟု လစ်တနာက ဟူးကောင်းချိုင့်၀ှမ်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်၏ ဆင်လေ့ကျင့်ရေးစခန်းမှ ၎င်း၏ အတွေ့အကြုံကို ပြန်ပြောင်း ပြောဆိုသည်။
တောထူထပ်ပြီး အရင်းအမြစ်ကြွယ်၀သည့် ချိုင့်၀ှမ်းများနှင့် အနီးတစ်၀ိုက်ဒေသများတွင် KIA က ဆင်များကို အခြေခံသည့် ဂရုတစိုက် ပြင်ဆင်ရွေးချယ်ထားသည့် သယ်ယူပို့ဆောင်ရေး ကွန်ရက်တစ်ခုကို တည်ဆောက်ထားပြီး ဆင်များက ကျောက်စိမ်း၊ သစ်၊ အစားအသောက်နှင့် လက်နက်များကို KIA အတွက် သယ်ဆောင်ပေးကြသည်။
“ရှမ်းနဲ့ အာသံ ဘာသာစကားတွေ ရောယှက်ပြောတဲ့ စကားလုံးတွေနဲ့ အမိန့်ကိုပဲ ဆင်တွေက နားလတယ်လို့ ကချင်ဆင်ဦးစီးတစ်ယောက်က ကျွန်တော့်ကို ပြောတယ်။” ဟု လစ်တနာက ပြောသည်။
“’ဒါက မြန်မာနိုင်ငံမှာ ရိုးရာအစဉ်အလာအရ ခန္တီးရှမ်းနဲ့ အာသံ ဆင်ဉီးစီးတွေက ဆင်တွေကို လေ့ကျင့်သင်ကြားပေးခဲ့တယ်ဆိုတာ ပြနေတာပဲ။”
KIA စစ်သားအချို့သည် ကျွမ်းကျင်သော ဆင်ဉီးစီးများဖြစ်သည်ဟု ဟူးကောင်းချိုင့်၀ှမ်းမှ ဆင်ဉီးစီးများကို ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုခဲ့သူ ပထ၀ီပညာရှင်၊ စာရေးဆရာ Jacob Shell က ပြောသည်။
“၂၀၁၅ ခုနှစ် ၀န်းကျင်က လမ်းအတိုင်း ကင်းလှည်တဲ့ စစ်တပ် မမြင်နိုင်တဲ့ တောလမ်းနဲ့ တောအုပ်တွေမှာ ကုန်စည်တွေ၊ ခရီးသည်တွေကို သယ်ပို့ပေးဖို့ KIA တပ်တွေမှာ ဆင်ကောင်ရေ ၅၀ ကနေ ၆၀ လောက်ထိ ရှိတယ်။” ဟု ၎င်းက ပြောသည်။ “လမ်းမပေါက်တဲ့နေရာတွေကို ဆင်တွေက သွားနိုင်တယ်လေ။”
ငယ်ရွယ်သူ ခုခံတော်လှန်ရေးခေါင်းဆောင်များက ဆင်စီးရန် သင်ယူနေကြသည်ဟု ခုခံတော်လှန်ရေးစခန်းများမှ အခြေအနေကိုသိရှိသူ သတင်းရင်းမြစ်က ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး အလောင်းတော်ကဿပ အမျိုးသားဉယျာဉ်မှ ဆင်ထိန်းများကော်မတီ လက်ထောက် ခေါင်းဆောင်၊ ဆင်ဦးစီး (ဦး) ဇော်လွင်ကို အီးမေးလ်ဖြင့် မေးမြန်းရာတွင် ၎င်းနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် ဆင်ဦးစီးများသည် မိုးရာသီ၌ “ဆင်ဦးစီးတွေရဲ့ မိသားစုတွေအတွက် ရိက္ခာနဲ့ ဝေးလံတဲ့ ဒေသက လူနာတွေကို ဆင်တွေနဲ့ သယ်ယူပေးရတယ်။” ဟု ပြောသည်။
ဆင်ထိန်းသိမ်းသူများနှင့် ၎င်းတို့၏ မိသားစုများက ဉယျာဉ်တွင်းရှိ အစိုးရနေအိမ်များမှ ထွက်ခွာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းခဲ့ပြီးနောက် ဂျွန်လ ၂၀၂၁ ခုနှစ်တွင် အလောင်းတော်ကဿပအမျိုးသားဉယျာဉ်ကို ပိတ်သိမ်းခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
“လူနာတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေအပြင် တော်လှန်ရေးတပ်ဖွဲ့တွေကို အထောက်အကူပြုဖို့လည်း ကျွန်တော်တို့ ဆင်တွေကို ဖြန့်ကျက် အသုံးပြုပါတယ်။” ဟု အလောင်းတော်ကဿပဉယျာဉ်မှ အခြားသော ဆင်ဦးစီးတစ်ဦးဖြစ်သူ (ဦး)ဌေးအောင် က ဖြည့်စွက်ပြောသည်။
မြန်မာ့ထုံးစံအရ လုပ်သားဆင်များတွင် သစ်သားကို ထွင်းထုပုံဖော်ထားသည့် ခလောက်များ တပ်ဆင်ပေးထားကြသည်။ ၎င်းခလောက်တစ်ခုချင်းစီ၏ အသံကို ဆင်ဦးစီးများက ခွဲခြားသိရှိနိုင်စေရန် အနည်းငယ်ကွဲပြားစွာ ပြုလုပ်ထားကြသည်။ မုတ်သုံကြောင့် စိုစွတ်နေသော မြေပြင်တွင် သယ်ယူပို့ဆောင်ရေး ဆင်များသည် ယခုအခါ မရှိမဖြစ်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ၎င်းတို့၏ တိတ်တဆိတ်ခြေလှမ်းများက တော်လှန်တိုက်ခိုက်ရေးသမားများ ပဋိပက္ခနယ်မြေများကို ဖြတ်သန်းသွားလာရာတွင် အားသာချက်ဖြစ်စေသည်။
သို့သော် ဆင်အုပ်များ၏ သွားလာမှုကို ဖုံးကွယ်ရန် မလွယ်ကူပါ။
“ဆင်တွေဟာ ကြီးမားတဲ့ တိရစ္ဆာန်တွေဖြစ်တော သူတို့က ပုန်းနေလို့ မရဘူး။” ဟု လစ်တနာက ပြောသည်။ သို့ရာတွင် သူတို့တွင် အခြားအာသာချက်များလည်း ရှိသည်ဟု ဆိုသည်။ “ကုန်စည်တွေ သယ်ယူပို့ဆောင်တဲ့အခါ ဆင်တွေနဲ့ လားတွေမှာ အဓိက ကွာခြားချက်တစ်ခု ရှိတယ်လို့ ကချင်လူမျိုးတွေက ပြောတယ်။” ဟု ၎င်းက ပြောသည်။ “ဆင်တွေက သူတို့သွားတဲ့ တောလမ်းတစ်လျှောက် ဝါးတွေ၊ အသီးအနှံတွေ စားသွားတာ။ လားတွေက မစားဘူး။ သူတို့ကို ထိန်းတဲ့သူတွေက မြက်ခြောက် ကျွေးပေးရတယ်။”
မြန်မာ့ ခုခံတော်လှန်ရေးတွင် တာဝန်ထမ်းဆောင်နေသော ဆင် ၂၂၇ ကောင် ရှိသည်ဟု သိရသည်။ ၎င်းတို့အနက် ၃၇ ကောင်မှာ အလောင်းတော်ကဿပမှ ဖြစ်ပြီး ကျန် ၁၉၀ မှာ တစ်ချိန်က နိုင်ငံ မြန်မာ့သစ်လုပ်ငန်းမှ ပိုင်ဆိုင်သော “အလင်းဝင်လာသည့် ဆင်များ” ဖြစ်သည်
ခုခံတော်လှန်ရေး၏ ဆင်အုပ်များ
မြန်မာနိုင်ငံမှ ဒီမိုကရေစီလိုလားသူအစုအဖွဲ့များက ဆင်များကို နိုင်ငံ့ရတနာအဖြစ် မှတ်ယူကြပြီး နိုင်ငံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းချိန်တွင် အရေးကြီးသော အခန်းက္ဍမှ ပါဝင်လာလိမ့်မည်ဟု ယုံကြည်ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာ့ ခုခံတော်လှန်ရေးတွင် တာဝန်ထမ်းဆောင်နေသော ဆင် ၂၂၇ ကောင် ရှိသည်ဟု သိရသည်။ ၎င်းတို့အနက် ၃၇ ကောင်မှာ အလောင်းတော်ကဿပမှ ဖြစ်ပြီး ကျန် ၁၉၀ မှာ တစ်ချိန်က နိုင်ငံ မြန်မာ့သစ်လုပ်ငန်းမှ ပိုင်ဆိုင်သော “အလင်းဝင်လာသည့် ဆင်များ” ဖြစ်သည်။
“အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်တော်တို့ရဲ့ လုံခြုံရေး၊ အသက်မွေးဝမ်းကြောင်းနဲ့ ကျန်းမာရေးအရ ကျွန်တော်တို့ သူတို့ကို ဘေးကင်းတဲ့နေရာတွေဆီ လုံခြုံတဲ့လမ်းကနေ အမြဲရွှေ့ပေးရတယ်။ အခုထိတော့ ပဋိပက္ခတွေထဲ ပိတ်မိတာမျိုး မဖြစ်အောင် စီစဉ်နိုင်ခဲ့ပါတယ်။” ဟု (ကို)ဇော်လင်းက ပြောသည်။
မြန်မာနိုင်ငံသည် အာရှတွင် ဆင်ဖမ်းဆီးထိန်းသိမ်းမ၍ အများဆုံးနိုင်ငံဖြစ်သော်လည်း မွေးဖွားနှုန်း နိမ့်ကျခြင်းနှင့် သေဆုံးနှုန်း မြင့်မားခြင်းတို့ကြောင့် ဆင်ကောင်ရေ တိုးပွားမှု ဆက်လက်ထိန်းသိမ်းနိုင်ခြင်း မရှိတော့ပေ။ အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းရင်းမြစ်ထံမှ အချက်အလက်များအရ မြန်မာနိုင်ငံ၏ စုစုပေါင်း ဆင်ဦးရေမှာ ၇၂၀၀ ခန့် ရှိသည်ဟု ဆိုသည်။ ၎င်းတို့အနက် ၅၂၀၀ နီးပါးမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ၂၀၀၀ ခန့်မှာ တောရိုင်းအတွင်း ကျန်ရှိနေကာ တရားမဝင် အမဲလိုက်ခြင်း၊ နေထိုင်ရာစားကျက် ပျောက်ဆုံးခြင်းနှင့် လူနှင့် ဆင်ပဋိပက္ခတို့ကြောင့် အန္တရာယ် ကြုံနေရသည်။
လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားသော ဆင်ကောင်ရေ တစ်ဝက်ကို မြန်မာ့သစ်လုပ်ငန်းက ပိုင်ဆိုင်ပြီး ကျန်ဆင်များကို တစ်သီးပုဂ္ဂလိကပိုင်ဆိုင်သူများက ပိုင်ဆိုင်ကြပြီး ၎င်းတို့အနက် အချို့မှာ စစ်အာဏာရှင်ထိန်းချုပ်နယ်မြေများတွင် နေထိုင်ကြသည်။
စက်တင်ဘာ ၂၀၂၄ ခုနှစ်တွင် စစ်အာဏာရှင်အုပ်စုပိုင် သစ်ထုတ်လုပ်ရေးစခန်းများမှ ဆင် ၁၃၈ ကောင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးရမိပြီးနောက်ပိုင်း မြန်မာ့သစ်လုပ်ငန်း ထိန်းချုပ်မှုအောက်တွင် ဆင်ကောင်ရေ ၃၂၀၀ ခန့် ကျန်ရှိပြီး သစ်ထုတ်လုပ်ရေးအတွက် အဓိက အသုံးပြုကြသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ ၎င်းတို့အနက် သစ်တောဦးစီးဌာနက ကောင်ရေ ၂၀၀ ခန့်ကို စီမံထိန်းသိမ်းထားပြီး ကျန် ကောင်ရေ ၂၀၀၀ မှာ ပုဂ္ဂလိက ပိုင်ဆိုင်မှုဖြစ်ပြီး ဂေဟစနစ်အကျိုးပြု ခရီးသွားလုပ်ငန်း ဉယျာဉ်များ? ဒေသတွင်းလုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေကြသည်။
The Diplomat ၏ သတင်းထောက်ကို ပြောကြားရာတွင် NUG အရာရှိက ဆင်များသည် ယခုအခါ ခုခံတော်လှန်ရေး၏ အစိတ်အပိုင်းဖြစ်လာပြီး “တော်လှန်ရေးကာလအလွန်တွင် နိုင်ငံတော်သို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးသွားမည်” ဟု ဆိုသည်။
