bap-logo
Politics

တရုတ် ခါးပတ်နှင့် လမ်းဖိုရမ် တာလီဘန်တက်မည်

8m8HNagrfPrEetTBGwPQW-image

လွန်ခဲ့သော ၂ နှစ် က

လာမည့်ရက်သတ္တပတ်တွင် ပြုလုပ်မည့် တရုတ်နိုင်ငံ၏ ခါးပတ်နှင့် လမ်းဖိုရမ်ကို တာလီဘန်တို့ တက်ရောက် မည်ဟု ပြောခွင့်ရသူက စနေနေ့တွင် ပြောကြားလိုက်ခြင်းဖြင့် တရုတ်အစိုးရ၏ တာလီဘန်တို့နှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအလေးပေးလိုက်သည်။ တာလီဘန်တို့ကို မည်သည့်အစိုးရကမျှ တရားဝင်အသိအမှတ်ပြုခြင်း မရှိသေးပေ။

 

တာလီဘန်အရာရှိများနှင့် ဝန်ကြီးများသည် မကြာမီ ဒေသတွင်းတွေ့ဆုံစည်းဝေးရာသို့ မကြာမီသွားရောက် ကြမည်ဖြစ်ပြီး ခါးပတ်နှင့် လမ်းဖိုရမ်သည် ၎င်းတို့ကို ဖိတ်ကြားသည့် အဆင့်မြင့် နိုင်ငံစုံထိပ်သီးအစည်းအဝေး တစ်ခုဖြစ်သည်။

 

အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ဘေဂျင်း၌ကျင်းပမည့် ဖိုရမ်သည် သမ္မတ Xi Jinping ကြီးမားသည့် ရည်မှန်းချက်ဖြစ်သော ကမ္ဘာ့အခြေခံအဆောက်အအုံနှင့် စွမ်းအင်အရေး ပဏာမလှုပ်ရှားမှု ၁၀ နှစ်ပြည့်ဖြစ်ကာ ရှေးဟောင်း ပိုးလမ်းမကို ကမ္ဘာ့ကုန်သွယ်ရေးမြှင့်တင်ရန် ပြန်လည် ဖန်တီးမည့်အစီအစဉ်ဖြစ်သည်။

 

တာလီဘန် ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုလုပ်ငန်း ယာယီဝန်ကြီး Haji Nooruddin Azizi သည် မကြာမီ ဘေဂျင်းသို့ သွားရောက်မည်ဟု ဝန်ကြီးဌာန၏ ပြောခွင့်ရ Akhundzada Abdul Salam Jawad က Reuters သို့ သတင်းစာသားပေးပို့၍ ပြောကြားခဲ့သည်။

 

သူ ဖိုရမ်ကို တက်ရောက်ပြီး ရင်းနှီးမြှုပ်နှံသူအမြောက်အများကို ဖိတ်ခေါ်လာလိမ့်မယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။

 

ဆင်းရဲသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် အများက အငမ်းမရ လိုချင်ကြသည့် တွင်းထွက်သတ္တုများ ကြွယ်ဝချမ်းသာသည်။ အာဖဂန်နစ္စတန်တွင် အမေရိကန်ဒေါ်လာ ၁ ထရီလီယံမှ ၃ ထရီလီယံအကြား တန်ဖိုးရှိ ကြေးနီ၊ ရွှေနှင့် Lithium တို့ မတူးဖော်ရသေးကြောင်း သတ္တုတွင်းဝန်ကြီးက ၂၀၁၀ ခုနှစ်တွင် ခန့်မှန်းခဲ့သည်။ ယခုအခါ ၎င်းတို့မည်မျှ တန်ကြေးရှိသည်ကို ရှင်းလင်းစွာ မသိရပေ။

 

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ ကြီးမားသော ကြေးနီသတ္တုတွင်းတူးဖော်ရေးကို ယခင် နိုင်ငံခြားနောက်ခံ ပြုထားသည့် အစိုးရလက်ထက်တွင်ပင် တရုတ်နိုင်ငံသည် တာလီဘန်တို့နှင့် ပြောဆိုဆွေးနွေးမှုများရှိခဲ့သည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်မှု မပေးခဲ့ပါ။

