bap-logo
Politics

ပြင်ပဆွဲခန့် ဆရာမတွေကိုပေးဖို့ ငွေကြေး ကျောင်းသားတွေဆီက ကောက်ခံ

SJQ44GcvX8T2ja5NZl6Yy-image

လွန်ခဲ့သော တစ်နှစ် က

သြဂုတ် ၅။

 

ရန်ကုန်တိုင်းမြို့နယ်အချို့က အခြေခံပညာကျောင်းတွေမှာ ပြင်ပကဆွဲခန့် ဆရာမတွေခေါ်ပြီးသင်ကြားနေရကာ ယင်းတို့ကို ပေးဖို့အတွက် ကျောင်းသားတွေဆီက ငွေကြေးကောက်ခံမူတွေရှိနေတယ်လို့ မိဘတွေဆီက သိရပါတယ်။

 

မူလတန်းအဆင့် စာသင်ကျောင်းတွေမှာ ပြင်ပကကခန့်ထားတဲ့ဆရာမတွေကို လစာပေးဖို့ ကျောင်းသားတွေဆီက တစ်လကို ထောင်ကျပ်ကနေ စတင်ကောက်ယူနေတယ်လို့ကျောင်းသားမိဘတွေက ပြောပါတယ်။

 

"မိဘတွေကို ဒီတစ်ပတ် အစည်းအဝေးခေါ်တယ်၊ ကျောင်းဝင်းသန့်ရှင်းရေးနဲ့ ကျောင်းပြုပြင်ဖို့ အလှူငွေ ကောက်တယ်၊ ဆရာမ မလောက်လို့ ပြင်ပက ခေါ်သင်ရမယ်ဆိုပြီး တစ်လ ထောင် ကောက်မယ်ပေါ့ ကျောင်းပြုပြင်ရေးအတွက် ကျောင်းသားတစ်ဦးကို တစ်သောင်းထည့်ရတယ် မိဘတွေသဘောမတူရင် မလုပ်ဘူးလို့တော့ ပြောတယ်" လို့ သာကေတမြို့နယ်က မူလတန်းကျောင်းတစ်ခုမှာ စာသင်နေတဲ့ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

 

သာကေတမြို့နယ်က အခြေခံပညာကျောင်းအချို့မှာ အခန်းတစ်ခန်းစီကို အတန်းပိုင်ကျောင်းဆရာမ မလုံလောက်တာကြောင့် စာသင်ခန်း ခု ကို ဆရာမတစ်ဦးထဲက တာဝန်ယူနေရတယ်လို့ မိဘအချို့ကပြောပါတယ်။

 

ဒါကြောင့်ရန်ကုန်မြို့က မူလတန်းကျောင်းအချို့မှာ ဆရာမငှားဖို့ ကျောင်းသားတွေဆီက ငွေကြေးကောက်တာ၊ အချို့ကျောင်းတွေက ကျောင်းသားတွေဆီကမကောက်ဘဲ မိဘဆရာအသင်းတွေက ငွေကြေးစိုက်ထုတ်ပြီး ငှားနေရတာလို့ ဆိုပါတယ်။

 

ဆွဲခန့် ဆရာမအကူတစ်ယောက်ကို ငွေကျပ်နှစ်သိန်းနီးပါးကနေ စတင်ပေးနေရပြီး အငယ်တန်းကလေးတွေ အတွက် အဓိက ခေါ်ယူနေရတာလို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

 

"ဆရာမတစ်ယောက်က ကျောင်းသားတစ်ရာနီးပါးကို သင်ဖို့တာဝန်ယူနေရတယ်၊ ဟိုအခန်းပြေးသင်နဲ့ သင်နေရတယ်၊ အထက်ကလည်း မချပေးနိုင်တော့ ဆရာမကြီးကမိဘတွေနဲ့ တိုင်ပင်ပြီး ပြင်ပကနေခန့်ဖို့ ပြောရတယ် အတိုင်ခံရမှာကြောက်တော့ မလုပ်ရဲတာလည်းရှိနေတော့ အခက်တွေ့နေရတယ်"လို့ ရန်ကုန်မြို့က မူလတန်းပြဆရာမ တစ်ဦးက ပြောပါတယ်။

 

အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းဆရာမတွေ CDM လုပ်ထားတာကြောင့် အခြေခံပညာကျောင်းတွေမှာ ဆရာမ ရှားပါးမူတွေနဲ့ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

 

ပြီးခဲ့တဲနှစ်တွေက မိဘတွေကျောင်းသားတွေကို ပြင်ပပုဂ္ဂလိကကျောင်းတွေမှာ ထားကြပေမယ့် ဒီနှစ်မှာတော့ ငွေကြေး အဆင်မပြေတာကြောင့် စစ်ကောင်စီကျောင်းတွေမှာ ပြန်လည်ထားနေကြတာလို့ သိရပါတယ်။

 

"စစ်ကောင်စီ ကျောင်းတွေကို မထားချင်ပေမယ့် ပြင်ပကျောင်းမှာတက်ရင် မူလတန်းအဆင့်ကို ကျောင်းလခက တလကို တသိန်းကျပ်လောက်တက်သွားကြတာ၊ အခုကျောင်းကျတော့လည်း ကျောင်းမှာသင်ကြားပေးတဲ့ ဆရာမမလောက်လို့ ပြင်ပကခေါ်သင်နေရတယ် ခေါ်သင်နေတဲ့အလုပ်သင်ဆရာမအချို့က ဘွဲ့မရသေးတာလည်း ပါတယ်"လို့ မြောက်ဒဂုံမြို့နယ်က ကျောင်းသားမိဘတဦးက ပြောပါတယ်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပြီး CDM လှုပ်ရှားမှာမှာပါဝင်တဲ့ ဆရာ၊ဆရာမ လေးသိန်းကျော်ရှိတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရက ပြောဆိုထားတာရှိပါတယ်။

ပုံစာ- ရန်ကုန်တိုင်း ဒလမြို့နယ်က စာသင်ကျောင်းတစ်ခု (ပုံဟောင်း)

Burma Associated Press

Teachers
Children
Yangon

Share With
bap-logo