bap-logo
Politics

ထိုင်းအလုပ်အကိုင်များရှိ မြန်မာအပါအဝင် ရွှေ့ပြောင်း လုပ်သားများ ပစ်မှတ်ထားခံနေရ

er_vedlZbKvhpAZPMAUse-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၁၅

 

ထိုင်းအလုပ်သမားရေးရာဝန်ကြီး Suchart Chomklin က ထိုင်းနိုင်ငံသားများအတွက် အရံအလုပ်အဖြစ် သတ်မှတ်ထားသော အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်သည့် ပြည်ပရွှေ့ပြောင်းလုပ်သမား ဦးရေ များပြားလာသဖြင့် ဥပဒေအရ အလျင်အမြန် အရေးယူဆောင်ရွက်ရန် အလုပ်သမားဦးစီးဌာနကို အမိန့်ပေး လိုက်ကြောင်း သိရသည်။

 

အဆိုပါအစီအမံမှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြည်ပအလုပ်သမားများကို အနီးကပ်ထိန်းကျောင်း ရန် ညွှန်ကြားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

ထိုင်းအာဏာပိုင်များသည် ၂၀၂၂ အောက်တိုဘာလမှ ပြီးခဲ့သည့် တနင်္လာနေ့ထိ နိုင်ငံတဝှမ်း လုပ်ငန်းခွင် ၁၄,၁၀၄ ခုကို ဝင်ရောက်စီးနင်းခဲ့ရာ အရံအလုပ်စည်းမျဉ်းချိုးဖောက်သည့် ရွှေ့ပြောင်းလုပ်သား ၆၀၀ တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမား ၁၉၆,၄၀၂ ဦးကို စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ကန့်သတ်အလုပ်အကိုင်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် အလုပ်သမား ၆၀၀ တွင် မြန်မာနိုင်ငံမှ ၂၆၄ ဦး၊ ကမ္ဘောဒီးယားမှ ၁၂၁ ဦး၊ လာအိုမှ ၉၇ ဦး၊ ဗီယက်နမ်မှ ၃၉ ဦး၊ အိန္ဒိယမှ ၅၁ ဦးနှင့် အခြားနိုင်ငံများမှ ၂၈ ဦး တွေ့ရှိခဲ့သည်။

 

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် သတ်မှတ်အလုပ်ပါမစ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်ခြင်း သို့မဟုတ် ကန့်သတ်ထားသော အလုပ်များတွင် ပါဝင်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ၅၀,၀၀၀ အထိ ပေးဆောင်ရမည်ဟု မစ္စတာ ဆူချတ်က သတိပေးခဲ့သည်။

 

ထို့ပြင် ထိုင်းအလုပ်ရှင်များသည် ၂၀၁၇ ခုနှစ် ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲရေးဆိုင်ရာဥပဒေ ချိုးဖောက် ပါက ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအတွက် ဘတ် ၁၀၀,၀၀၀ ဒဏ်ရိုက်ခံရနိုင်သည်။

 

အကယ်၍ ရွှေ့ပြောင်းအလုပ်သမားများက အဆိုပါပြစ်မှုကို ထပ်မံကျူးလွန်ပါက ၎င်းတို့၏ အလုပ်ရှင်များ အနေဖြင့် ထောင်ဒဏ် ၁ နှစ်၊ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၂၀၀,၀၀၀ အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမည်ဖြစ်သည်။

 

ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ထားခြင်းမှ သုံးနှစ် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံရမည် ဖြစ်ကြောင်း မစ္စတာ ဆူချတ်က ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအား လူထုသယ်ယူပို့ဆောင်ရေးယာဉ်မောင်းအလုပ်၊ သစ်ထွင်းသမား နှင့် ဆံသအလုပ်အပါအဝင် ထိုင်းနိုင်ငံသားများအတွင် အရံအဖြစ်သတ်မှတ်ထားသော အလုပ်အကိုင်ပေါင်း များစွာတွင် ဝင်ရောက်လုပ်ကိုင်ခွင့်မရှိဟု ရှင်းရှင်းလင်းလင်းဖော်ပြထားကြောင်း အလုပ်အကိုင် ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် Pairoj Chotikasathien က ဆိုသည်။

 

အလုပ်သမားဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ထိုင်းအစိုးရသည် ၎င်းတို့၏ နိုင်ငံသားများအတွက် အလုပ်အကိုင် ရှားပါးမှု မရှိစေရေး ရွှေ့ပြောင်းအလုပ်သမားများအား အောက်ခြေအလုပ်နှင့် အရောင်းဝန်ထမ်း အလုပ်နှစ်ခု ကိုသာ လုပ်ကိုင်ခွင့်ပြုထားသည်။

 

ပြီးခဲ့သည့်သတင်းပတ်ကလည်း ထိုင်းလူဝင်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့က လူစည်ကားရာ ခေါင်ဆန်လမ်းပေါ်တွင် တရားမဝင် ချာပါတီရောင်းချမှုဖြင့် မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရို ဌာနခွဲ သတင်းအရ သိရသည်။

 

Source/ပုံ - The Bangkok Post

 

Burma Associated Press

Myanmar
Thailand
Migrand Workers

Share With
bap-logo