bap-logo
International

ကန်-တောင်ကိုရီးယားစစ်‌ရေးလေ့ကျင့်မှု မစတင်မီ မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ် ပစ်ခတ်

fk379xG1ni1xBizMS7A3v-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၃


 
မြောက်ကိုရီးယားစစ်တပ်သည် အမေရိကန်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံကြား ငါးနှစ်အတွင်း အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှု မစတင်မီ နာရီပိုင်းအလိုတွင် ရေငုပ်သင်္ဘောမှနေ၍ ခရုဇ်ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။


 
ပြုံယမ်း၏ လက်နက်စမ်းသပ်မှုအသစ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်က ပြိုင်ဘက်များ၏ မနားမနေ စစ်ရေးလှုပ်ရှားပြင်ဆင်မှုများကို တွန်းလှန်ရန် ၎င်း၏စစ်တပ်ကို အမိန့်ပေးပြီး ရက်ပိုင်းအကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။


 
တနင်္ဂနွေနေ့က ဒုံးကျည်ပစ်ခတ်မှုသည် မြောက်ကိုရီးယားက "အမေရိကန် နယ်ချဲ့များနှင့် ၎င်းတို့၏ ရုပ်သေး တောင်ကိုရီးယားတပ်ဖွဲ့များ" စစ်ရေးလှုပ်ရှားမှုများကို အကြီးအကျယ်တုန့်ပြန်နိုင်စွမ်းရှိကြောင်း ပြသခြင်း ဖြစ်သည်ဟု နိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြသည်။


 
ထို့အပြင် မြောက်ကိုရီးယားအနေဖြင့် ခရုဇ်ဒုံးကျည်ကို နျူကလီးယားထိပ်ဖူးတပ်ဆင်ရန် ရည်မှန်းထားကြောင်းလည်း KCNA က စောင်းပါးရိပ်ခြည်ပြောဆိုခဲ့သေးသည်။


 
မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံကြား စစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်ရေး အစမ်း လေ့ကျင့်မှုအဖြစ် ရှုမြင်လျှက်ရှိပြီး ၎င်းတို့၏ နျူကလီးယားလက်နက်နှင့် ဒုံးကျည်ထုတ်လုပ်ရေး အစီအစဉ်များမှာ နိုင်ငံ ကာကွယ်ရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း အခိုင်အမာတုန့်ပြန်ထားသည်။


 
အမေရိကန်နှင့် တောင်ကိုရီးယားသည် နှစ်နိုင်ငံကြား ‘Freedom Shield’ဟု အမည်ပေးထားသည့် ပူးတွဲစစ်ရေး လေ့ကျင့်မှု များကို တနင်္လာနေ့အစောပိုင်းတွင် စတင်ခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား နျူကလီးယား လက်နက်ဖြုတ်သိမ်းရေး သံတမန်တွေ့ဆုံဆွေးနွေးရေး ပြန်စတင်ရေးအတွက် ၂၀၁၈ တွင် ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။


 
နောက်ဆုံးစစ်ရေးလေ့ကျင့်မှုတွင် Freedom Shield 23 ဟုခေါ်သော ကွန်ပျူတာသရုပ်ဖော်ပုံလေ့ကျင့်မှုနှင့် Warrior Shield FTX ဟု အမည်ပေးထားသည့် အခြေားသော စစ်မြေပြင်လေ့ကျင့်ရေးအများအပြား ပါဝင်ကြောင်းသိရသည်။


 
နှစ်နိုင်ငံကြားစစ်ရေးလေ့ကျင့်မှုများကို နောက်ထပ် အနည်းဆုံး ၁၀ ရက်ကြာ ပြုလုပ်မည်ဖြစ်ကာ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကြား "လုံခြုံရေးအနေအထားပြောင်းလဲရေး" ကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်က ဖော်ပြသည်။


 
မြောက်ကိုရီးယားသည် ၂၀၂၂ ခုနှစ်တွင် ဒုံးကျည်စမ်းသပ်မှု စံချိန်တင်ပြုလုပ်ခဲ့ပြီး ယခင်ထက်ပို ရန်လိုသည့် နျူကလီးယား ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်လျှက်ရှိသည်။


 
Source/
ပုံ – Al Jazeera

 

Burma Associated Press

South Korea
American
North Korea
Nuclear Weapons
drill

Share With
bap-logo