bap-logo
Politics

အဖမ်းပြနေသော်လည်း ကျားဖြန့်လုပ်ငန်းတွေ BGF ထိန်းချုပ်နေရာတွေမှာ ဆက်လက် လည်ပတ်နေ

NvdK3LxPpDTDQsSWngN2b-image

လွန်ခဲ့သော ၁၀ နာရီ က

BAP၊ အောက်တိုဘာ ၂၆။

စစ်အုပ်စုနဲ့ ကရင်နယ်ခြားစောင့် BGF တွေ မြဝတီတောင်ဘက်၊ မယ်ထော်သလေးမှာ လူဖမ်းပွဲတွေ လုပ်နေပေမဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ BGF နယ်မြေတွေမှာ ဆက်လက်လည်ပတ်နေတယ်လို့ BAP က သိရပါတယ်။

 

အခွန်မဆောင်တဲ့ ရုံတွေ အပိတ်ခံရတာများတယ်၊ အခွန်ဆောင်ထားရင်တော့ရတယ်၊ အခု ရွှေက္ကိုလ် ဘက်မှာ အဝင်အထွက်တွေ တင်းကြပ်ထားတယ်၊ ဒီဘက် (ရွှေက္ကိုလ်) ကလူတွေလည်း အခုထိ လုပ်နေကြတုန်းဆိုပေမဲ့ စိုးရိမ်မှုတော့ရှိတယ်၊ သူတို့ (BGF) ကတော့ ပေးဝင်မယ်မထင်ဘူး” လို့ ရွှေက္ကိုလ် ကနေလာတဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

 

ကရင်နယ်ခြားစောင့် ကြီးစိုးရာဒေသတွေမှာ စတားလင့် အင်တာနက်တွေ မရတော့ပေမဲ့ စစ်တပ် အကျိုးစီးပွားပါတဲ့ မိုင်တဲလ်နဲ့ ထိုင်းနိုင်ငံဘက်ကလာတဲ့ ဖိုက်ဘာတွေကနေ အင်တာနက်ရ နေတာရှိ တယ်လို့လည်း သိရပါတယ်။ မိုင်တဲလ် အင်တာနက်တော့ နေရာတိုင်းမရသလို လိုင်းလည်း သိပ်မကောင်းဘူးလို့ ဆိုပါတယ်။

 

ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်နိုင်ငံက ယမန်နှစ်က ဖိအားပေးလာတဲ့အခါမှာ ထိုင်းနိုင်ငံဘက် မြန်မာနယ်စပ်ကို အင်တာနက်နဲ့ စက်သုံးဆီတွေ ဖြတ်တောက်ခဲ့ပါသေးတယ်။

 

မယ်ထော်သလေး၊ ဖလူး၊ ဝေါ်လေဘက်မှာ ရုံတွေ အများကြီးရှိတယ်၊ အခုဖြစ်နေတာ KNU တပ်မဟာ (၆) ဘက်ခြမ်း (မြဝတီမြို့တောင်ဘက်) မှာ၊ အဲဒီက ပြေးလာတဲ့ ရှမ်းတရုတ်တွေ မြဝတီမှာ သောင်တင် နေတယ်။ မနှစ်က အဖမ်းပြ ပြီးနောက်ပိုင်းမှာ တရုတ်စစ်စစ်တွေကိုတော့ မြို့ပေါ်မှာ မတွေ့ရတော့ဘူး” လို့ မြဝတီမြိုံခံတဦးက ပြောပါတယ်။

 

အခု ဖမ်းလို့ပြေးလာတဲ့လူတွေ အလုပ်ပြန်ရတဲ့လူက ရသွားပြီလို့ကြားတယ်။ အချို့လည်း မြို့ပေါ် တည်းခိုခန်းနဲ့ အဖွဲ့အစည်း (ကရင်လက်နက်ကိုင် DKBA/BGF) နေအိမ်တွေမှာ နေနေကြတယ်” လို့ သူက ဆက်ပြောပါတယ်။

 

ကျားဖြန့် အွန်လိုင်းလိမ်လည်မှုတွေမှာ စတားလင့်အင်တာနက်တွေကို အသုံးပြုနေတာကြောင့် စတားလင့်ကုမ္ပဏီဖြစ်တဲ့ SpaceX က ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ စတားလင့် အလုံးပေါင်း ၂၅၀၀ ထက်မနည်းကို အောက်တိုဘာလ ၁၆ ရက်မှာ ပိတ်ပစ်ခဲ့ပါတယ်။

 

အဲဒီလို စတားလင့်အင်တာနက် ပိတ်လိုက်ပြီးနောက် ၂ ရက်အကြာ အောက် တိုဘာလ ၁၉ ရက်မှာ စစ်တပ်က မြဝတီတောင်ဘက် မယ်ထော်သလေးမှာရှိတဲ့ KK park ကိုဝင်ရောက်စီးနင်းပြီး အွန်လိုင်း လိမ်လည်သူဆိုတဲ့ လူသောင်းနဲ့ ချီကို ဖမ်းဆီးကာ သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။

 

KK Parkဟာ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ အမှတ် (၂) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောတင်ဝင်းနဲ့ အမှတ် (၄) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောမုတ်သုန်တို့က ပါဝင်ပတ်သက်နေတယ်လို့ Justice For Myanmar ရဲ့ WHO POWERED THE EXPANSION OF CYBER SCAMS IN MYAWADDY အစီရင်ခံစာမှာ ရေးသားထားပါတယ်။

 

အဲဒီလို စီးနင်းမှုတွေရှိနေလို့ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ခြမ်းကို တိမ်းရှောင်ရာမှာ ထိုင်းစစ် တပ်က ဖမ်းဆီးထိန်းသိမ်းတာ ရှိနေပါတယ်။

 

ထိုင်းဘက်ခြမ်းကူးလာသူတွေကို ထိုင်းစစ်တပ်က သတ်မှတ်အဆောက်အအုံတွေမှာ ခေတ္တထားပြီး အောက်တိုဘာ ၂၄ ရက်အထိ လူဦးရေ ၁,၀၀၀ ကျော်ရှိနေပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြောထားပါတယ်။

 

ဓာတ်ပုံ- BAP

Burma Associated Press

 

 

BGF
scammers
Karen

Share With
bap-logo