 

တရုတ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်မည့် အာဖဂန်နစ္စတန်မြောက်ပိုင်း တောင်တန်းများမှ ကျဉ်းမြောင်းသော Wakhan စင်္ကြံ ကို ဖြတ်၍ လမ်းတည်ဆောက်ရန် စီမံကိန်းကို Azizi သည် တရုတ်အစိုးရနှင့် ဆက်လက် ဆွေးနွေးမည်ဖြစ်သည်ဟု Akhundzada က ပြောကြားသည်။

 

ခါးပတ်နှင့် လမ်းစီမံကိန်းတွင် အာဖဂနစ္စတန်နိုင်ငံကို ထည့်သွင်းလိုကြောင်း၊ အဓိက တရုတ် ပါကစ္စတန် စီးပွားရေးစင်္ကြံ ကို အာဖဂန်နစ္စတန် နယ်စပ်အထိ တိုးချဲ့လိုကြောင်း တရုတ်မှ အရာရှိများ၊ တာလီဘန်များနှင့် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံတို့သည် မေလက ပြောကြားခဲ့သည်။

 

လွန်ခဲ့သည့် နှစ်နှစ်က အမေရိကန်နှင့် အခြားနိုင်ငံများ ထွက်ခွာသွားပြီးနောက်ပိုင်းတွင် တာလီဘန်တို့ကို မည်သည့်အစိုးရမျှ တရားဝင်အသိအမှတ်ပြုထားခြင်း မရှိပေ။

 

အမျိုးသမီးများ အများပြည်သူဘဝသို့ မဝင်ရောက်နိုင်ရန် ကန့်သတ်ခြင်းများ၊ အမျိုးသမီး NGO ဝန်ထမ်းများကို အလုပ်လုပ်ခြင်းမှ တားမြစ်ခြင်းတို့ကြောင့် အထူးသဖြင့် အနောက်နိုင်ငံများ၊ အရာရှိများနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုရန် အတားအဆီးဖြစ်နေခဲ့သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားသည်။

 

တရုတ်သည် တာလီဘန်တို့နှင့် ဆက်ဆံရေးမြှင့်တင်လာခဲ့ပြီး တာလီဘန်တို့ အာဏာရယူပြီးနောက်ပိုင်း ကဘူးမြို့ တွင် သံအမတ်ခန့်အပ်ခဲ့သည့် ပထမဆုံး နိုင်ငံဖြစ်လာကာ သတ္တုတွင်းစီမံချက်များတွင် ရင်းနှီးမြှုပ်နှံလာခဲ့သည်။

 

တရုတ်အစိုးရ၏ သံအမတ်က တာလီဘန် ယာယီဝန်ကြီးချုပ်ကို ပြီးခဲ့သည့်လတွင် သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့သည်။ အခြားနိုင်ငံများကမူ ယခင် သံအမတ်များ ဆက်လက်ထားရှိခြင်း သို့မဟုတ် အစိုးရကို တရားဝင် သံအမတ်ခန့်အပ်လွှာပေးအပ်ခြင်းမပြုလုပ်သည့် သံရုံးအကြီးအကဲများ ခန့်အပ်ခြင်းတို့သာ ထားရှိ ပြုလုပ်ခဲ့သည်။

 

ကိုးကား - Reuters

 

ပုံစာ - ဇန်နဝါရီလ ၅ ရက် ၂၀၂၃ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တွင် ကျင်းပသော အာဖဂန် ဒု ဝန်ကြီးချုပ် Mullah Abdul Ghani Baradar နှင့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Wang Yu တို့၏ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် တရုတ်နှင့် အာဖဂန်နစ္စတန် အစ္စလာမ် စော်ဘွားနိုင်ငံ တို့၏ အလံများ။ (Photo: REUTERS/Ali Khara/File Photo)

 

China
Afghanistan
Taliban
Belt and Road Initiative (BRI)

Share With
bap-logo