bap-logo
Education

အဆင့်မြင့်ပညာရေးနယ်ပယ်မှ CDM ကျောင်းသားများ ကန်ဒေါ်လာဖြင့် ပေးရသည့်သင်တန်းများ အခမဲ့ တက်ခွင့်ရမည်

rc0Fb1AfwR_2ruTCyPtxR-image

လွန်ခဲ့သော ၃ နှစ် က

ဘီအေပီ၊ ဖေဖော်ဝါရီ ၁၆။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနှင့် EdX ပညာရေးအဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်မှုကြောင့်အမေရိကန်ဒေါ်လာဖြင့် ပေးချေရမည့်သင်တန်းများကိုအခမဲ့ တက်ရောက်ခွင့် ရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။

 

NUG လက်အောက်ခံပညာရေးဝန်ကြီးဌာနသည် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားသော ကျောင်းသား၊ ကျောင်းသူများ ပညာဆက်လက် သင်ယူနိုင်ရေးအတွက် နိုင်ငံတကာပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများကို အစဉ်တစိုက်ကြိုးပမ်းလုပ်ဆောင်နေခြင်း ဖြစ်သည်ဟုဆိုသည်။

 

လက်ရှိတွင်လည်း EdX ပညာရေးအဖွဲ့အစည်းနှင့် ပူးပေါင်းကာ စစ်ကျွန်ပညာရေးကိုသပိတ်မှောက် ထားသော အဆင့်မြင့်ပညာရေးနယ်ပယ်မှ ကျောင်းသား၊သူများအတွက် သင်တန်းအမျိုးအစားပေါင်း (၁၃၂) မျိုးကို EdX MOOC တွင် လေ့လာနိုင်ရန် သဘောတူညီမှုများ ရရှိခဲ့ပြီးဖြစ်ကြောင်း NUG လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

အဆိုပါသင်တန်း (၁၃၂) မျိုးအနက် EdX နှင့် မိတ်ဖက်ဖြစ်သည့် နိုင်ငံတကာတက္ကသိုလ်များမှ အင်္ဂလိပ် ဘာသာဖြင့် ပို့ချသောသင်တန်းအမျိုးအစား (၈၈) မျိုးတွင်မြန်မာနိုင်ငံမှ ကျောင်းသား၊သူဦးရေ (၅၀၀၀) အထိ တက်ရောက် သင်ယူနိုင်မည်ဖြစ်သည်။

 

"တက်ရောက်ခွင့်ရရှိသူ ကျောင်းသားများသည် US ဒေါ်လာဖြင့် ပေးသွင်းရသော သင်တန်းများအား အခကြေး ငွေ လုံးဝပေးသွင်းစရာမလိုဘဲ တက်ရောက်နိုင်မည့်အပြင် နိုင်ငံတကာအသိအမှတ်ပြု သင်တန်း ပြီးဆုံးကြောင်း လက်မှတ်များအား အခမဲ့ထုတ်ယူနိုင်မည် ဖြစ်သည်" ဟု ယင်းဌာနက ပြောဆိုထားသည်။

 

လက်ရှိတွင် သတင်းအချက်အလက်နှင့် နည်းပညာ ၊ လူ့အခွင့်အရေး ၊ စီမံခန့်ခွဲမှုနှင့် စီးပွားရေးဆိုင်ရာ ဘာသာ ရပ်များ၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် အင်ဂျင်နီယာ အစရှိသည့် ပညာရပ်များကို မိမိတို့၏ အနာဂတ်အသက်မွေးဝမ်းကျောင်းမှု၊ စိတ်ဝင်စားမှုများကို အခြေခံကာ ရွေးချယ် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

student
Education
EdX
NUG

Share With
bap-logo