bap-logo
Politics

ရုရှားဘက်မှ ယူကရိန်းကို တိုက်ခိုက်ရန် အိန္ဒိယနိုင်ငံသား ဒါဇင်နှင့်ချီ၍ လှည့်ဖြားခေါ်ယူခံရ

2gN16m67kcQsM9xydDIho-image

လွန်ခဲ့သော ၂ နှစ် က

BAP၊ မတ် ၁၀။

 

အိန္ဒိယနိုင်ငံမှ အမျိုးသား ဒါဇင်နှင့်ချီ၍ ယူကရိန်းနှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် ရုရှားဘက်မှ ပူးပေါင်းပါဝင်ရန် လှည့်ဖြားခေါ်ယူခံရကြောင်း အိန္ဒိယအစိုးရ၏ အဆိုအရ သိရသည်။ လှည့်ဖြားခံရသူများအနက် အနည်းဆုံး နှစ်ဦး သေဆုံးသွားကြောင်း ၎င်းတို့၏ မိသားစုဝင်များက မီဒီယာများကို ပြောသည်။

 

အိန္ဒိယအစိုးရက ၎င်းတို့၏ စိုးရိမ်မှုအကြောင်း ရုရှားအစိုးရနှင့် ပြောဆိုခဲ့ပြီး အိန္ဒိယနိုင်ငံသားများကို တာဝန်မှ ရပ်စဲပေးရန် တောင်းဆိုခဲ့သည်ဟု အိန္ဒိယအစိုးရက သောကြာနေ့တွင် ပြောသည်။

 

အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက ရုရှားစစ်ပွဲသို့ လှည့်ဖြားခေါ်ယူမှုနှင့် ဆက်စပ်နေသည့် "အကြီးစား လူကုန်ကူးမှုကွန်ရက်” တစ်ခုကို ကြာသပတေးနေ့တွင် ဖြိုခွင်းခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီးဌာနက ပြောသည်။

 

ကုန်ပစ္စည်းပို့ဆောင်သူများ၊ ရုရှားစစ်တပ်အတွက် အကူများအဖြစ် လုပ်ကိုင်ရမည်ဟု ပြောဆိုကာ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်ရမည်မဟုတ်ကြောင်း အသေအချာ ပြောဆို၍ လူပေါင်း ၃၀ ကျော်ကို ရုရှားစစ်တပ်အတွင်းသို့ လှည့်ဖြားခေါ်ယူခံခဲ့ရသည်ဟု အကူအာဏာပိုင်များ၏ ပြောဆိုမှုကို မီဒီယာ ဖော်ပြချက်များအရ သိရသည်။

 

၎င်းလှည့်ဖြားခံရသူတို့ကို ရုရှားနိုင်ငံမှ အစိုးရအသိအမှတ်ပြု တရားဝင် ကဒ်ပြား ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အမြဲတမ်းနေထိုင်ခွင့် အာမခံကြောင်းလည်း ပြောဆိုခဲ့သည်။

 

ကလေးနှစ်ဦး၏ ဖခင်ဖြစ်သူ အသက် ၃၀ အရွယ်ရှိ Mohammed Asfan သည် ပြီးခဲ့သည့်လတွင် ရှေ့တန်း၌ အသက်ဆုံးရှုံးခဲ့သည်ဟု မီဒီယာများက ဖော်ပြကြသည်။ ၎င်းသည် ရုရှားသို့ ပြီးခဲ့သည့်နှစ်တွင် သွားရောက်ခဲ့သူဖြစ်သည်။ ၎င်းသည် ရုရှားစစ်တပ်ကို ကူညီပေးရမည်ဖြစ်ကြောင်းနှင့် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်ရမည်မဟုတ်ဟု ၎င်းကို ပြောခဲ့ကြောင်း Asfan မိသားစုက ပြောသည်။

 

Asfan သေဆုံးမှုကို မော်စကိုမြို့မှ အိန္ဒိယသံရုံးက လူမှုမီဒီယာတွင် အတည်ပြုခဲ့သော်လည်း မည်ကဲ့သို့ သေဆုံးခဲ့သည်ကို အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။ ၎င်း၏ ကျန်ရှိသည့် ရုပ်အလောင်းကို အိန္ဒိယသို့ ပြန်လည်ပေးပို့ရန် ကြိုးစားနေသည်ဟု အရာရှိများက ပြောသည်။

 

အခြားသော အိန္ဒိယနိုင်ငံသားဖြစ်သူ အသက် ၂၃ အရွယ်ရှိ Hemal Ashwinbhai Mangukiya သည် ရုရှားစစ်တပ်အတွက် "လုံခြုံရေး အကူ” အဖြစ် Donetsk တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ယူကရိန်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်ဟု ၎င်း၏ မိသားစုက မီဒီယာများကို ပြောသည်။ ၎င်းသည် ရုရှားသို့ ပြီးခဲ့သည့် ဒီဇင်ဘာလက သွားရောက်ခဲ့သူဖြစ်သည်။

 

အိန္ဒိယအစိုးရက ၎င်း၏ နိုင်ငံသားများအားလုံး ပဋိပက္ခနှင့် ဝေးဝေးနေရန် တိုက်တွန်းထားသည်။

 

ရုရှားစစ်တပ်ကို ကူညီပေးရမည့် အလုပ်အကိုင်များကို ကိုယ်စားလှယ်(ပွဲစား) များက ခေါ်ယူလာပါက နားမယောင်ကြစေရန် အိန္ဒိယနိုင်ငံသားများကို ကျွန်ုပ်တို့ ထပ်မံမေတ္တာရပ်ခံအပ်ပါသည်။” ဟု သောကြာနေ့က အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။ "၎င်းအလုပ်အကိုင်များမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ် အလုပ်အကိုင်များ ဖြစ်ပါသည်။”

 

YouTube တွင် Baba Vlogs အမည်ဖြင့် ထင်ရှားကျော်ကြားသူ Faisal Abdul Mutallib Khan ကိုလည်း ရုရှား-ယူကရိန်းစစ်ပွဲသို့ အိန္ဒိယနိုင်ငံသားများကို စစ်သားစုဆောင်းပေးပို့မှုဖြင့် စစ်ဆေးခံနေရသည်ဟု The Wall Street Journal နှင့် အခြားသော အိန္ဒိယသတင်းများက ဖော်ပြကြသည်။ ၎င်း၏ YouTube ချန်နယ်မှာ ဖော်လိုဝါ သုံးသိန်းကျော် ရှိပြီး နိုင်ငံခြားအလုပ်အကိုင်များအကြောင်း ကြော်ငြာပေးလေ့ရှိသည်။

 

ကိုးကား - CBS News

ပုံစာ - ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၂၄ ခုနှစ်တွင် Mohammed Asfan ဓာတ်ပုံကို ကိုင်ဆောင်ပြသနေသည့် ၎င်းနှင့် ညီအကိုတော်စပ်သူ Mohammed Imran (Photo: NOAH SEELAM/AFP VIA GETTY IMAGES)

 

Burma Associated Press

Russia
Soldier
India
Ukraine

Share With
bap-logo