“ဆင်လေ့ကျင့်ပေးသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေနဲ့ အများပြည်သူက ဒါကို အပြည့်အဝ သဘောတူကြပါတယ်။” ဟု ၎င်းအရာရှိက ပြောသည်။ “ဒီကာလတွင်းမှာတော့ ဆင်တွေရော၊ ဆင်ထိန်းတွေရောရဲ့ ဘေးကင်းမှုနဲ့ လုံခြုံမှုကို အရေးအကြီးဆုံး စဉ်းစားရမှာဖြစ်ပါတယ်။”
မြန်မာစစ်အာဏာရှင်အုပ်စုအတွက်မူ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးသည် ဦးစားပေးအဆင့်တွင် ရှိဟန်မတူချေ။ စစ်တပ်သည် ဆင်ထိန်းသိမ်းရေးထက် ၎င်းတို့ ရှင်သန်နိုင်ရေးကိုသာ အလွန်အမင်းအာရုံစိုက်နေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ထိန်းသိမ်းစောင့်ရှောက်ရေးသမား Adam Oswell က ပြောသည်။
“စစ်တပ်က ပြင်းထန်တဲ့ အကျပ်အတည်းအတွင်း ကျရောက်နေတယ်။ အခုဆိုရင် နိုင်ငံရဲ့ သုံးပုံတစ်ပုံလောက်ပဲ ထိန်းချုပ်နိုင်ပြီး ပြင်းထန်တဲ့ ဖိအားကို ရင်ဆိုင်နေရတယ်။” ဟု Oswell က ပြောသည်။ “သူတို့မှာ အမျိုးသားဉယျာဉ်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြီးတော့ လျှပ်စစ်ဓာတ်အားက အစ မရှိမဖြစ် ဝန်ဆောင်မှုတွေကို ဆက်လက်လုပ်ကိုင်ဖို့ အရင်းအမြစ်တွေ စွမ်းဆောင်ရည်တွေ အားနည်းနေပြီ။ မြန်မာနိုင်ငံရဲ့ မြို့တော်မှာ လူတွေက တစ်ရက်ကို လျှပ်စစ်ဓာတ်အား သုံးနာရီပဲ ရတယ်။ အစိုးရလုပ်ငန်းတွေက ဆိုးဆိုးရွားရွား ကျဆင်းမှေးမှိန်နေတယ်။ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတာ သူတို့ စိုးရိမ်မှုအနိမ့်ဆုံးမှာ ဖြစ်တယ်။ ဒီတော့ ဒါကို သူတို့ လုံးဝ ဂရုမစိုက်ပါဘူး။”
ပြည်တွင်းစစ်က ဆင်ထိန်းများကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ရွာများမှ မဖြစ်မနေ အလှူခံလာရသည်
ဆင်များနှင့် ဆင်ဦးစီးများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
ဆင်များသည် ၎င်းတို့အတွက် သဘာဝနေထိုင်ကျက်စားရာတွင် ရှင်သန်ကြီးထွားကြသည့်အတွက် ဆင်ထိန်းများနှင့် ၎င်းတို့ကို မှီခိုသူများသည်လည်း ဆင်တို့နှင့်အတူ လိုက်ပါရွှေ့ပြောင်းရပြီး တခါတရံ တောနက်အတွင်းထိ စခန်းချ နေထိုင်ရသည်။ ပဋိပက္ခနယ်မြေများတွင် ယင်းကဲ့သို့ ရွှေ့ပြောင်းနေထိုင်ခြင်းကြောင့် ၎င်းတို့ကို မြင်သာထင်သာရှိစေပြီး အန္တရာယ်ဟု ယူဆကြသည်။ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစဉ် ဆင်များကို ထိန်းသိမ်းကိုင်တွယ်ရခြင်းသည် စိန်ခေါ်မှုဖြစ်လာသည်။ သေနတ်ပစ်သံများ၊ ဒရုန်းပျံသန်းသည့် အသံများ၊ ရုတ်တရက် ဆူညံသံများသည် ဆင်များကို ထိတ်လန့်စေသည်။
