bap-logo
Politics

၁၆ အောက်တိုဘာ ၂၀၂၃ နိုင်ငံတကာ သတင်းတိုများ

G2ooGwRnN4XLwGe0V4-El-image

လွန်ခဲ့သော ၂ နှစ် က

တရုတ်ဘဏ်ဥက္ကဌဟောင်း ဖမ်းဆီးခံရ

 

တရုတ်နိုင်ငံပိုင် Bank of China ဥက္ကဌဟောင်း Liu Liange ကို လာဘ်ပေးလာဘ်ယူ သံသယ၊ တရားမဝင်ချေးငွေ ထုတ်ပေးခြင်းတို့ဖြင့် ဖမ်းဆီးလိုက်ကြောင်း စင်ဟွာသတင်းဌာနကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြထားသည်။ ကိုးကား - Reuters

 

 စီးပွားရေးထွန်းသစ်စနိုင်ငံခေါင်းဆောင်များ 'ခါးပတ်နှင့် လမ်း’ ဖိုရမ်တက်ရောက်ရန် တရုတ်သို့ ရောက်ရှိ

 

'ခါးပတ်နှင့် လမ်း' ဖိုရမ်တက်ရောက်ရန် ချီလီသမ္မတ Gabriel Boric နှင့် ဟန်ဂေရီယန် ဝန်ကြီးချုပ် Viktor Orbán တို့ တနင်္ဂနွေနေ့တွင်လည်းကောင်း အီသီယိုပီးယား ဝန်ကြီးချုပ် Abiy Ahmed သီရိလင်္ကာ သမ္မတ Ranil Wickremesinghe တို့ တနင်္လာနေ့တွင်လည်းကောင်း တရုတ်နိုင်ငံသို့ ရောက်ရှိလာကြသည်။

 

အာဖရိက၊ အရှေ့တောင်အာရှ၊ အာရှအလယ်ပိုင်းနှင့် အရှေ့အလယ်ပိုင်းမှ ခေါင်းဆောင်များလည်း ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် အဓိက အခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်သည်။

 

ရုရှားသမ္မတ ပူတင်နှင့် အာဖဂန်နစ္စတန်မှ တာလီဘန်အုပ်ချုပ်သူတို့လည်း တက်ရောက်မည်ဟု ခန့်မှန်းရသည်။ ကိုးကား - AP

 

ဂါဇာကို ဝင်ရောက်သိမ်းပိုက်ခြင်းမပြုရန် အစ္စရေးကို ဘိုင်ဒန်သတိပေး

 

CBS သတင်းဌာနနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့၏ "မိနစ် ၆၀" တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တွင် ဂါဇာကို ဝင်ရောက်သိမ်းပိုက်ခြင်းသည် "အမှားကြီး” တစ်ခုဖြစ်လိမ့်မည်ဟု ဘိုင်ဒန်က ပြောကြားခဲ့ကြောင်း CNN က ဖော်ပြထားသည်။ "ဂါဇာမှာ ဖြစ်ပျက်နေတာတွေအပေါ် ကျွန်တော့်အမြင်က ဟားမက်စ်နဲ့ ဟားမက်စ်ရဲ့ အစွန်းရောက်တဲ့ အစုအဖွဲ့တွေက ပါလက်စတိုင်းလူထုအကုန်လုံးကို ကိုယ်စားမပြုပါဘူး။ဟု တွေ့ဆုံမေးမြန်းသူ Scott Pelley ကို ပြောကြားခဲ့သည်။

 

၎င်းက ဟားမက်စ်များကို လုံးဝအမြစ်ပြတ်အောင် ရှင်းလင်းရမည်ဟု ယုံကြည်ကြောင်း "ဒါပေမယ့် ပါလက်စတိုင်း အာဏာပိုင်ဖြစ်ဖို့ လိုအပ်တယ်။ ပါလက်စတိုင်း နိုင်ငံဖြစ်လာဖို့ လမ်းကြောင်း လိုအပ်တယ်။ဟုလည်း ပြောကြားခဲ့သည်။ ကိုးကား - CNN

 

မြေထဲပင်လယ်အရှေ့ပိုင်းသို့ ဒုတိယမြောက် လေယာဉ်တင်စစ်သင်္ဘောအုပ်စု ပင်တဂွန် စေလွှတ်

 

အစ္စရေးတို့၏ ဂါဇာစစ်ဆင်ရေး ပြင်ဆင်နေစဉ်အတွင်း ပင်တဂွန်က ဒုတိယမြောက် လေယာဉ်တင် စစ်သင်္ဘောအုပ်စုနှင့် ဂျက်တိုက်လေယာဉ်များကို မြေထဲပင်လယ်အရှေ့ပိုင်းသို့ စေလွှတ်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က စနေနေ့တွင် ထုတ်ပြန်ချက်တစ်စောင်ဖြင့် အသိပေးထားသည်။

 

အမေရိကန်စစ်သင်္ဘောများသည် အစ္စရေးတို့၏ ဂါဇာတိုက်ခိုက်မှုကို ပူးပေါင်းရန် မရည်ရွယ်ကြောင်း၊ သို့ရာတွင် ရေတပ်၏ အင်အားအကောင်းဆုံး ယာဉ်များစေလွှတ်ရခြင်းမှာ အီရန်နှင့် လက်ဘနွန်မှ ဟစ်ဇ်ဘိုလာကဲ့သို့သော ဒေသတွင်းမှ အီရန်၏ ကြားခံဆောင်ရွက်သူများကို အဟန့်အတားဖြစ်စေရန် စေလွှတ်ခြင်းဖြစ်သည်ဟု CNN က ဖော်ပြထားသည်။ ကိုးကား - CNN

