bap-logo
Politics

လုံခြုံရေးလိုအပ်နေသည့် နယ်စပ်ဒေသ များကြောင့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းလာခြင်းမရှိဟု စစ်ကောင်စီဆို

dHrXdcoqWEfS5m_xK6joO-image

လွန်ခဲ့သော ၂ နှစ် က

ဇူလိုင် ၂၈။

နိုင်ငံလုံခြုံရေးလိုအပ်နေသည့် နယ်စပ်ဒေသများကြောင့် တရားမဝင် ကုန်သွယ်မှုများ လျော့နည်းလာခြင်းမရှိဘဲ ဆက်လက်ရှိနေသည်ဟု အာဏာသိမ်း ဒု-စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့က နေပြည်တော်တွင်ကျင်းပသည့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝးတွင် ဆိုသည်။

 

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှု ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် ပို့ကုန်၊ သွင်းကုန် တန်ဖိုးစာရင်း ကွာခြားမှုများကြောင့် တရားမဝင် ကုန်သွယ်မှုများ ဆက်ဖြစ်နေ သည်ဟု သုံးသပ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

၂၀၂၂ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ထိုင်းနိုင်ငံစာရင်းအရ ထိုင်း ပို့ကုန်တန်ဖိုးသည် ကန်ဒေါ်လာ ဒသမ ၉၃၂ ဘီလီယံဖြစ်ပြီး ၎င်းတို့ဘက်က စာရင်းအရ သွင်းကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ဒသမ ၂၉၃ ဘီလီယံဖြစ်၍ ဒေါ်လာ ဒသမ ၆၃၉ ဘီလီယံ ကွာခြားနေသည်ဟုဆိုသည်။

 

နယ်စပ်ဒေသများသည် ရှည်လျားပြီး လွယ်ကူစွာ ဖြတ်သန်းနိုင်သည့်နေရာများ ရှိခြင်းကြောင့် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ခက်ခဲခြင်း၊ ဥပဒေရေးရာ အားနည်းချက်များရှိခြင်း၊ ဝန်ထမ်းအင်အား၊ စွမ်းဆောင်ရည် နိမ့်ကျခြင်းနှင့် အကျင့်ပျက်မှုများရှိနေခြင်းကလည်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရာတွင် စိန်ခေါ်မှုများ ဖြစ်စေသည်ဟု ၎င်းက ပြောသည်။

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ ခန့်မှန်း ကျပ် ဒသမ ၄၂၁ ဘီလီယံ တန်ဖိုးရှိ တရားမဝင်သစ်မျိုးစုံ အမှုတွဲ(၁၄၆၂)မှု၊ ဖမ်းဆီးရမိမှု စုစုပေါင်း၏ ဒသမ ၄၈ ရာခိုင်နှုန်းကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

 

ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ကချင်နှင့် တနင်္သာရီတိုင်းတွင် ခန့်မှန်း ကျပ် ဒသမ ၅၃၁ ဘီလီယံ တန်ဖိုးရှိ သယံဇာတ တရားမဝင်တူးဖော်သည့် ဘက်ဟိုးယန္တရား ၅၇ စီး ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

 

၂၀၂၃ ခုနှစ်၊ ဇွန်လ၏ ဖမ်းဆီးရမိမှု လချုပ်ခန့်မှန်းတန်ဖိုးကျပ် (၁၁.၈၁၆) ဘီလီယံသည် မော်တော်ယာဉ်အုပ်စုက ကျပ် (.၈၂၂) ဘီလီယံဖြစ်ပြီး ယခင်လထက် ကျပ် (.၂၅၄) ဘီလီယံ ပိုလာ သော်လည်း ကျန်အုပ်စုများ ဖြစ်သည့် လယ်ယာထွက်ကုန်၊ သစ်မျိုးစုံ၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် တိရစ္ဆာန်အရှင်များမှာ ဖမ်းဆီးရမိမှု လျော့နည်းလာသည်ဟုဆိုသည်။

 

ပုံစာ - နယ်စပ်ကုန်သွယ်မှုအချက်အချာတစ်ခုဖြစ်သည့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်

 

Burma Associated Press

Myanmar
SAC

Share With
bap-logo