bap-logo
Data

ရခိုင်မှာ မြေမြှပ်မိုင်းကြောင့် ၂ ရက်အတွင်း အရပ်သား လေးဦး ပြင်းထန်ဒဏ်ရာရ

Yf4BTkChq9cJ74IxH8bBq-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၁၃။

ရခိုင်ပြည်နယ်မှာ မြေမြှပ်မိုင်းကြောင့် အရပ်သား လေးဦး ပြင်းထန်ဒဏ်ရာတွေ ရခဲ့ပါတယ်။

 

ယခုလ ၁၁ ရက်က ကျောက်ဖြူမြို့နယ်မှာ အသက် ၄၅ နှစ်နဲ့ ၅၇ နှစ်အရွယ် အမျိုးသားနှစ်ဦး ၁၃ ရက်က မင်းပြားနဲ့ မြေပုံမြို့မှာ အသက် ၁၈ နှစ် အရွယ်အမျိုးသမီးတစ်ဦးနဲ့ ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦး မြေမြှပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ထွက်တဲ့ ပြင်းထန်ဒဏ်ရာတွေ ရခဲ့ကြတာပါ။

 

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်ကြောင့် မြို့တွေကို စွန့်လွှတ်လာရတဲ့အချိန်မှာ စစ်ကောင်စီ ဟာ မြေမြှပ်မိုင်းတွေကို ထောင်ထားခဲ့တယ်လို့ AA ဘက်က ဆိုပါတယ်။

 

ကမ္ဘာမှာ လူသေစေဖို့ ရည်ရွယ်တဲ့ anti-personnel နင်းမိုင်းတွေကို အသုံးပြုနေသေးတဲ့ နိုင်ငံ နှစ်ခုသာ ရှိတော့ပြီး အဲဒီနိုင်ငံတွေက မြန်မာနဲ့ ရုရှားဖြစ်တယ်လို့ လွန်ခဲ့တဲ့ နှစ်နှစ်က ထုတ်ပြန် ခဲ့တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ (ICBL) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ထိတွေ့ တိုက်ပွဲတွေ စတင်တဲ့ ၂၀၁၅ ခုနှစ်ကနေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အထိ စစ်တပ်က ထောင်ထားတဲ့ မိုင်းတွေနဲ့ လက်နက်အကျန်တွေကြောင့် ရခိုင်ပြည်နယ်ထဲက အရပ်သား ၂၅၀ နီးပါး ထိခိုက်သေဆုံးခဲ့ရပြီးပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ ကွန်ဂရက်စ် REC ရဲ့ အချက်အလက်တွေက ဖော်ပြခဲ့ပါသေးတယ်။

 

ပုံစာ - မင်းပြားမြို့နယ်၊ ကျားရဲပြင်ရွာမှာ မတ်လ ၁၃ ရက်က မိုင်းနင်းမိကာ ခြေထောက်ပြတ်ထွက် ဒဏ်ရာရခဲ့တဲ့ မခိုင်စိုးအေး (ဓာတ်ပုံ - Arakan Princess Media)

 

Burma Associated Press

Rakhine
mine
civilian

Share With
bap-logo