 

အစ္စရေးကို တိုက်ခိုက်ခဲ့မှုတွင် တာဝန်ရှိသည့် အီရန်ကျောထောက်နောက်ခံပြု ဟားမက်စ်ခေါင်းဆောင်နှစ်ဦးကို အစ္စရေး ဖော်ထုတ်

 

အနည်းဆုံး လူ ၁,၃၀၀ သေဆုံးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ ဟားမက်စ်တို့၏ အစ္စရေးကို တိုက်ခိုက်မှု အတွက် ဟားမတ်စ်ခေါင်းဆောင် Yahya Sinwar နှင့် El Deif တို့တွင် တာဝန်ရှိကြောင်း အစ္စရေး မဟာဗျူဟာ ရေးရာဝန်ကြီးနှင့် အသစ်ဖွဲ့စည်းလိုက်သော စစ်ဘက်ဆိုင်ရာအစိုးရအဖွဲ့ဝင် Ron Dermer က တဲလ်အဗစ်မြို့တွင် ပြုလုပ်သော CBS နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ယခုအပတ်အတွင်းက ပြောကြားသည်။

 

ဂါဇာက လူနှစ်ယောက်။ သူတို့က ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိပါတယ်။ သူတို့ကို အီရန်ကပဲ ထောက်ပံ့ထား တာပါ။ သူတို့ကို ဘဏ္ဍာရေးအရ ထောက်ပံ့ထားတယ်။ လက်နက်ကိရိယာတွေလည်း ထောက်ပံ့ပေးထားတယ်။ လေ့ကျင့်မှုတွေ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးတွေ၊ ဆက်သွယ်ရေးတွေနဲ့ နိုင်ငံရေးအရ အထောက်အပံ့တွေ ပေးထားတယ်။ အီရန်ဟာ အရှေ့အလယ်ပိုင်းက ပြဿနာအများအပြားရဲ့ အရင်းအမြစ်ပဲ။ဟု ၎င်းက ပြောကြားခဲ့သည်။

 

ဘိုင်ဒန်အုပ်ချုပ်ရေးအရာရှိများကမူ စစ်ပွဲစတင်ခဲ့စဉ်ကပင် အီရန်သည် ဟားမက်စ်တို့ကို ပစ္စည်းကိရိယာများ၊ ဘဏ္ဍာရေးနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး အထောက်အပံ့များ ပေးအပ်နေခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် တိုက်ခိုက်မှုများအတွက် အီရန်အစိုးရနှင့် ချိတ်ဆက်နိုင်သည့် သက်သေခံအထောက်အထားများ ယနေ့အထိ မရှိကြောင်း ပြောဆိုထားသည်။ ကိုးကား - CBS

 

သုံးကြိမ်မြောက် အင်အားပြင်းငလျင်ဒဏ် ခံခဲ့ရသည့် အာဖဂန်နစ္စတန်

 

အောက်တိုဘာ ၇ ရက်နေ့တွင် လူပေါင်း ၂၀၀၀ ကျော်သေဆုံးခဲ့သည့် ငလျင်လှုပ်ခတ်မှုအပြီး ရက်ပိုင်း အတွင်းမှာပင် အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Herat ပြည်နယ်တွင် ပြင်းအား . ရှိ ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့သည်။

 

ငလျင်များ ဆက်တိုက်လှုပ်ခတ်မှုများကြောင့် ရွာလုံးကျွတ် ပြားပြားဝပ်ပျက်စီးခဲ့ရပြီး၊ မိသားစုများ သေကြေ မြှုပ်နှံခံရခြင်း၊ ထောင်ပေါင်းများစွာသော လူများ အိမ်ယာမဲ့ ဖြစ်ခဲ့ရသည်။

 

လူလေးဦး သေဆုံးကြောင်း Save the Children က ပြောကြားခဲ့ကာ Herat ဒေသန္တရဆေးရုံတွင် ထိခိုက် ဒဏ်ရာရသူ ၁၅၃ ဦး လက်ခံကုသပေးနေရသည်။

 

ပြီးခဲ့သည့် စနေနေ့တွင် Herat မှ ၄၀ ကီလိုမီတာ ဝေးကွာသည့် Zindajan တွင်လည်း ငလျင်လှုပ်ခတ်ခဲ့သေးသည်။

 

အစောပိုင်းက ဖြစ်ပွားခဲ့သော ငလျင်လှုပ်ခတ်မှုများကြောင့် သေဆုံးရသူများ၏ ၉၀ % မှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးသူငယ်အေဂျင်စီ Unicef က ပြောကြားသည်။ ကိုးကား - Aljazeera BBC

 

ပုံစာ - အာဖဂန်နစ္စတန်နိုင်ငံ Herat ပြည်နယ်၊ Injil ခရိုင်မှ ငလျင် ဆက်တိုက် လှုပ်ခတ်မှုများကြောင့် ပျက်စီးခဲ့ရသည့် အိမ်များ။ (Photo: Moshen Karimi/AFP)

 

Burma Associated Press

China
Afghanistan
Israel
Russia
American
Earthquake

Share With
bap-logo