နိုင်ငံအနှံ့အပြားတွင် ခုခံတော်လှန်ရေးသမားများက ဆင်ဦးစီးများနှင့် ၎င်းတို့၏ မိသားစုများကို တောတွင်းမှ “လွတ်မြောက်နယ်မြေများ” သို့ ရွှေ့ပြောင်းပေးပြီး ဆင်များကို တောတွင်းသို့ အစာရှာရန် လွှတ်ပေးခြင်း၊ မိတ်လိုက်ခြင်း၊ စခန်းများသို့ ပြန်လာနိုင်ရန် လမ်းညွန်ပေးခြင်းတို့ဖြင့် ကူညီပေးကြသည်။ ခုခံတော်လှန်ရေးအဖွဲ့တိုင်းက အခြေအနေကို “အနီးကပ် စောင့်ကြည့်ကာ” “CDM ဆင်များ” ကို ကာကွယ်ရန် လိုအပ်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်ပေးနေကြသည်ဟု NUG အရာရှိက ပြောသည်။
“သစ်တောတွေထဲ လွတ်လွတ်လပ်လပ် သွားနိုင်ရန် ဆင်တွေက အစာကျွေးမယ့် လူတွေ မလိုဘူး။ ကျန်းမာရေးဖြည့်စွက်စာတွေအတွက် ကြီးကြပ်ပေးဖို့ပဲ လိုတယ်။ ဆင်ထိန်းတွေက စားကျက်မြေကောင်းကောင်းကို လမ်းညွန်ပြသပေးနိုင်ရင်၊ စခန်းကို ပုံမှန်ပြန်လာအောင် လုပ်ပေးနိုင်ရင် ဆင်တွေအတွက် အကျိုးရှိတယ်။” ဟု အရာရှိက ပြောသည်။ “ဗမာဦးစီးတွေနဲ့ ဆင်ထိန်းတွေက ဒါကို ထိထိရောက်ရောက် လုပ်ဆောင်နေခဲ့ကြတာပါ။”
ပြည်တွင်းစစ်က ဆင်ထိန်းများကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ရွာများမှ မဖြစ်မနေ အလှူခံလာရသည်ဟု (ဦး)ဇော်လင်းက ဆိုသည်။ ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုများအတွက် အထူးသဖြင့် အခြေခံ စားသောက်ဖွယ်များဖြစ်သည့် ဆီ၊ ဆန်၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့ အရေးပေါ် လိုအပ်လာသည်။ “ဆင်ထိန်းမိသားစုတွေအတွက် ၂၀၂၃ ခုနှစ်ကတည်းက NUG ဆီက အထောက်အပံ့ မရတော့ပါဘူး။” ဟု (ဦး)ဇော်လင်းက ပြောသည်။
ဝန်ကြီးဌာနက ဆင်များ၊ CDM ဆင်ထိန်းများကို အစားအသောက်၊ ဆေးဝါး၊ ဖြည့်စွက်စာ၊ သိုင်းကြိုးများနှင့် အခြား ကိရိယာများ ပေးအပ်ခြင်းအပါအဝင် ထောက်ပံ့မှုများ ပြုလုပ်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အရာရှိ (ဦး)ကောင်းမြတ်က ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ပြောခဲ့သည်။ သို့ရာတွင် ၎င်းတို့၏ အထောက်အပံ့များ ဆက်လက်ပေးအပ်ရန် ခက်ခဲနေခဲ့သည်။
အလောင်းတော်ကဿပမှ CDM ဆင်များအတွက် ကာကွယ်ဆေးထိုးနှံ့သည့် အစီအစဉ်များ လုပ်ဆောင်ပေးခဲ့သည်ဟု NUG အရာရှိတစ်ဦးက ပြောသည်။
ကြုံရဦးမည့် စိန်ခေါ်မှုများ
ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးချဉ်းကပ်နည်းမှာ အရေအတွက် ထက်ဝက်စီ ဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်သည်ဟု Jacob Shell က အကြံပြုသည်။ ၎င်း၏ “မုတ်သုံသစ်တောအတွင်းမှ ဧရာမအကောင်ကြီးများ” စာအုပ်တွင် မြန်မာနှင့် အိန္ဒိယ အရှေ့ပိုင်းပြည်နယ် Arunachal Pradesh နှစ်ခုလုံးမှ သစ်ထုတ်ဆင်များ ညဘက်တွင် အိပ်စက်ရန်၊ အစာရှာရန်၊ မွေးမြူထားသည့် ဆင်များမှဖြစ်စေ၊ ဖြတ်သန်းသွားလာသော တောဆင်ရိုင်းအုပ်များမှ ဖြစ်စေ မိတ်လိုက်ဖက် ရှာရန် အနီးဝန်းကျင်မှ သစ်တောများအတွင်းသို့ ပုံမှန်လွှတ်ကြောင်းပေးရပုံကို ဖော်ပြထားသည်။
