bap-logo
Politics

မြန်မာမှ အလိမ်အညာခံရသူ ၉၀၀ ကို တရုတ်သို့ လွှဲပြောင်းပေးမှု ထိုင်းစီစဉ်ပေးခဲ့

66_pI2Iit0VAju6FrOpJP-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာနယ်စပ်မြို့တွင် ပိတ်မိနေသော အလိမ်အညာလုပ်ငန်းများမှ တရုတ်နိုင်ငံသား ၉၀၀ ကို ပြီးခဲ့သည့် အပတ်အတွင်း လွှဲပြောင်းပေးရာတွင် ထိုင်းနိုင်ငံက ကူညီစီစဉ်ပေးခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ် Srettha Thavisin က တနင်္ဂနွေနေ့က ပြောသည်။

 

ရာဇဝတ်ဂိုဏ်းများက လူပေါင်း သိန်းချီ၍ လူကုန်ကူးခဲ့ကာ အလိမ်အညာလုပ်ငန်းများနှင့် အခြားသော တရားမဝင်လုပ်ငန်းများတွင် အတင်းအကျပ်လုပ်ဆောင်စေခြင်းဖြင့် မြန်မာအပါအဝင် အရှေ့တောင်အာရှသည် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများ၏ ဆုံချက်ဖြစ်လာသည်ဟု ကုလသမဂ္ဂက ဆိုသည်။

 

ပြီးခဲ့သည့် ကြာသပတေးနေ့တွင် စတင်ခဲ့ပြီး စနေနေ့တွင် ပြီးဆုံးခဲ့သော စီစဉ်ဆောင်ရွက်မှုဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ကာ တရုတ်နိုင်ငံသားများကို မြန်မာနယ်စပ် မြဝတီမြို့မှ တရုတ်လေယာဉ်များသို့ လွှဲပြောင်းပေးရန် ထိုင်းနယ်စပ် မဲဆောက်လေဆိပ်သို့ ပို့ဆောင်ခဲ့သည်ဟု ပြောသည်။

 

ဒါက တရုတ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံအကြား ဆန္ဒအလျောက် ပူးတွဲလုပ်ဆောင်မှု တစ်ခုပါ။” ဟု ဝန်ကြီးချုပ် Srettha က ပြောသည်။

 

လူသားချင်းစာနာမှု အခြေခံမူတွေအပေါ်မှာ အခြေခံပြီး ဆန္ဒအလျောက် လုပ်ဆောင်တဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ အတင်းအကျပ်လုပ်ဆောင်မှု မဟုတ်ပါဘူး။” ဟု Srettha က ပြောသည်။

 

သုံးရက်အတွင်း လေယာဉ်ခရီးစဉ် ၁၅ ခုဖြင့် တရုတ်အလိမ်အညာခံရသူများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးသည့် လုပ်ငန်းစဉ်ဟု ထိုင်း ဒုရဲချုပ် Surachae Hakparn က ပြောသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက Reuters မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း မတုန့်ပြန်ခဲ့ပါ။ မြန်မာစစ်တပ်ပြောခွင့်ရသူကလည်း မှတ်ချက်ပေးရန် ခေါ်ဆိုမှုကို မတုန့်ပြန်ခဲ့ပါ။

 

ပြီးခဲ့သည့် နိုဝင်ဘာလတွင် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှု ပူးတွဲ ဖြိုခွင်းရေးလုပ်ဆောင်၍ မြန်မာစစ်အုပ်ချုပ်ရေးက ဆက်သွယ်ရေးလိမ်လည်မှု သံသယရှိသူ ၃၁၀၀၀ ကျော်ကို တရုတ်သို့ လွှဲပြောင်းပေးခဲ့သည်။

 

တရုတ်နှင့် မြန်မာတို့ကလည်း မြန်မာစစ်တပ်နှင့် လက်နက်ကိုင် လူနည်းစု တိုင်းရင်းသားအဖွဲ့များအကြား တိုက်ပွဲများတွင် ပိတ်မိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှ ထိုင်းလူမျိုး လိမ်လည်ခံရသူများနှင့် ဆက်သွယ်ရေးလိမ်လည်မှု ဂိုဏ်းများတွင် ပါဝင်ပတ်သတ်သူ ၂၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးရာတွင် ကူညီပေးခဲ့သည်။

 

ကိုးကား - Reuters

ပုံစာ - ဒီဇင်ဘာလ ၁၇ ရက် ၂၀၂၃ ခုနှစ် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အာဆီယ-ဂျပန် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Srettha Thavisin (Photo: KAZUHIRO NOGI/Pool via REUTERS/FILE PHOTO)

 

Myanmar
Thailand
Online fraud
china

Share With
bap-logo