bap-logo
Data

ကေအဲန်ယူတွင် ကော်သူးလေကျောင်း ၉၀၀ ကျော်အထိ တိုးလာ

gBW7eVk6ticAf5LI3BeJA-image

လွန်ခဲ့သော ၂ နှစ် က

စက်တင်ဘာ ၂၈။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေတွင် ကော်သူးလေ ကျောင်းပေါင်း ၉၀၀ ကျော်အထိ တိုးလာသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်- KPSN စက်တင်ဘာ ၂၆ ရက်ထုတ် အစီရင်ခံစာအရ သိရသည်။

 

အာဏာမသိမ်းမီကာလ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကော်သူးလေကျောင်း ၃၈၂ ကျောင်း ရှိခဲ့ရာမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကော်သူးလေကျောင်း သုံးဆနီးပါးတိုးများလာပြီး ၉၀၉ ခုအထိ ရှိလာခဲ့သည်ဟု ဖော်ပြထားသည်။

 

အဆိုပါကျောင်းများသည် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန- KECD စီမံမှုအောက်တွင် လည်ပတ်လျက် ရှိပြီး KECD သင်ရိုးညွှန်းတမ်းကို သင်ကြားနေသည့် ကျောင်းများဖြစ်သည်။

 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကျောင်းများမှာ သိသိသာသာ လျော့နည်းလာပြီး CDM ပြုလုပ်ထားသည့် ဆရာ၊ ဆရာမများကလည်း KECD ကျောင်းများတွင် ပြောင်းရွှေ့စာသင်ကြားနေသည် ဟုလည်း သိရသည်။

 

အထူးသဖြင့် ကေအဲန်ယူ၊ တပ်မဟာ ၆၊ ဒူးပလာယာခရိုင်တွင် ၂၀၁၉ ခုနှစ်က စစ်ကောင်စီကျောင်း ၁၂၈ ကျောင်းနှင့် KECD ကျောင်း ၄၀ ရှိရာမှ ၂၀၂၃ ခုနှစ်တွင် KECD ကျောင်း ၁၆၀ အထိ ရှိလာပြီး လည်ပတ်နေသည့် စစ်ကောင်စီကျောင်း လုံးဝမရှိတော့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဇူလိုင်လအထိ ကေအဲန်ယူနယ်မြေတွင် လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်း ၁၉ ကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း ဆိုသည်။

 

KECD နှင့် ကရင်ဆရာများအလုပ်အဖွဲ့တို့က ကော်သူးလေတွင် တိုးများလာသော ကျောင်းများ၏ လည်ပတ် စရိတ်ကိုသာမက စစ်ကောင်စီ၏ အဆက်မပြတ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကျောင်းများကို ပြုပြင်ရန် နိုင်ငံတကာအကူအညီကို ရှိဖွေလျက်ရှိသည်ဟုလည်း ဆိုသည်။

 

Burma Associated Press

Karen
KNU
KawThooLei
School
Student

Share With
bap-logo