bap-logo
Politics

မြန်မာဒုက္ခသည်များအတွက် ထိုင်းပြင်ဆင်၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးအစား ရနောင်းကို အသုံးပြုဖွယ်ရှိကြောင်းပြော

kVHz2-CgkWs2vYPyJWxuX-image

လွန်ခဲ့သော တစ်နှစ် က

 

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ မြဝတီမြို့မှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော ဒုက္ခသည် ၁၀၀,၀၀၀ လက်ခံနိုင်ရန် ပြင်ဆင်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောသည်။

 

ဝန်ကြီးချုပ် Srettha Thavisin ကာကွယ်ရေးတပ်ဖွဲ့များအကြီးအကဲ၊ တပ်မှူးတို့နှင့် ပြုလုပ်သော အင်္ဂါနေ့ မြန်မာနိုင်ငံမှ အခြေအနေများအကြောင်း အစည်းအဝေးအပြီးတွင် အစိုးရက ဒုက္ခသည်များ အများအပြားဝင်ရောက်လာလျှင် လုံခြုံသည့်နေရာများတွင် ယာယီ နေရာချထားပေးရန် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု Mr Parnpree က ပြောသည်။

 

ပဋိပက္ခကြောင့် ထွက်ပြေးလာသူ ၁၀၀,၀၀၀ ကျော်သွားမယ်ဆိုရင် သက်ဆိုင်ရာအေဂျင်စီတွေက အခြေအနေကို စီမံနိုင်သေးတယ်ဆိုတာ ကျွန်တော်တို့ကို အာမခံပါတယ်။ဟု ၎င်းက ပြောပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အခြားနိုင်ငံများထံမှ ထောက်ပံ့ကူညီမှုများ လိုအပ်သလို ရယူရန် ဆွေးနွေးသွားရန် ရှိသည်ဟုလည်း ပြောသည်။

 

မြန်မာစစ်အုပ်ချုပ်ရေးဘက်မှ တနင်္ဂနွေနေ့မှ အင်္ဂါနေ့အထိ မြန်မာစစ်တပ်အရာရှိများ၊ ၎င်းတို့၏ မိသားစုများကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ရန်အတွက် ရန်ကုန်-မဲဆောက် အထူးလေကြောင်းများ ထိုင်းနိုင်ငံမှ ခွင့်ပြုပေးရန် တောင်းဆိုခဲ့ပြီးနောက် အိမ်နီးချင်း မြန်မာနိုင်ငံမှ အခြေအနေများကို ဆန်းစစ်အကဲဖြတ်ရန် အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

Mr Parnpree က မဲဆောက်ခရိုင်တွင် နယ်စပ်ကုန်သွယ်ရေး ၃၀% ကျဆင်းသွားကြောင်းလည်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်ဟု ပြောသည်။

 

၎င်းက ထိုင်း-မြန်မာ နယ်စပ် ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း၊ သို့သော် တိုက်ပွဲများကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ထိခိုက်လာလျှင် ကုန်သွယ်ရေးလမ်းကြောင်းကို ရနောင်းကဲ့သို့ အခြား နယ်စပ် ပြည်နယ်များသို့ ရွှေ့ပြောင်းနိုင်ကြောင်း ပြောသည်။

 

Mr Srettha သည် အမျိုးသားလုံခြုံရေးကောင်စီ (National Security Council – NSC) နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားလုံခြုံရေးအေဂျင်စီများပါဝင်သော ကော်မတီတစ်ခု ဖွဲ့စည်းရန် အမိန့်ပေးခဲ့ပြီး ၎င်းကိုယ်၎င်း ဥက္ကဌအဖြစ်တာဝန်ယူမည်ဟုပြောကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးအဆိုအရ သိရသည်။

 

