bap-logo
International

ရုရှားက 'စစ်ပွဲ ရပ်လိုက်' လျှင် ဇလန်စကီး စကားပြောရန် မလိုတော့ ဟု ကုလလုံခြုံရေးကောင်စီဥက္ကဌ ပြော

GQQ6CnLd3YloUDfIoPaep-image

လွန်ခဲ့သော ၂ နှစ် က

ယူကရိန်းကို ရုရှား၏ ကျူးကျော်မှုအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွင် ယူကရိန်းသမ္မတ ဇလန်စကီး၏ ပထမဆုံး လူကိုယ်တိုင် တက်ရောက် ပြောဆိုမည့် အစီအစဉ်ကို ရုရှားသံအမတ် Vassil Nebenzia က အစည်းအဝေး အစပိုင်းတွင် ကန့်ကွက်လိုက်သည်။

 

ကျူးကျော်မှုသည် စစ်ပွဲမဟုတ်ကြောင်း "အထူးစစ်ရေးလှုပ်ရှားမှု" သာ ဖြစ်ကြောင်း ပြောဆိုနေခဲ့သည့် ရုရှားကို အစည်းအဝေး အကြီးအကဲအဖြစ်တာဝန်ယူထားသည့် အယ်ဘေးနီးယန်း ဝန်ကြီးချုပ် Edi Rama က လှောင်ပြောင်သရော်ခဲ့သည်။

 

ရုရှားလုပ်ဖော်ကိုင်ဖက်များနဲ့ လူတစ်ယောက်ချင်းစီကို ကျွန်တော် အသေအချာ ပြောလိုတာကတော့ ဒါဟာ အယ်ဘေးနီးယန်း အကြီးအကဲရဲ့ အထူးစစ်ဆင်ရေးတစ်ခု မဟုတ်ပါဘူး။ဟု ရယ်စရာ အရွှန်းဖောက် ပြောဆိုတတ်သူအဖြစ် လူသိများသည့် Rama က ပြောဆိုလိုက်သောအခါ အခန်းထဲတွင် ရယ်သံအုပ်အုပ်များ ပျံ့နှံ့သွားခဲ့သည်။

 

ဒီအတွက် ဖြေရှင်းချက်တစ်ခု ရှိပါတယ်။ ခင်ဗျား သဘောတူမယ်ဆိုရင် စစ်ပွဲကို ရပ်လိုက်ပါ။ သမ္မတ ဇလန်စကီးလည်း အစည်းအဝေးမှာ စကားမပြောတော့ပါဘူး။” ဟု Nebenzia ကို တိုက်ရိုက်ရည်ညွှန်း ပြောဆိုခဲ့သည်။

 

Nebenzia က သဘောမတူညီခဲ့ပေ။ ၎င်းက အစည်းအဝေးသည် ရုပ်ပြသာဖြစ်ကြောင်း၊ Rama ပြောဆိုခဲ့သည်မှာ လုပ်ထုံးလုပ်နည်းအတိုင်း ကြားနေစီမံသူအဖြစ် ဆောင်ရွက်ခြင်းထက် နိုင်ငံရေးအရ စွပ်စွဲသည့် ကြေငြာချက်သာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

 

အစည်အဝေးအပြီးတွင် ဇလန်စကီးက အနုပညာရှင်နှင့် ယခင် ဘတ်စကက်ဘော ကစားသမားလည်းဖြစ်သူ Rama ကို ကျေးဇူးတင်ကြောင်း၊ "ရုရှားနဲ့ သူ့ရဲ့ အလိမ်အညာတွေ၊ ကြောင်သူတော်လုပ်ရပ်တွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ ပြသလိုက်တာဖြစ်ကြောင်း" လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

 

ကျူးကျော်မှုအတွက် တရားမျှတမှုရှာဖွေရာတွင် ရုရှားက ယူကရိန်း၏ နေတိုးအပါအဝင် အနောက်နိုင်ငံများနှင့် ပူးပေါင်းရေး ရည်မှန်းချက်သည် ရုရှားအမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ယူကရိန်းနှင့် ၎င်း၏ မဟာမိတ်များက အခြေအမြစ်မရှိသည့် တိုက်ခိုက်ရန် အကြောင်းပြချက်များအဖြစ် ငြင်းဆိုခဲ့ကြသည်။

 

အစည်းအဝေးအတွင်း အပြန်အလှန်ပြောဆိုကြရာတွင် ယူကရိန်းကို တိုက်ခိုက်သည့်အတွက် အပြစ်ပေးသည့် အနေဖြင့် ဒုတိယကမ္ဘာစစ်အလွန် ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ၏ ဗီတိုအသုံးပြုခွင့်ကို ရုရှားနိုင်ငံထံမှ ရုပ်သိမ်းရန် ဇလန်းစကီးက တောင်းဆိုခဲ့သည်။

 

ဇလန်းစကီး အစည်းအဝေးခန်းမှ ထွက်ခွာသွားသောအခါ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ရုရှား၏ ဗီတိုအသုံးပြုခွင့်မှာ တရားဝင်လုပ်ပိုင်ခွင့်ဖြစ်ကြောင်း၊ ယူကရိန်းနှင့် အနောက်နိုင်ငံများသည် ၁၉၄၅ ကုလသမဂ္ဂ ပဋိညာဉ် ကို ၎င်းတို့အတွက် သင့်လျော်သလို ရွေးချယ်လိုက်နာနေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

 

ကိုးကား - Reuters

 

ပုံစာ - စက်တင်ဘာ ၂၀ ရက် ၂၀၂၃ ခုနှစ် နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်တွင် ယူကရိန်းအကျပ်အတည်းအရေး လုံခြုံရေးကောင်စီ ဝန်ကြီးအဆင့် အစည်းအဝေးတွင် မိန့်ခွန်းပြောဆိုနေသော ယူကရိန်းသမ္မတ ဇလန်းစကီး။ (Photo: REUTERS/Mike Segar)

Russia
Ukraine
invasion
Zelensky
United Nations Security Council

Share With
bap-logo