bap-logo
Politics

အိန္ဒိယ၏ ဘာသာရေးအခြေခံသည့် နိုင်ငံသားဖြစ်မှုဥပဒေ အမေရိကန်နှင့် ကုလ စိုးရိမ်

SNwH-riNmMgPwBAHVYKeU-image

လွန်ခဲ့သော ၂ နှစ် က

 

အငြင်းပွားဖွယ် ဘာသာရေးအခြေခံသည့် နိုင်ငံသားဖြစ်မှုဥပဒေကို စိုးရိမ်ကြောင်း အမေရိကန်အစိုးရနှင့် ကုလသမဂ္ဂတို့က အင်္ဂါနေ့တွင် ဖော်ပြခဲ့ကြသည်။ ကုလသမဂ္ဂက ဥပဒေပြုရေးကို "သဘာဝအရ အခြေခံကျကျ ခွဲခြားဆက်ဆံခြင်း” ဟု ပြောဆိုလိုက်သည်။

 

အိန္ဒိယအစိုးရက အကောင်အထည်ဖော်ရန် တနင်္လာနေ့တွင် လုပ်ဆောင်လိုက်သည့် ၂၀၁၉ နိုင်ငံသားဖြစ်ခွင့် ပြင်ဆင်မွမ်းမံသည့် အက်ဥပဒေ Citizenship Amendment Act (CAA) ကို အခွင့်အရေးထောက်ခံလှုံ့ဆော်သူများက ဝေဖန်ကြသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့တို့က ၎င်းဥပဒေသည် မူဆလင်များကို ခွဲခြားဆက်ဆံခြင်းဖြစ်သည်ဟု ပြောကြသည်။

 

အိန္ဒိယရွေးကောက်ပွဲမတိုင်ခင် ရက်သတ္တပတ်များအတွင်း ဝန်ကြီးချုပ် မိုဒီ၏ ဟိန္ဒူအမျိုးသားရေးပါတီဖြစ်သော Bharatiya Janata Party (BJP) က ၎င်းဥပဒေ အကောင်အထည်ဖော်ရန် တွန်းအားပေးနေခဲ့ခြင်းဖြစ်ကာ ၎င်းဥပဒေသည် မူဆလင်လူများစု တောင်အာရှနိုင်ငံများဖြစ်သည့် အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ မူဆလင်မဟုတ်သူ ဒုက္ခသည်များကို အိန္ဒိယနိုင်ငံသားဖြစ်ခွင့် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

 

၎င်းနိုင်ငံများမှ ရှီးယားမူဆင်များကဲ့သို့သော လူနည်းစု မူဆလင်အစုအဖွဲ့များကို ချန်ထားခဲ့ကြောင်း အခွင့်အရေးလှုပ်ရှားသူအဖွဲ့များက မှတ်ချက်ပြုကြသည်။ ၎င်းတို့အပြင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာကဲ့သို့သော မူဆလင်လူနည်းစုများအပါအဝင် အိမ်နီးချင်းနိုင်ငံများကိုလည်း ထုတ်ပယ်ချန်ထားခဲ့သည်။

 

၂၀၁၉ ခုနှစ်မှာ ကျွန်တော် ပြောဆိုခဲ့သလို အိန္ဒိယရဲ့ နိုင်ငံသားဖြစ်ခွင့် (ပြင်ဆင်ဖြည့်စွက်) သည့် ဥပဒေ ၂၀၁၉ (CAA) သည် သဘာဝအခြေခံအားဖြင့် ခွဲခြားဆက်ဆံမှုဖြစ်ပြီး အိန္ဒိယရဲ့ နိုင်ငံတကာလူ့အခွင့်အရေးလိုက်နာမှုများကို ချိုးဖောက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ စိုးရိမ်မိပါတယ်။” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ပြောခွင့်ရသူက Reuters ကို ပြောသည်။

 

ယင်း အကောင်အထည်ဖော်မည့် ဥပဒေသည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများနှင့် ကိုက်ညီမှု ရှိ၊ မရှိကိုလည်း ၎င်းတို့ရုံးက လေ့လာနေသည်ဟု ပြောသည်။

 

အမေရိကန်ကလည်း အချက်ပြပြောဆိုခဲ့သည်။

 

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကလည်း "မတ်လ ၁၁ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်တဲ့ နိုင်ငံသားဖြစ်ခွင့် ပြင်ဆင်ဖြည့်စွက်ချက် အက်ဥပဒေအတွက် ကျွန်တော်တို့ စိုးရိမ်မိပါတယ်။” ဟု Reuters ကို သီးသန့် ပြောသည်။

 

ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားခြင်းနဲ့ အသိုင်းအဝန်းအားလုံးအတွက် ဥပဒေအောက်မှာ တန်းတူညီမျှ ဆက်ဆံခြင်းဟာ အခြေခံဒီမိုကရေစီ မူဝါဒတွေ ဖြစ်ပါတယ်။” ဟု ပြောခွင့်ရသူက အီးမေးလ်တွင် ဖော်ပြထားသည်။

 

ကမ္ဘာပေါ်တွင် တတိယ မူဆလင်ဦးရေ အများဆုံးဖြစ်သော အိန္ဒိယနိုင်ငံ၏ မူဆလင် သန်း ၂၀၀ ကို ခွဲခြားဆက်ဆံခံရနိုင်ပြီး အချို့သော နယ်စပ်ပြည်နယ်များတွင် စာရွက်စာတမ်း အထောက်အထားမရှိသည့် မူဆလင်များကို နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ပစ်မည်ကို စိုးရိမ်နေကြသည်။

 

၂၀၁၉ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဥပဒေကို အုပ်စုဖွဲ့အကြမ်းဖက်မှုများ နယူးဒေလီနှင့် အခြားနေရာများတွင် ဖြစ်ပေါ်ခဲ့သောကြောင့် မိုဒီ၏ အစိုးရက အကောင်အထည် မဖော်ခဲ့ပေ။ ထိပ်တိုက်ရင်ဆိုင်မှုများအတွင်း သေဆုံးမှုများနှင့် ရာပေါင်းများစွာသော ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။

 

အိန္ဒိယအစိုးရက ဥပဒေသည် မူဆလင်ဆန့်ကျင်ရေးမဟုတ်ကြောင်း ငြင်းဆိုခဲ့ကာ၊ အိမ်နီးချင်း မူဆလင်အများစု နိုင်ငံများမှ နှိပ်စက်‌ညှဉ်းပန်းမှုခံနေရသည့် လူနည်းစုများကို ကူညီရန် ၎င်းဥပဒေလိုအပ်ကြောင်း ပြောသည်။

 

ဝါရှင်တန်ရှိ အိန္ဒိယသံရုံးသည် အမေရိကန် နိုင်ငံခြားရေးဌာနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးတို့၏ တုန့်ပြန်မှုကို မှတ်ချက်ပေးရန် တောင်းဆိုခြင်းကို ချက်ချင်း မတုန့်ပြန်ခဲ့ပါ။

 

အခွင့်အရေးလှုပ်ရှားသူအဖွဲ့များက ၂၀၁၄ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာသူ မိုဒီ၏ လက်ထက်တွင် မူဆလင်များ ဖိနှိပ်ဆက်ဆံခံခဲ့ရသည်ဟု စွပ်စွဲကြသည်။ ၎င်းဥပဒေအပြင် မူဆလင်အများစု နေထိုင်သည့် ကက်ရှ်မီးယား အထူးအဆင့်အတန်းကို ၂၀၁၉ တွင် ပြန်လည်ရုပ်သိမ်းမှု၊ တရားမဝင်တည်ဆောက်သည်ဟု အကြောင်းပြ၍ မူဆလင်အဆောက်အအုံများ ဖျက်ဆီးဖယ်ရှားမှု၊ BJP အာဏာရပြည်နယ် Karnataka တွင် စာသင်ခန်းအတွင်း ဟီဂျပ် မျက်နှာဖုံးအုပ်ဝတ်ဆင်မှု တားမြစ်ခြင်းတို့ကို ထောက်ပြကြသည်။

 

မိုဒီ၏ အစိုးရက လူနည်းစုများကို ဖိနှိပ်မှုများမရှိကြောင်း ငြင်းဆိုခဲ့ပြီး ၎င်း၏ မူဝါဒများမှာ အိန္ဒိယလူမျိုးအားလုံး အကျိုးခံစားနိုင်ရန် ရည်ရွယ်သည်ဟု ပြောသည်။

 

ကိုးကား - Reuters

 

ပုံစာ - ဒီဇင်ဘာ ၂၉ ရက် ၂၀၁၉ ခုနှစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နိုင်ငံသားဖြစ်မှု ပြင်ဆင်ဖြည့်စွက်သည့် အက်ဥပဒေကို ကန့်ကွက်ဆန္ဒပြမှုအတွင်း "No CAA” စာတန်းကို ဖယောင်းတိုင်များဖြင့် ပုံဖော်ထားစဉ်။ (Photo: REUTERS/Anushree Fadnavis/File Photo)

 

India
American
Muslims
citizenship law
UN

Share With
bap-logo