“မြန်မာနိုင်ငံက တောဆင်ရိုင်းအရေအတွက် လျော့နည်းလာတာက ဆိုးပါတယ်။” ဟု ၎င်းက ပြောသည်။ “ဒေသတွင်း ဆင်ကောင်ရေမှာ တစ်ဝက်က တောဆင်ရိုင်း၊ တစ်ဝက်က (ညဘက်တွင် တောတွင်းသို့လွတ်လပ်စွာ လွှတ်ကျောင်းပေးရသည့်)လုပ်သားဆင် ဖြစ်ရင် အကောင်းဆုံးပါပဲ။ ဆင်ရိုင်းတွေက ကိုယ်ဝန်ဆောင်ခြင်းဖြင့်လုပ်သားဆင်ကောင်ရေ ဖြည့်ဆည်းပေးတယ်။ လုပ်သားဆင်တွေကြောင့် ဒေသခံ လူသားအသိုင်းအဝိုင်းက ဆင်တွေ အထွေထွေ ကျန်းမာပြည့်စုံစေရေးအတွက် စီးပွားရေးအရ ဆက်လက်ရင်းနှီးမြှပ်နှံစေတယ်။”
သို့ရာတွင် မြန်မာပြည်တွင်းစစ်ကြောင့် တောဆင်ရိုင်းကောင်ရေ ထိန်းသိမ်းရန် အားထုတ်မှုများကို ရှုပ်ထွေးခဲ့ရသည်။ ၂၀ရာစု အစပိုင်းတွင် မြန်မာနိုင်ငံသည် ခန့်မှန်းခြေ တောဆင်ရိုင်း ၁၀၀၀၀ ခန့်ရှိသည်ဟု သဘာဝနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနခွဲ နှင့် Smithsonian Institution တို့၏ လေ့လာချက်တွင် ဖော်ပြထားသည်။ ၁၉၇၀ ခုနှစ်များတွင် အရေအတွက် ၆၀၀၀ သို့ ကျဆင်းလာခဲ့သည်။ ယနေ့အချိန်တွင် တောဆင်ရိုင်းကောင်ရေ သိသာစွာ လျော့နည်းလာပြီး ပဲခူးရိုးမ၊ ဧရာဝတီမြစ်ဝကျွန်းပေါ် အနောက်တောင်ဘက်၊ ချင်းပြည်နယ်၊ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ရိုးမတောင်တန်းများတွင်သာ အများစု ကျန်ရှိတော့သည်။
နှစ်ပေါင်းများစွာအတွင်း အိန္ဒိယအရှေ့ပိုင်းနှင့် မြန်မာနိုင်ငံအကြား အစဉ်အဆက် အသုံးပြုခဲ့သည့် ရွှေ့ပြောင်းသွားလာမှုလမ်းကြောင်းများမှာ လူဦးရေ ပျံ့နှံ့ချဲ့ထွင်မှု၊ သဘာဝအရင်းအမြစ်များ ခိုးယူဖျက်စီးမှုတို့ကြောင့် ပျက်ယွင်းလာခဲ့သည်။ ထိုအကြောင်းရင်းကြောင့် အာရှ တောဆင်ရိုင်းအရေအတွက် ကျဆင်းလာစေသည်။ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် Namdapha အမျိုးသားဉယာဉ်နှင့် Arunachal Pradesh မှ Changlang ခရိုင် ကျားဘေးမဲ့တောတို့တွင် အိန္ဒိယအာဏာပိုင်များက အစဉ်အလာ ရွှေ့ပြောင်းသွားလာမှု လမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်ရန် ဆက်လက်ကြိုးပမ်းနေသည်။ Namdapha ရှိ Kathan နယ်မြေတွင် ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလက အရွယ်ရောက်ပြီး ဆင်ထီးတစ်ကောင်ကို ကင်မရာထောင်ချောက်ဖြင့် ရိုက်ကူးနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင်မူ တောဆင်ရိုင်းများမှာ အစွယ်နှင့် အရေပြားရယူရေး အဓိကထားသော တရားမဝင် အမဲလိုက်သတ်ဖြတ်ခြင်းများကြောင့် ထိခိုက်နစ်နာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ တိရစ္ဆာန်အစိတ်အပိုင်းများကို မြန်မာနိုင်ငံနှင့် မြောက်ဘက်နှင့် အရှေ့ဘက်တွင် နယ်စပ်ခြင်း ထိစပ်နေသည့် တရုတ်နိုင်ငံတွင် တရားမဝင်ကုန်သွယ်ကြသည်။ NUG ကိုယ်စား၏ အဆိုအရ ဆင်များ နေထိုင်ကျက်စားရာနယ်မြေများမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတည်ရှိရာနှင့် နီးစပ်ရာဒေသများတွင် တရားမဝင်အမဲလိုက်ခြင်း တချို့တဝက် ကျဆင်းသွားကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် တရားဉပဒေစိုးမိုးမှု ပြိုလဲသွားသော နိုင်ငံ၏ အခြားဒေသများတွင်မူ မျိုးသုဉ်းမှုအနန္တရာယ်ရှိသည့် တောရိုင်းမျိုးစိတ်အားလုံးအတွက် မှောင်ခိုရောင်းဝယ်ကူးသန်းမှု တိုးမြင့်လာစေခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်အတွင်း အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် မီဇိုရမ်သစ်တောဌာနတို့အပါအဝင် အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့များက အင်ဒို-မြန်မာ နယ်စပ်တစ်လျှောက် ထူးခြားရှားပါးသည့် ငှက်များနှင့် တိရိစ္ဆာန်များ ဖမ်းဆီးရမိသည့် ပမာဏ များပြားခဲ့သည်။
“အိန္ဒိယမှာ COVID-19 ကပ်ဘေးမတိုင်မီလေးက စပြီး မြင့်တက်လာတဲ့ တောရိုင်းထွက်ပစ္စည်း တောင်းဆိုမှု ကြီးမားနေပါတယ်။” ဟု Oswell က ဆိုသည်။ “ပရမ်းပတာနဲ့ ပဋိပက္ခဆက်လက်ဖြစ်ပေါ်နေတဲ့အကြားက တရားမဝင်ကုန်သွယ်မှုတွေကို မစစ်ဆေးဘဲ ဆက်သွားနေတယ်။ ရန်ကုန်က ဆိပ်ကမ်းတွေမှာ စိစစ်ခြင်း၊ တာဝန်ခံခြင်း မရှိဘဲ လည်ပတ်လုပ်ကိုင်နေတဲ့အတွက် တောရိုင်းထွက်ပစ္စည်းတွေ အပါအဝင် တရားမဝင် ကုန်စည်တွေ တရုတ်နဲ့ အိန္ဒိယကို မှောင်ခိုကုန်သွယ်တာတွေ လုပ်လို့ရနေတယ်။”
“ပြည်တွင်းစစ်က မြန်မာ့ဆင်တွေရဲ့ အနာဂတ် သာယာရေးကို ပိုပြီး မရေရာအောင် လုပ်နေပါတယ်။ သူတို့ကျင်လည်ကျက်စားရာနေရာတွေ အန္တရာယ်ကျရောက်နေပါတယ်။ သူတို့ကို ဂရုစိုက်စောင့်ရှောက်ဖို့ အရင်းအမြစ်တွေကလည်း နည်းပါးပါတယ်။” ဟု လစ်တနာက ပြောသည်။ “စစ်က အားလုံးကို ထိခိုက်စေပါတယ်။ ဒီထဲမှာ ဆင်တွေလည်း အပါအဝင်ပါပဲ။”
ကိုးကား - The Diplomat
ပုံစာ - မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှ ဆင်များ ယခင်ပုံဟောင်း။ Photo: BAP
Burma Associated Press
Top News
လွန်ခဲ့သော ၇ နာရီ က
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော တစ်လ က