bap-logo
Data

စစ်ကောင်စီလေတပ်ဦးစီးချုပ်လက်ထက် လေယာဉ်၊ ရဟတ်ယာဉ် ၁၁ စီး ဆုံးရှုံးထား

NBitGVyqewCyXs_kDiucy-image

လွန်ခဲ့သော ၃ ရက် က

BAP၊ ဇူလိုင် ၈။

စစ်ကောင်စီ၏ လက်ရှိ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင် လက်ထက်တွင် စစ်တပ်က လေယာဉ်နှင့် ရဟတ်ယာဉ် ၁၁ စီး ဆုံးရှုံးထားရသည်။

 

အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ စစ်တပ်၏ လေယာဉ်နှင့် ရဟတ်ယာဉ် ၁၃ စီးထက်မနည်း ဆုံးရှုံးထားရာ ၎င်းလက်ထက်တွင် ၁၁ စီးဆုံးရှုံးထားခြင်း ဖြစ်သည်။

 

BAP ကစုစည်းထားသည့် အတည်ပြုနိုင်သည့် စာရင်းများအရ ဗိုလ်ချုပ်ကြီးထွန်းအောင် လက်ထက်တွင် တိုက်လေယာဉ် လေးစီး၊ ရဟတ်ယာဉ် ၆ စီး၊ သယ်ယူပို့ဆောင်ရေး လေယာဉ် တစီး တို့ကို ဆုံးရှုံးထား ရခြင်းဖြစ်သည်။

 

တိုက်လေယာဉ်များအနေဖြင့် ၂၀၂၅ ခုနှစ် ဇွန်တွင် F 7 ကို စစ်ကိုင်းတိုင်း၊ ပုလဲမြို့နှင့် ဇူလိုင်တွင် FTC 2000 G ကို ကရင်နီ-ဖားဆောင်းတို့တွင် ဆုံးရှုံးထားရသည်။

 

ယင်းနှစ် မေလတွင် ကချင်ပြည်နယ်၊ ဗန်းမော်တွင် Mi-17 ရဟတ်ယာဉ် နှစ်စင်းကို ဆုံးရှုံးထားရသည်။

 

၂၀၂၄ ခုနှစ်သည် စစ်ကောင်စီ လေယာဉ်နှင့် ရဟတ်ယာဉ် ဆုံးရှုံးမှုအများဆုံးဖြစ်သည်။

 

ယင်းနှစ် ဇန်နဝါရီလတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင် တွင် FTC 2000 G တိုက်လေယာဉ်၊ ကရင်၊ သင်္ကန်းညီနောင်၌ Eurocopter AS 365 Dauphin တစီး၊ ကချင်ဝိုင်းမော်၌ Mi 17 တစီး၊ ဖေဖော်ဝါရီတွင် ပလက်ဝ၊ ချင်း Mi 35 တစီးနှင့် မေလတွင် ကရင်နီ၊ ဘော်လခဲ၌ Mi-17 ရဟတ်ယာဉ် တစီး တို့ဖြစ်သည်။ ထိုနှစ်မှာပင် Y 8 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်သည် အိန္ဒိယ နိုင်ငံတွင် ပြေးလမ်းချော်ကာ ပျက်စီးခဲ့သည်။

 

၂၀၂၃ နိုဝင်ဘာတွင် ကရင်နီ-ကရင် နယ်ခြား၌ K 8 တိုက်လေယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်မှူးကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များက အရှင်ဖမ်းမိ ခဲ့သည်။

 

အဆိုပါ လေယာဉ် ရဟတ်ယာဉ် ပစ်ချ/ပျက်ကျမှုများကြောင့် စစ်ကောင်စီ၏ လေတပ်အရာရှိ ၃၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

 

စစ်ကောင်စီက ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နေရာကို ၂၀၂၂ ခုနှစ်တွင် အစားထိုးခဲ့သည့် ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၉ ဆင်းဖြစ်သည်။ လေတပ်အကြီးအကဲ မခန့်အပ်ခံရမီက စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဒါရိုက်တာတဦး ဖြစ်သည်။ သူ့ကိုခန့်အပ်ပြီး ၂ လ အကြာတွင် ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့က ပိတ်ဆို့အရေးယူထားသည်။

 

Burma Associated Press

 

 

General Tun Aung
Commander-in-Chief
Myanmar Air Force

Share With
bap-logo