၎င်းက ဆပ်ကော်မတီများ ဖွဲ့စည်း၍ အခြေအနေကို ပုံမှန် လေ့လာဆန်းစစ်သွားမည်ဖြစ်ကာ အရေးကြီးဖြစ်ရပ်များကို ဗဟိုကော်မတီသို့ တဆင့် လျှင်မြန်စွာ တင်ပြနိုင်မည်ဟုလည်း ပြောသည်။

 

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တောင်းဆိုမှုအပြီး မြန်မာလေယာဉ်များ မဲဆောက်သို့ လူသားချင်းစာနာမှုအကြောင်းပြချက်အရ ဆင်းသက်ခွင့်ပြုရန် Mr Parnpree က ထိုင်းအစိုးရကို အခိုင်အမာ တောင်းဆိုခဲ့သည်။

 

၎င်းက တောင်းဆိုမှုသည် အရပ်သားများ၊ စာရွက်စာတမ်းများ သယ်ဆောင်ရန်ဖြစ်ပြီး စစ်ဖက်ဆိုင်ရာများ၊ လက်နက်များ၊ မြဝတီရှိ အစိုးရဘဏ်ခွဲများမှ ငွေကြေးများ သယ်ဆောင်ရန်မဟုတ်ဟု ပြောသည်။

 

ကရင်သတင်းအချက်အလက်စင်တာ (KIC) အဆိုအရ တနင်္ဂနွေနေ့ မဲဆောက်မှ ရန်ကုန်လေကြောင်းသည် မြဝတီ မြန်မာ့စီးပွားရေးဘဏ်နှင့် အခြား ပုဂ္ဂလိကဘဏ်များမှ ငွေများ ရန်ကုန်သို့ ပြန်လည် သယ်ဆောင်ရန် အသုံးပြုခဲ့သည်ဟု သတင်းရရှိသည်ဟု ဆိုသည်။

 

တနင်္လာနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရ Thanawat Sirikul က မြန်မာအစိုးရသည် မဲဆောက်သို့ တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် စီစဉ်ထားသည့် လေကြောင်းအစီအစဉ်များ ဖျက်သိမ်းလိုက်သည်ဟု ဆိုသည်။

 

Tak ကုန်သည်ကြီးများအသင်း ဥက္ကဌ Chanin Songmek က မြန်မာနိုင်ငံမှ တိုက်ပွဲများသည် မဲဆောက်မှ ရန်ကုန်သို့ ကုန်စည်ပို့ဆောင်မှုကို ထိခိုက်နေသည်မှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်သူများမှာ သေးငယ်သော ယဉ်များဖြင့် ဒုတိယလမ်းကြောင်းများ မဖြစ်မနေ အသုံးပြုခဲ့ရကြောင်း ပြောသည်။

 

လတ်လတ်ဆတ်ဆတ်ကုန်စည်များကို ရနောင်းမှ မြန်မာသို့ မဖြစ်မနေ တင်ပို့ရသည့်အတွက် လုပ်ငန်းလုပ်ကိုင်သူများအတွက် ကုန်ကျစားရိတ်များ တိုးလာကြောင်း ၎င်းက ပြောသည်။ ၎င်းက အိမ်နီးချင်း မြန်မာနိုင်ငံတွင် အခြေအနေ မတည်ငြိမ်မှုများ ဆက်လက်ရှိနေသေးပြီး နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေခြင်းကို မြန်နိုင်သမျှ မြန်မြန် တိုးတက်ပြောင်းလဲစေရန် မျှော်လင့်နေကြောင်း ပြောသည်။

 

ကိုးကား - Bangkok Post

ပုံစာ - နိုဝင်ဘာလ ၂၉ ရက် ၂၀၂၃ ခုနှစ် အစ္စရေးနိုင်ငံ တဲလ်အဗစ် မြို့တွင် Reuters တွေ့ဆုံမေးမြန်းမှုကို ဖြေကြားနေသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara (REUTERS/Nathan Frandino/File Photo)

 

Burma Associated Press

 

Thailand
Myanmar
refugee
Myawaddy

Share With
bap-logo