bap-logo
Business

ပြည်တွင်းရွှေဈေးကစားသူများ ဥပဒေနှင့် မညီဟု YGEA ဆို

TfvcJ-MpTz9FGKx_cNQvr-image

လွန်ခဲ့သော ၂ နှစ် က

မတ်လ ၂၂

ကမ္ဘာ့ရွှေဈေးကွက်နှင့် မြန်မာ့ရွှေဈေးကွက်မှာ ချိတ်ဆက်မှုမရှိသည့်အတွက် ပြည်တွင်းရွှေဈေးကစားသူများ သည် ဥပဒေနှင့်ညီညွတ်မှုမရှိဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA) က ထုတ်ပြန် ပြောဆိုထားသည်။

 

" ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးတွင်လည်း ကမ္ဘာ့ရွှေဈေးကွက်နှင့် မြန်မာ့ရွှေဈေးကွက် ချိတ်ဆက်မှုမရှိကြောင်းစနစ်တကျထောက်ပြ ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ် " ဟု YGEA က ဆိုထားသည်။

 

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လျက်ရှိကာ၊ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်သည်နှင့်အမျှ မြန်မာနိုင်ငံတွင် ရွှေဈေးကစားလိုသူများက ရွှေဈေးနှုန်းမြင့်တက်လာစေရန် အွန်လိုင်းမီဒီယာများမှတဆင့် ကောလဟာလ သတင်းများကို ထုတ်လွှင့်ခြင်း၊ လေပတ်ကားရောင်းဝယ်ခြင်းများကို ဆောင်ရွက်နေကြောင်း ယင်းအသင်းက ပြောဆိုထားသည်။

 

" သူတို့ရွှေအသင်းက ချမှတ်ထားတဲ့ ဈေးနှုန်းနဲ့ ဘယ်ဆိုင်မှာမှမရောင်းဘူးလေ။ ရွှေဈေးကစားတယ်လို့ဆိုရင် အသင်းကထုတ်တဲ့ ရည်ညွှန်းဈေးကရော ဘယ်လိုသတ်မှတ်ကြလဲပေါ့။ ရွှေဈေးထပ်တက်မှာစိုးလို့ ထိန်းတယ် လို့ပဲ မြင်ပါတယ် " ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

 

ကမ္ဘာ့ရွှေဈေးအနေဖြင့် ယမန်နေ့မတ်လ ၂၁ ရက်ညပိုင်းက တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၉၇၀ ဒေါ်လာ ရှိပြီး၊ ယနေ့မတ်လ ၁၈ ရက်တွင်တော့ တစ်အောင်စလျှင် ၁,၉၄၀ ဒေါ်လာသို့ ဈေးတည်ငြိမ်မှုမရှိစွာ ကျဆင်းခဲ့ခြင်းဖြစ်သည်။

 

" ခုဆိုရွှေဆိုင်တွေက ဈေးမေးရင် မဖြေကြဘူး။ ဖြေတဲ့ဆိုင်တွေကျတော့လည်း ဘောင်ချာမှာရေးပေးတဲ့ ဈေးက တမျိုး ပိုက်ဆံရှင်းရင်ဈေးတမျိုးနဲ့။ သူတို့ပါးစပ်ထဲပဲ ဈေးနှုန်းတွေကရှိနေတယ်။ ကမ္ဘာ့ရွှေဈေးတက်ရင် သူတို့လည်း လိုက်တက်တာပဲ" ရွှေဝယ်ယူသူ တစ်ဦးကပြောသည်။

 

ယနေ့ မတ်လ ၂၂ ရက်နေ့ ပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၉၅၃,၀၀၀ ကျပ်ဝန်းကျင် ရှိပြီး၊ YGEA က ထုတ်ပြန်သည့် ရည်ညွှန်းဈေးသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၂၈၅,၅၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

 

ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးကော်မတီနှင့် YGEA အနေဖြင့် ရွှေဆိုင်များ၊ ရွှေကုန်သည်များကို သတ်မှတ်ထားသည့် ရွှေဈေးနှုန်းအတိုင်းသာရောင်းချရန်နှင့် သတ်မှတ်ဈေးထက်ပိုကာ ရောင်းချနေပါက သက်ဆိုင်ရာစည်ပင်ဌာနသို့ တိုင်ကြားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

Photo - YGEA

Burma Associated Press

 

 

Myanmar
gold
YGEA

Share With
bap-logo