bap-logo
Data

စစ်ကိုင်းတွင် နှစ်လခွဲအတွင်း မီးရှို့ဖျက်ဆီး ခံရမှု ၆၀ ရာခိုင်နှုန်းကျော်မြင့်တက်

PMJY_w2FTFGz6jmsyzNXg-image

လွန်ခဲ့သော ၂ နှစ် က

စစ်ကိုင်း၊ ဇန်နဝါရီ ၂၄



စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းတွင် နေအိမ်၊ အဆောက်အအုံများကို လိုက်လံမီးရှို့ဖျက်ဆီး လျှက်ရှိရာ စစ်ကိုင်းတိုင်းအတွင်းအများဆုံးဖြစ်ပွားကာ နှစ်လခွဲအတွင်း မီးရှို့ဖျက်ဆီးခံရမှု ၆၀ ရာခိုင်နှုန်း ကျော်မြင့်တက် လာကြောင်း သုတေသနအဖွဲ့တစ်ခုဖြစ်သည့် ISP Myanmar ထံမှ သိရသည်။



၂၀၂၂ နိုဝင်ဘာလမှ ယခုနှစ် ဇန်နဝါရီ ၁၅ ရက်အတွင်း မီးရှို့ခံရမှုများ ပိုမိုမြင့်တက်လာကာ ယခင် မီးရှို့ဖျက်ဆီး ခံရသည့် ပမာဏ၏ ၆၀ ရာခိုင်နှုန်းကျော်ထပ်မံ မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်ဟုဆိုသည်။



ပြီးခဲ့သည့်နှစ်လခွဲအတွင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် မီးရှို့ခံရမှု အများဆုံး ဖြစ်ပွား ခဲ့ပြီး နေအိမ်အပါအဝင်အဆောက်အအုံ ၅,၁၃၁ လုံးနှင့် ၄,၆၆၄ လုံး ဖျက်ဆီးခံခဲ့ရသည်။



ထို့ပြင်နှစ်လခွဲအတွင်းစစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုတွင် မြို့နယ် ၁၀ ခု တိုးလာပြီး နေအိမ်နှင့် အဆောက်အအုံ စုစုပေါင်း ၆၇၃ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း ISP မြန်မာကဆိုသည်။



စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ရှိမြို့နယ်ပေါင်း ၉၃ မြို့နယ်တွင် နေအိမ်၊ ဘာသာရေး အဆောက်အအုံများအပါအဝင် စုစုပေါင်း ၆၀,၈၀၇ လုံးကျော် မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။

 

Burma Associated Press

 

Sagaing
SAC
Burned

Share With
bap-logo