bap-logo
Politics

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာခုခံတော်လှန်ရေးအဖွဲ့များနှင့် ပုဂ္ဂိုလ်ရေးအရ ပြောဆိုဆွေးနွေး

oCIdVsIzWdZmBSyBIXEoE-image

လွန်ခဲ့သော တစ်နှစ် က

 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ခုခံတော်လှန်ရေးအဖွဲ့များနှင့် ပြောဆိုဆွေးနွေးမှု ပုဂ္ဂိုလ်ရေးအရ ဖြစ်ပြီး ထိုင်းအစိုးရ၏ မူဝါဒအရ မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Maris Sanigiampongsa က ပြောသည်။

 

သက်ဆင်နှင့် ခုခံတော်လှန်ရေးလှုပ်ရှားမှုအဖွဲ့များ တွေ့ဆုံခြင်းကို Mr Maris က ငြင်းဆိုခြင်း မပြုပေ။ ၎င်းက ထိုသို့တွေ့ဆုံခြင်းသည် မြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းအစိုးရ ပါဝင်ခြင်း မရှိဟု ဆိုသည်။

 

မစ္စတာ သက်ဆင်က လူသိများပြီး အဆက်အသွယ်တွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ လက်ခံရပါမယ်။ မြန်မာက သူကူညီနိုင်တယ် (ပြဿနာတွေ ဖြေရှင်းနိုင်တယ်။) ဆိုတာကို ယုံကြည်တယ်။ဟု အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးမတိုင်မီ အစိုးရအိမ်တော်တွင် ၎င်းက ပြောသည်။

 

မြန်မာ ခုခံတော်လှန်ရေးအဖွဲ့တွေ သူနဲ့ စကားပြောခဲ့ပါတယ်။ အစိုးရက ဒီဖြစ်ရပ်မှာ ပါဝင်ခြင်း မရှိပါဘူး။ဟု ၎င်းက ပြောသည်။

 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် KNO နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ထံမှ ကိုယ်စားလှယ်များ လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရေး ကြိုးပမ်းရန် မကြာခင်က တွေ့ဆုံခဲ့ကြကြောင်း VOA Myanmar က ဝန်ကြီးချုပ်ဟောင်းနှင့် နီးစပ်သူ သတင်းအရင်းအမြစ်များကို ကိုးကား၍ တနင်္လာနေ့တွင် ဖော်ပြထားသည်။

 

၎င်းတွေ့ဆုံမှုမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် ခေါင်းဆောင်နှင့် တွေ့ဆုံအပြီး အခြားသော တွေ့ဆုံမှုတစ်ခုဖြစ်သည်ဟု VOA Myanmar က ဖော်ပြသည်။

 

၎င်း အလွတ်သဘောတွေ့ဆုံခြင်းများမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မြဝတီမြို့ကို သိမ်းယူပြီးနောက်ပိုင်း တွေ့ဆုံခြင်းလည်းဖြစ်သည်။

 

Mr Maris က ထိုင်းနိုင်ငံခြားရေးမူဝါဒမှာ မပြောင်းလဲဘဲ တည်ရှိနေကြောင်း၊ နှစ်နိုင်ငံ ဖြေရှင်းဆောင်ရွက်ခြင်းမှတဆင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရင်ကြားစေ့ရေးတို့ကို ဗဟိုပြုထားကြောင်း၊ အခြားသော အာဆီယံအဖွဲ့ဝင်များနှင့် လက်တွဲလုပ်ဆောင်နေကြောင်း ပြောသည်။

 

စစ်ပွဲကြာရှည်နေလျှင် ထိုင်းနိုင်ငံကို တိုက်ရိုက် ထိခိုက်ကြောင်း ၎င်းက ပြောသည်။ ပဋိပက္ခ အဆုံးသတ်ရန် ကြိုးပမ်းမှုမှာ တိုးတက်မှုရှိကြောင်းပြောသော်လည်း အသေးစိတ် ထုတ်ဖော်ပြောခြင်း မရှိပေ။

 

မကြာသေးခင်က အစိုးရအဖွဲ့ အပြောင်းအလဲတွင် ဒုဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရပြီးနောက် တပြိုင်နက်တည်း တာဝန်ယူထားသော နိုင်ငံခြားရေးဝန်ကြီးရာထူးမှပါ နှုတ်ထွက်သွားသည့် Parnpree Bahiddha-Nukara နိုင်ငံခြားရေးဝန်ကြီးနေရာတွင် Mr Maris ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံခြားရေးဝန်ကြီးအသစ်သည် သက်ဆင်နှင့် ကာလရှည်ကြာ မိတ်ဆွေများဖြစ်ပြီး သံတမန်ဟောင်းတစ်ဦးလည်း ဖြစ်သည်။

 

ကိုးကား - Bangkok Post

ပုံစာ - နိုင်ငံခြားရေးဝန်ကြီးသစ် Maris Sangiampongsa အစိုးရအဖွဲ့ အစည်းအဝေး တက်ရောက်ရန် အစိုးရအိမ်တော်သို့ အင်္ဂါနေ့က ရောက်ရှိလာစဉ်။ (Reuters)

 

Burma Associated Press

Myanmar
Thailand
NUG
former Prime Minister
Thaksin Shinawatra

Share With
bap-logo